Episode (28)

4.2K 450 16
                                    

" ဟယ်လို "

" ဟယ်လို... သော် ၊ ဒီနေ့ နေ့လယ်ချိန်းထားတာကို မေ့နေမှာစိုးလို့ ကျွန်​တော် ဖုန်းဆက်လိုက်တာ"

" မမေ့ပါဘူး လက်ဝဲရဲ့ ၊ သော် မှတ်ထားပြီးသားပါ ၊ ဒါနဲ့ လက်ဝဲတို့ဆိုင်ရောက်မှ သော် နေ့လယ်စာ စားမှာနော် ၊ လက်ဝဲကျွေးရမှာ "

" ကျွေးပါတယ် သော်ရာ ၊ တေဇကတော့ ဒီနေ့ မအားလို့ မလာဖြစ်ဘူး ၊မအားဘူးဆိုတာက သူ့အဖေအလုပ်ကိုလုပ်ပေးရမှာမို့ပါ ၊ သော့်ကို မလေးစားလို့ မဟုတ်ဘူးနော် "

" အမယ်လေး...လက်ဝဲရယ် ၊ သော်နားလည်ပါတယ် ၊ ဒါနဲ့ ယာယာလေးကိုပါ ခေါ်ခဲ့ပါလား ၊ ခရီးကပြန်လာကတည်းက မတွေ့ရသေးတာလေ ၊ မမ​သော်က ယာယာ့ကို တွေ့ချင်တယ်လို့ ပြောပေးနော် "

" ကျွန်တော် ယာယာကို မေးကြည့်ပေးမယ် ၊ သူ အပြင်ကို သွားစရာမရှိဘူးဆိုရင်တော့ ခေါ်လာခဲ့မယ်လေ "

" ဟုတ်ပြီ...ဟုတ်ပြီ ၊ အဲဒါဆိုရင် နေ့လယ်တွေ့ကြမယ်လေ ၊ သော် ဖုန်းချပြီနော် "

" ဟုတ်ကဲ့...သော် "

ဖုန်းကျသွားသည်နှင့် လက်ဝဲ သူ့လက်ထဲရှိဖုန်းကို စားပွဲခုံပေါ်တင်လိုက်သည် ။ ထို့နောက် သက်ပြင်းရှည်ကြီးတစ်ချက် ချမိသွား၏ ။

ယခုတလော လက်ဝဲ ယာယာကို ရှောင်နေမိသည် ။ အနေနီး၍ ရင်ခုန်ခြင်းဖြစ်မည်ဟု ကိုယ့်ကိုယ်ကိုယ် လိမ်လည်ရင်းနှင့်ပေါ့ ။ သို့ရာတွင် မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာပေ ။ လူချင်းတွေ့ရမှမဟုတ် ၊ ယာယာဆိုသည့် အမည်နာမလေးကပင် လက်ဝဲ၏ နှလုံးခုန်သံကို လှုပ်ခါစေသည် ။

အရင်လိုဆိုရင်တော့ တစ်ဖက်ခန်းမှာရှိနေတဲ့ ယာယာဆီ သွားပြီး အပြင်လိုက်ခဲ့မလားလို့ ရဲရဲတင်းတင်းသွားမေးမိမှာပဲ ။ ယခုတော့ အိပ်ခန်းအတွင်း ဟိုဘက်သည်ဘက် လမ်းလျှောက်နေသည်မှာ ငါးကြိမ်ခန့်ရှိပြီဖြစ်၍ ခေါင်းတောင် နည်းနည်းမူးချင်လာသည် ။

မှန်တင်ခုံရှေ့ ရပ်မိတော့ မှန်မှာပေါ်နေသည့် ကိုယ့်ရုပ်ကိုကြည့်ပြီး တုန်လှုပ်မိရသည် ။ အဝတ်ကောင်းကောင်းဝတ်ထားသော်လည်း ညိုးငယ်နေသည့် မျက်နှာထားနှင့်သာ ။ ပုံသွင်းထားသည့်ဆံပင်ကို လက်နှင့် ထိုးဖွလိုက်ပြီး နာနာကျင်ကျင် ရယ်မိသွားတော့သည် ။ ဒီလိုပုံစံ ဒီလိုအခြေအနေမျိုးကို မျှော်လင့်ခဲ့တာမှ မဟုတ်တာ ။ လက်ဝဲ မျှော်လင့်ခဲ့တဲ့ စံပြဘဝက အခုလိုပုံစံမှ မဟုတ်တာ ။ သင့်တော်တဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်မယ် ။ သားသမီးလေးတွေမွေးမယ် ။ မိသားစုရေးရော စီးပွားရေးကိုပါ အောင်မြင်အောင် အစွမ်းကုန်ကြိုးစားမယ် ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now