Episode (33)

4.2K 463 22
                                    

ခပ်တိုးတိုးပျံ့လွင့်နေသည့် စန္ဒယားသံမှာ ယခုကဲ့သို့ မိုးတစိမ့်စိမ့်ရွာသွန်းနေသော အခြေအနေနှင့် လိုက်ဖက်လွန်းသည် ။ မှန်ချပ်များကနေ တစ်ဆင့်မြင်နေရသော ပြည်လမ်းမကို အပေါ်စီးကနေ ငေးမောကြည့်ရသည်ကလည်း တစ်မျိုးတစ်မည် ကြည်နူးဖို့ကောင်း၏ ။ မိုးရေထဲတွင် ဖြတ်သန်းသွားသည့် ကားကြီးကားငယ် အသွယ်သွယ် ၊ ပလက်ဖောင်းပေါ် ထီးကိုယ်စီနှင့် လမ်းလျှောက်နေကြသည့်
လူများ ၊ ကားမှတ်တိုင်တွင် မိုးခိုနေကြသူအားလုံးကို သေချာစွာ ငေးကြည့်မိ၏ ။ လက်ဝဲ သူ့ရှေ့မှ အငွေ့တလူလူထွက်နေသည့် ကော်ဖီခွက်အား ယူလိုက်၍ အနည်းငယ် သောက်ကြည့်လိုက်ပြီးတော့ ကျေနပ်သဘောကျသည့် အရိပ်အယောင်များက မျက်နှာတွင် ပေါ်ပေါက်လာသည် ။ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် တေဇက

" အရသာ ဘယ်လိုနေလဲ... မိုက်လား ၊ ငါတို့ဆိုင်က ကော်ဖီနဲ့ ဘာကွာလဲ "

လက်ဝဲ တေဇကို လက်တစ်ဖက်ထောင်ပြကာ ကော်ဖီကို နောက်ထပ်တစ်ခါ ထပ်သောက်ပြန်သည် ။

" တကယ် ကောင်းတယ် ၊ အရသာက စိမ့်နေတာပဲ ၊ ငါတို့ဆိုင်နဲ့ ဘာကွာလဲဆိုရင် ဈေးနှုန်းကွာတာပေါ့ "

တေဇက လက်ဝဲကို မကျေနပ်သောမျက်နှာထားနှင့် လှမ်းကြည့်ကာ

" အဲဒါတော့ မင်း ပြောမှလား ၊ ဈေးကွာတာကတော့ ငါလဲ သိတာကို ၊ အရသာကို မေးနေတာလေ...အရသာ ဘယ်လိုနေလဲ "

" အရသာက စိမ့်တယ်လို့ ငါ ​ပြောပြီးပြီလေ ၊ ငါက ကော်ဖီနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်လဲ မဟုတ်ဘူး ၊ တိတိကျကျကြီးတော့ ငါလဲမပြောတတ်ဘူးလေ "

တေဇက ဟမ်ဘာဂါကို တစ်ကိုက်ကိုက်လိုက်ပြီးတော့ လက်ဝဲမျက်နှာ စိုက်ကြည့်လိုက်၏ ။ ပါးစပ်ထဲရှိ မုန့်ကိုမျိုချ၍ ရေအနည်းငယ်သောက်ပြီးတော့မှ

" နန်းငွေနှင်းဖြူ ဆိုတာ ယာယာနဲ့ မိဘချင်းသဘောတူထားတဲ့ မိန်းကလေးလား ...လက်ဝဲ... "

ထူးထူးထွေထွေဘာမှ မပြောဘဲ ခေါင်းသာညိတ်ပြသည် ။ လက်ဝဲက သိပ်ထိန်းချုပ်နိုင်သည် ။ ယခုလည်း လက်ဝဲ၏ မျက်ဝန်းထဲတွင် ဘာအရိပ်အယောင်မှ ရှိမနေပေ ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now