Episode (20)

5.6K 581 19
                                    

စတိတ်စင်ပေါ်မှာ စကားပြောနေသည့် အမျိုးသားလေးဆီမှ သော်သော်နေခ အကြည့်ခွာ၍မရ​ချေ ။ စကားပြောသည်မှာလည်း တိကျသလို အသံမှာလည်း ယုံကြည်မှုအပြည့်ရှိသည်ကို ခံစား​မိသည် ။ မျက်နှာသွင်ပြင်ကလည်း တော်တော်လေးကို ကြည့်ကောင်းသည့်အထဲတွင်ပါ၏ ။ အင်္ကျီအနက်နှင့်ဘောင်းဘီအနက်သည် ထိုအမျိုးသား၏ ကိုယ်ပေါ်၌ လိုက်ဖက်လွန်းစွာ တည်ရှိနေသည် ။ စကားပြောလျက်က လှုပ်ရှားလိုက်သည့် လက်ဟန် ၊ ဆံပင်လေးကို သပ်တင်လိုက်ဟန် ၊ စင်အောက်မှာ ထိုင်နေသည့် ပရိသတ်ကို ဝေ့ကြည့်ဟန် အရာအားလုံးသည် ကြည့်၍ကောင်းနေ၏ ။

လူငယ်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဖေဖေ့ကိုယ်စား တက်ခဲ့သည်က မှန်သွားသလိုပင် ။ ​​သော်၏ ဖခင်မှာ စီးပွားရေးလောက၌ ဦးနေခဆိုသည့် အမည်ကောင်းနှင့် ကျော်ကြားသူ ။ ယခုလိုပွဲမျိုးဆိုလျှင် ဦး​နေခ မအားသည့်အခါ သော်သော်နေခ တက်ပေးရတတ်သည် ။

စကားပြောပြီးသည့်အခါ စင်အောက်ဆင်းလာပြီး စားပွဲဝိုင်းတစ်ခုစီ ဦးတည်သွားသည့် အမျိုးသားလေး ။ သော်သော်နေခ ထိုင်နေသည့် VVIPဝိုင်းကနေဆိုလျှင် ထိုအမျိုးသားထိုင်နေသည့် စားပွဲဝိုင်းကို ရှင်းရှင်းလင်းလင်း မြင်ရသည် ။ သော်သော်နေခ မျက်လုံးများကသာ ထိုအမျိုးသားဆီမှ မခွာနိုင်သော်လည်း လက်ဝဲဘုန်းပိုင်ဟု အမည်ရသည့်သူကတော့ အကြည့်ငြိမ်လှ၏ ။ ဟိုသည်လျှောက်ကြည့်မနေ ။ စင်ပေါ်၌ စကားပြောနေသည့် သူကိုသာ အာရုံအပြည့်ပို့ထားလျက် ရှိနေသည် ။

သော်လက်လေးများသည် လက်ဝဲဘုန်းပိုင်ဆိုသည့် နာမည်လေးကို ရိုက်နှိပ်ပြီး ရှာဖွေလိုက်သည် ။ ဓာတ်ပုံများများစားစားမရှိ ။ မိသားစုပုံလေးတစ်ပုံနှင့်  ထိုမိသားစုဓာတ်ပုံထဲမှာပါသည့် ​ကောင်လေးနှင့် တွဲရိုက်ထား​သော ပုံ​လေးသာရှိ၏ ။ ညီအစ်ကိုများလားဟု ​တွေးမိ​သော်လည်း ထိုအ​​တွေးကို ပယ်ဖျက်လိုက်ရသည် ။ ရုပ်ချင်းမှ မတူတာ ။

စင်မကြောက်တတ်သည့် သော် ယခုတော့ စင်ပေါ်တက်ရမည်ကို လန့်သလိုလို ရှိနေသည် ။ စင်ပေါ်ကိုပဲ အာရုံစိုက်ထားသည့် အမျိုးသားလေး၏ အာရုံသည် သော်ထံ ရောက်နေမည်လေ ။ ခြေဖျား လက်ဖျားများပင် အေးစက်လာသည် ။ အဲကွန်း၏ အအေးချိန် များနေ၍များလား ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now