Episode (13)

5K 595 11
                                    

နံနက်​စောစောငါးနာရီခန့်မှစ၍ ခပ်ဖွဲဖွဲရွာနေသော မိုးသည် ယခုတော့ တိတ်သွားချေပြီ ။ သို့သော် နေရောင်တော့ မရှိသေးဘဲ မိုးအုံ့နေဆဲဖြစ်နေ​သေး၏် ။ ကြည့်ရ မြင်ရသည်မှာ ရာသီဥတု အခြေအနေကြောင့် ဘယ်ကိုလွမ်း၍လွမ်းရမှန်းမသိ ။

ကားနောက်ခန်းထဲတွင် ကျုံ့ကျုံ့လေးထိုင်နေသည့် ယာယာလက်လေးက လက်ဝဲ၏လက်ကို ကိုင်ထားဆဲ ။ ကျောင်းရှေ့ ကားရပ်ထားသည်မှာလည်း တော်တော်ကြာနေပြီ ။ ကျောင်းသားကျောင်းသူများလည်း မရှိသလောက်နည်းပါးသွား​လေပြီ ။ မနက်ခုနှစ်နာရီထိုးဖို့ ဆယ်မိနစ်ခန့်သာ လိုတော့၏ ။ ဦးဘုန်းပိုင် ကားနောက်ခန်းဘက်ကို လှည့်ကြည့်ပြီး

" သားငယ်လေး ကိုကို့ကို လက်လွှတ်ပေးလိုက်တော့လေ ၊ ကျောင်းရှေ့မှာ လူတောင်မရှိတော့ဘူး ၊ ကိုကို ကျောင်းနောက်ကျလိမ့်မယ် "

" ဟင့်အင်း "

အားနှင့်ကိုင်ထားသောကြောင့် လက်ဝဲ၏လက်သည် နာကျင်လာသလို​ပင်။ အရိုးထဲက အားရှိသည်ဆိုသော စကားသည် ယာယာကို ရည်ရွယ်ဟန်တူသည် ။ မိုးအေးသောကြောင့် နှာလေးကလည်း တရှုံ့ရှုံ့နှင့် ။ လက်ဝဲ အားသည့်လက်တစ်ဖက်နှင့် ကျောပိုးအိတ်ထဲမှ တစ်ရှူးတစ်ရွက် ထုတ်ယူပြီး နှာခေါင်းလေးကို ညစ်ပေးလိုက်ပြီး

" ကိုကို ကျောင်းနောက်ကျတော့မယ် ယာယာ ၊ ကိုကို့လက်ကို လွှတ်ပေးနော် "

" ဟင့်အင်း...လို့ "

ယခင်က လက်ဝဲ စကားဆိုလျှင် တသွေမတိမ်းနားထောင်တတ်သည့် ကလေးလေးသည် ယခုတော့ ငြင်းပယ်နေ၏ ။ ကျောင်းအပြင်ဘက်တွင်လည်း တဖြည်းဖြည်း လူနည်းလာသည် ။

ဦးဘုန်းပိုင် သားနှစ်ယောက်ကိုကြည့်ပြီး

" သားငယ်လေး "

ခေါ်သံကြားတော့ ငိုမဲ့မဲ့မျက်နှာလေးနှင့် ဦးဘုန်းပိုင်ကို လှမ်းကြည့်သည် ။

" သားငယ်လေးက ကိုကိုနဲ့ အိပ်ချင်လား "

" ဟုတ်ကဲ့ "

" အဲဒါဆို ဖေဖေက သားငယ်လေး ကိုကိုနဲ့ အိပ်လို့ရအောင် မေမေ့ကို ပြောပေးမယ် ၊ ကိုကို့ကို လွှတ်ပေးလိုက်တော့ "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now