Episode (23)

4.8K 529 4
                                    

ဒေါ်မိုးမေ အလှူလုပ်သည့်ကိစ္စကို ကူညီပေးပြီးချိန်မှစ၍ လက်ဝဲတို့ မိသားစုနှင့် သော် အတော်လေး ခင်မင်လာခဲ့ကြသည် ။ ဂုဏ်မက်သည့် ​ဒေါ်မိုး​မေအတွက် သော်သော်နေခဆိုသည်မှာ အဖိုးတန်လွန်းသည့် ရတနာတွင်းတစ်ခု ။ သော့်ကို မည်ကဲ့သို့ သဘောထားထား လက်ဝဲနှင့်မဆိုင်၍ သိပ်အာရုံမရှိသော်လည်း ယာယာကို ဇွတ်ကြီး သော့်အနားကပ်ခိုင်းသည်ကိုတော့ မကြိုက်  ။

သော်ကလည်း ထိုအကြောင်းကို ရိပ်မိ၏ ။ သော် ကျွမ်းကျင်သော ပညာရပ်များထဲတွင် လူကဲခတ်ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည် ။ အထူးသဖြင့် ​သော် နှစ်သက်သ​ဘောကျရသော လက်ဝဲအ​ပေါ်တွင် ထားရှိသော ဒေါ်မိုးမေ၏ စိတ်သဘောထားကို မနှစ်မြို့ချေ ။ ဒေါ်မိုးမေ၏ ဖောက်ရန်ပြင်နေသော ရွှေလမ်းငွေလမ်းများကို ကြိုပိတ်ပစ်လိုက်၏ ။ သော့်ပါးစပ်ဖျားကနေ ယာယာကို မောင်လေးတစ်ယောက်လို သ​ဘောထားကြောင်း မကြာခဏပြောသည့်အခါဝယ် ဒေါ်မိုးမေ စိတ်ကူးထားသမျှက သဲထဲရေသွန် ဖြစ်သွားရသည် ။

ယခုဆိုလျှင် ​သော်က တေဇနှင့်ပါ ခင်မင်နေပြီ ။ တေဇကလည်း
သော့်ကို ခင်မင်ရင်းနှီးသည် ။ အပေါ်ယံကြည့်လိုက်လျှင် မာနကြီးသည်ဟုထင်ရသည့် သော်က အတွင်းစိတ်သိပ်လှ၏ ။ သူနှင့်ယှဉ်လျှင် အခြေအနေကွာခြားသည့် သူများအပေါ်မှာ အဆင့်အတန်းမခွဲခြားဘဲ ဖေးဖေးမမ ဆက်ဆံပေးတတ်သည်ကတော့ လေးစားစရာအကောင်းဆုံးအချက်ဟုပင် ပြောရမည် ။ သော်က သူ့အနားရှိလူများကို ကူညီစောင့်ရှောက်ပေးတတ်သည့် မိန်းကလေးမျိုး ။

အိမ်တွင်သာ အချိန်ကုန်တတ်သည့် ယာယာကို ယခုအတိုင်း မနေနှင့်ဆိုပြီး အလှူသွားလုပ်ကြလျှင် ပါအောင်ခေါ်တတ်သေးသည် ။ ယာယာ့ပါးစပ်ဖျားကနေ မမ ၊ မမသော်ဆိုသည့် စကားစုက မကြားချင်မှ အဆုံးပင် ။

စတော်ဘယ်ရီမစ်ခ်ရှိတ် တစ်ခွက်စ်ီကို ​ရှေ့မှာထားပြီး စကားပြောနေကြသည့် လက်ဝဲ ၊ တေဇ ၊ ယာယာနှင့် သော် ။ သုံးယောက်က စကားတပြောပြော ဖြစ်နေကြသော်လည်း ယာယာကတော့ သူ့အအေးခွက်လေးကိုသာ အာရုံအပြည့်ထားထားသည် ။ ကိုကို့ဆိုင်မှာရောင်းတဲ့ အအေးက သိပ်ပြီး သောက်ကောင်းတာ။ အချိုနည်းနည်းပေါ့တာလေး တစ်ခုသာ ပြောစရာရှိသည် ။ သောက်ရင်းနှင့်ကို ယာယာ အအေးခွက်က ကုန်သွားသည့်အခါမှာ ယာယာ မျက်လုံးက လက်ဝဲ၏ အအေးခွက်ဆီ ရောက်ရှိသွားတော့သည်။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now