အပိုင်းနှစ်ဆယ့်ငါး ( ဒုတိယပိုင်း )

1.3K 277 4
                                    

Burmese Translation of "After Marrying The Male God".
Translator - ScartletAnemone
___________

အနုပညာလောကက ပကာသနတွေနှင့် ပြည့်နေတာဖြစ်သည်။ သူမမှာ ရည်မှန်းချက်လည်းရှိသလို အရည်အချင်းလည်းရှိပြီး၊ ထိုလောကထဲမှာ ကျင်လည်ဖို့ရာအတွက် အလွန်သင့်တော်သည့်သူဖြစ်သည်။

သို့သော် အထက်သို့ ထပ်ပြီး‌တော့ တက်နိုင်မည့် အခွင့်အရေးမှန်သမျှကို သူမလက်လွှတ်မခံနိုင်ပေ။ ချင်ယိရုံက ခေါင်းပြန်လှည့်ပြီးတော့ ဘောပင်ကိုမကာ အဖြေကို တမင်တကာ မှားအောင်လို့ ပြန်ပြင်လိုက်၏။

မေးခွန်းအားလုံးကို မှန်အောင်ဖြေနိုင်တာက သေချာပေါက်ကို ကောင်းမွန်သည့် အကြံအစဉ်ဖြစ်သော်လည်း၊ အမှားတွေကိုလုပ်မိသည့် သူတွေကသာ ပိုပြီးတော့ screen time ရကြတာပဲလေ… ဟုတ်တယ်မလား။
ယုယင်က တစ်ချိန်လုံးလိုလို စကားလည်းမပြောဘဲ ခေါင်းချည်းသာငုံ့ထားခဲ့ပြီး၊ သူ့ရဲ့တည်ရှိမှုက မရှိသလောက်ကို ဖြစ်နေခဲ့သည်။

သူကတကယ်ကို သတိထားမိစရာ ဖြစ်နေခဲ့၏။

ရသစုံရှိုးမှာ ပါဝင်ရိုက်ကူးနေသော ဧည့်သည်တစ်ယောက်အနေနှင့်၊ သူ့ရဲ့သရုပ်ဆောင်မှုက လုံးဝကို စံနှုန်းနှင့်ကိုက်ညီမှုမရှိပေ။

ချီပိုင်ချာက စင်မြင့်ထက်ကနေ ဆင်းပြီးတော့၊ ယုယင်၏ခုံဘေးမှာ ရပ်ကာ စားပွဲခုံကို ခေါက်လိုက်သည်။

ယုယင်က ကြောင်အမ်းအမ်းဖြင့် မော့ကြည့်လာခဲ့၏။

သူ့ရဲ့စိုစွတ်နေသော မျက်ဝန်းများထဲမှာ ဝေဝါးနေသော မြူတစ်လွှာ လွှမ်းခြုံထားခဲ့ပြီး၊ အသက်မပါသလို ဖြစ်နေပြီးတော့ အပြစ်လည်း ကင်းစင်နေခဲ့သည်။

“မေးခွန်းတွေကို မဖြေဘူးလား…
ကျောင်းသားယွီ” ချီပိုင်ချာက မေးလိုက်သည်။

ယုယင် : “…”

သူက လူသားတွေနှင့်ဆက်ဆံရာမှာ သိပ်ပြီးတော့ မကောင်းပေ၊ စကားပြောတာဆို ပိုဆိုးရောပေါ့။

မရင်းနှီးသော လူသားများက သူ့ကို ကြောက်ရွံ့စေခဲ့သည်။

သို့သော် ချီပိုင်ချာမှာ သူသဘောမကျသော လူသားအနံ့မရှိပေ၊ ထိုအစား ပေါ့ပါးကာ နူးညံ့ပြီး သက်သောင့်သက်သာရှိသော အရောင်အဝါက သူ့ကို စိတ်သက်သာရာရစေခဲ့သည်။

ထိုဟာက ပင်လယ်ကြီး၏ဝန်းရံခြင်းကို ခံထားရသလို နူးညံ့မှု့မျိုးမဟုတ်ဘဲ၊ နှင်းတို့၏ ပိုက်ထွေးခံထားရသလို လတ်ဆတ်သောခံစားချက်နှင့် ပိုတူနေခဲ့သည်။

Sirenကဲ့သို့သော သွေးအေးသတ္တဝါအတွက်တော့ ထိုကဲ့သို့သော ခံစားချက်က နွေနေ့လည်ခင်းတစ်ရက်မှာ လူတစ်ယောက်အား အဲယားကွန်းဖွင့်ထားသော အခန်းထဲကို ပစ်ထည့်လိုက်သကဲ့သို့ပင်၊ ချက်ချင်းဆိုသလို သူ့တစ်ကိုယ်လုံးအား သက်သောင့်သက်သာရှိသွားစေခဲ့သည်။

Sirenပေါက်စလေးက သူ့ရဲ့အကာအကွယ်ကို ဖြေလျော့လိုက်ပြီး၊ အနားသို့တိုးကပ်သွားချင်စိတ်တွေ ထိန်းမနိုင်ဘဲ ဖြစ်လာခဲ့သည်။

ယုယင်က ခေါင်းကိုငုံ့လိုက်ပြီးတော့၊ အတန်းထဲကို စဝင်လာချိန်ကတည်းက ပြောမိသော ပထမဆုံးစကားကို တိုးတိုးကလေးဆိုလိုက်သည်။ “ကျွန်‌တော်… ဘယ်လိုဖြေရမလဲဆိုတာ မသိဘူး”

“ဆရာ… ကျွန်တော်လည်းမသိဘူး”

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now