Episode (17)

4.9K 600 31
                                    

ထမင်းစားခန်းထဲ၌ မျက်နှာချင်းဆိုင်ထိုင်နေကြသည့် လူလေးယောက် ။ လူကြီးနှစ်ယောက်က တစ်ဖက် ၊ လူငယ်နှစ်ယောက်ကတစ်ဖက် ။ ထိုအထဲမှာမှ ယာယာ၏အာရုံအားလုံးသည် သူ့ရှေ့ရှိ ကြွေဇလုံအကြီးထံတွင် အပြည့်အဝရောက်ရှိနေသည် ။ လက်ကလည်း အငြိမ်မနေဘဲ ဇလုံထဲရှိ နို့စိမ်းခေါက်ဆွဲရည်ထဲမှ ကြက်သားဖတ်များကို ဆယ်ယူ၍ သူ့ဘေးရှိ လက်ဝဲ၏ ပန်းကန်ထဲသို့
ထည့်ပေးနေသည် ။

ဒေါ်မိုးယုခင် ချောင်းတစ်ချက်ဟန့်လိုက်မှ ယာယာ၏အာရုံသည် ဟင်းရည်ပန်းကန်ထံမှ မျက်နှာချင်းဆိုင်ရှိ မိခင်ဖြစ်သူထံ ရောက်ရှိလာပြီး ဟီးခနဲ တစ်ချက်ရယ်ပြလေသည် ။ ထို့နောက်တွင်မူ လက်ဝဲ၏ပန်းကန်ထဲသို့ ထပ်ထည့်ရန် ရည်ရွယ်ထားသော ကြက်သားဖတ်များကို ဒေါ်မိုးယုခင်၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏ ။
မနာလိုစိတ်ကြောင့် မဟုတ်ဘဲ ယာယာကို စနောက်ချင်စိတ်ကြောင့်သာ ထိုသို့ပြုမှုလိုက်ခြင်းဖြစ်သည် ။

ယာယာ၏ပုံစံလေးကြောင့် လက်ဝဲ နှစ်နှစ်ကာကာပြုံးမိသွား၏ ။

ဒေါ်မိုးယုခင်အကြည့်က လက်ဝဲဆီရောက်ရှိသွားပြီး တစ်ခုခုစဉ်းစားမိဟန်ဖြင့် ငြိမ်သက်သွားသည် ။ သက်ပြင်းတစ်ချက်ချ၍

" သားလေး... ကိုကိုနဲ့ အခန်းခွဲအိပ်ရတော့မယ်နော် "

" အိပ်ပါဘူး "

ငြင်းဆန်မည်ကို ကြိုတင်သိပြီးသားပင် ။

" ဘာအိပ်ပါဘူးလဲ ၊ မေမေ ကြိုပြောထားပြီးသားလေ ၊ ကိုကို ဆယ်တန်းတက်ပြီဆိုတာနဲ့ အခန်းခွဲအိပ်ရမယ်လို့ ၊ မေမေ့ကို ကတိပေးထားတာကို မေ့လိုက်ပြီလား... သားငယ်လေး "

နို့စိမ်းခေါက်ဆွဲကို စားနေသည့် ယာယာ မိခင်ဖြစ်သူ စကားကြောင့် မျက်နှာက မဲ့လာတော့၏ ။ ဦးဘုန်းပိုင်ကတော့ ထိုကိစ္စ​ပြောလိုက်လျှင် သားငယ်​လေး ငြင်းဆန်မည်ကို ကြို​တွေးပြီးသားပင်။ ဝင်ပြောလို့်ကလဲ မဖြစ် ။ မိုးက သားလေးကို ဆုံးမစကားပြောဆိုနေသည့်အချိန် သားလေးဘက်ကပါပြီး ပြောသည်ကို မကြိုက်တတ် ။

ကြက်သားကို နို့စိမ်းများများနှင့် ချက်ထားသော ဟင်းရည်သည် လက်ဝဲ ပါးစပ်ထဲ၌ ဘာအရသာမှမရှိ​ ဖြစ်သွားခဲ့၏ ။ သိပ်မကြာခင်က ထိုခေါက်ဆွဲကို လက်ဝဲ နှစ်နှစ်ခြိုက်ခြိုက် စားခဲ့​သေးသည် ။ ချက်ချင်းကြီး အရသာ ​ပြောင်းသွားရသလား ။ အပေါ်ယံ ဘာမှ မဖြစ်သလို ဟန်ဆောင်နေရသော်လည်း  ခုံအောက်တွင် ဘယ်ဘက်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်မိလျက် ။ ဘာတတ်နိုင်မည်နည်း ။ ဤအိမ်တွင် လက်ဝဲဆိုသည်မှာ ဘာဖြစ်ချင်ပါသည်ဟု ပြောခွင့်မရှိသည့် လူတစ်ယောက်သာ ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now