Episode (2)

10.7K 780 2
                                    


အလင်း၏ လက်မောင်းပေါ်သို့ ခပ်ဖွဖွ ထိတွေ့လာသော လက်တစ်ဖက်။ သတိနှင့်အိပ်တတ်သော အလင်း၏ မျက်ဝန်းများသည် ချက်ချင်း ပွင့်လာ​၏ ။ ဘေးကိုကြည့်မိတော့

" အလင်း ကြီးကြီး ဈေးသွားတော့မယ် ၊ အငယ်လေးတွေကိုကြည့်ထားနော် "

ခေါင်းရင်းက နာရီကို လှမ်းကြည့်မိတော့ နံနက်ခြောက်နာရီထိုးနေပြီဟု နာရီလက်တံများက ညွှန်ပြနေလျက် ။

" ဟုတ်ကဲ့...ကြီးကြီး စိတ်ချသွားနော် ၊ သားကြည့်ထားမယ် "

ိုကြီးကြီးက ညင်ညင်သာသာ ခေါင်းညိတ်ပြပြီး အိပ်ခန်းထဲမှ ထွက်သွားလေသည် ။ အလင်းသည် အိပ်ရာထဲတွင် အချိန်ဖြုန်းသော အကျင့်မရှိ ။ နိုးတာနှင့် တန်းထပြီး ခြုံထားသော စောင်ကို ညီညီညာညာခေါက်၍ ခေါင်းရင်းတွင် စနစ်တကျလေး ထားလိုက်ပြီး စောင်ပေါ်တွင်တင်မည့် ခေါင်းအုံးကိုလည်း ပုံစံတကျဖြစ်​စေရန် လက်နှင့် အနည်းငယ် ဟိုဘက်ပုတ်လိုက် ဒီဘက်ပုတ်လိုက် ထပ်လုပ်လိုက်သေးသည် ။ ဘေးနားမှာ အိပ်နေသော ကလေးများကတော့ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ ။ အလင်းတို့၏ ဂေဟာလေးသည် သစ်ပင် အရိပ်အာဝါသရှိသော ခြံထဲတွင်​ဆောက်ထားသည်ဖြစ်​သော​ကြောင့် နွေရာသီတွင်လည်း သိပ်မပူပေ ။ ညနက်သည့်အခါများတွင် အနည်းငယ် အေးတတ်သောကြောင့် ကြီးကြီးက ကလေးများကို စောင်ပါးလေးများ ခြုံပေးရသည် ။

ခေါင်းရင်းတွင် ထားထားသော သွားတိုက်တံကိုယူပြီး ရေကန်ဆီသို့ အလင်းထွက်ခဲ့လိုက်သည် ။ မျက်နှာကို ဆပ်ပြာနှင့်ခပ်မြန်မြန်သစ်လျက် သွားကိုလည်း မြန်မြန်ဆန်ဆန်ပဲ တိုက်လိုက်လေသည် ။ အလင်းတို့၏ ဂေဟာကို ထောက်ပံ့ပေးမည့် သူများက ယနေ့ လာရောက်ကြမည် ။ ကျောင်းတက်နေသော ကလေးများအတွက် ကျောင်းစိမ်းအဝတ်အစားများအပြင် စာအုပ်များ ၊ ကျောင်းသုံးပစ္စည်းများကိုပါ လှူဒါန်းမည့်အကြောင်း ကြီးကြီးတို့ ပြောနေသည်ကို အလင်းကြားရကတည်းက ယနေ့ကို မျှော်လင့်နေခြင်းဖြစ်သည် ။ အလင်း၏ ကျောင်းစိမ်းဝတ်စုံလေးများမှာ တော်တော်လေး ဟောင်းနွမ်းလျက် ရှိနေပြီ ။ လေးတန်းတက်လျှင် ဝတ်စုံအသစ်ဝတ်ရမည့် အကြောင်းကို ကြိုတွေးမိပြီး အလင်း စိတ်လှုပ်ရှား​နေမိသည် ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now