အပိုင်းသုံးဆယ့်သုံး

1.2K 246 3
                                    

Burmese Translation of “After Marrying The Male God”.

Translator – ScartletAnemone

အပိုင်း၃၃ - ရေချိုးခန်း
______________

“ဒီအထိ‌တောင် ရောက်ပြီးမှတော့”

--------------

“အရမ်းမိုက်တာပဲ… ကိုယ့်လူတို့ … မင်းတို့နှစ်ယောက်စလုံး ဂရင်းနစ်စံချိန် မှတ်တမ်းတင်ထားတဲ့… ကမ္ဘာ့စံချိန်ကိုတောင်မှ ချိုးလိုက်နိုင်တာပဲ” ကျန်းယန်က နှစ်ထောင်းအားရစွာဖြင့်ဆိုလိုက်သည်။

“ ဂရင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတဲ့လား” ဖူမင်ယယ်ခမျာ နားမလည်နိုင်ဖြစ်သွားရ၏။
အဲတာဘာကြီးလဲ။

လူသားလောကမှာ သုံးနှစ်လုံးလုံး အခြေချနေထိုင်ခဲ့ပြီးတာတောင်မှပဲ လူသား‌မျိုးနွယ်၏အလေ့အထတွေနှင့် ဓလေ့ထုံးတမ်းတွေ၊ ပညာရေးဆိုင်ရာ ဗဟုသုတ‌တွေကို ဘာဆိုဘာမှမသိရှာသော လေထဲကနေပြီးတော့ ဟပ်ချလောင်းဆိုပြီး ရောက်ချလာခဲ့တဲ့ ဆိုးယုတ်ခြင်းနတ်ဘုရားကို အပြစ်ပြောလို့တော့မရပေ။

“ဒီမှာကြည့်လိုက်” ကျန်းယန်က အင်တာနက်ပေါ်ကနေရှာပြီးတော့ သူ့ကိုပြလာခဲ့သည်။

“ဂရင်းနစ်ကမ္ဘာ့စံချိန်မှာ မှတ်တမ်းတင်ထားတဲ့ တစ်မိနစ်အတွင်း လူနှစ်ယောက်ကြိုးခုန်တဲ့စံချိန်က 127 ကြိမ်ပဲ။ မင်းတို့တွေ စောနလေးတင် ခုန်လိုက်တာက 168 ကြိမ်တောင်ဆိုတော့ … အဲတာက နည်းနည်းလောက် … နည်းနည်းလောက်တော့ … သာမန်မဟုတ်ဘူးပေါ့” ကျန်းယန်က ပြန်ပြောင်းတွေးရင်းဖြင့် ပြောလိုက်သည်။

ဒါကြီးက တော်တော်ကြီးကို သာမန်မဟုတ်လွန်းသွားပြီ။

လူသားမျိုးနွယ်စု၏လုပ်နိုင်စွမ်းက အကန့်အသတ်ရှိသည့်။ တိကျတဲ့လယ်ဗယ်တစ်ခုကို ရောက်သွားပြီးနောက်မှာ ကြိုးကိုတစ်ကြိမ်လောက်ပဲ ထပ်ခုန်တာဖြစ်စေ၊ တစ်စက္ကန့်လောက်ပဲပိုပြီးတော့ ပြေးတာပဲဖြစ်စေ ဒါမှမဟုတ် ရေထဲကို နောက်ထပ်တစ်မီတာလောက်နက်အောင် ထပ်ပြီးတော့ ငုံ့တာပဲဖြစ်စေ၊ ထိုသို့လုပ်ခြင်းက ကောင်းကင်ပေါ်ကို တက်ရသကဲ့သို့ပင် အရမ်းခက်ခဲသွားပြီဖြစ်သည်။

ကျန်းယန်လည်း လူပုံစံမပြောင်းခင်တုန်းက တိရိစ္ဆာန်ဖြစ်ခဲ့တာဖြစ်ပြီး တိရိစ္ဆာန်တွေမှာလည်း အကန့်အသတ်ဆိုတာရှိ၏၊ ထို့ကြောင့်မို့ တစ်စုံတစ်ရာ၏အကန့်အသတ်အား ချိုးဖောက်ရခြင်း၏ခက်ခဲမှုကို သူလည်းပဲနားလည်၏။

သို့သော် နတ်ဘုရားတွေမှာတော့ ပြောရလျှင် အကန့်အသတ်ဆိုတာမရှိပေ။

ချီပိုင်ချာနှင့်ဖူမင်ယယ်တို့က ချက်ချင်းဆိုသလို စံချိန်အား အရမ်းမြင့်လွန်းအားကြီးသွားအောင် တင်ပစ်လိုက်ကြတာပင်။

ဒါရိုက်တာအုပ်စု၊ ရိုက်ကွင်းရှိဝန်ထမ်းများနှင့် ကျန်တဲ့ဧည့်သည်တွေအားလုံး တစ်ယောက်မျက်နှာတစ်ယောက် အံ့ဩတကြီးဖြင့် ကြည့်မိလိုက်ကြသည်။ ပြိုင်ပွဲမှာ ကြိုးကိုသုံးပြီးတော့ အကြိမ်ရေတွက်တာဖြစ်သည့်အပြင် လင်းထင်းနေသည့် နေ့ခင်းကြောင်တောင်ကြီးလည်းဖြစ်တာကြောင့် မှားပြီးတော့ ရေတွက်မိတာလည်း လုံးဝမဖြစ်နိုင်ပေ။

ဒါကတကယ်ပဲ အချမ်းသာဆုံးယောင်္ကျားနဲ့ အတွေ့အကြုံမရှိတဲ့လူသစ်ရဲ့ ကြံရာကျပန်းပေါင်းစပ်မှုရောဟုတ်ရဲ့လား … နိုင်ငံ့အားကစားအဖွဲ့ကနေပြီးတော့ သူတို့ကိုရန်စဖို့အတွက် ပို့လိုက်တဲ့ လက်ရွေးစင်ကစားသမားတွေ မဟုတ်ဘူးလား။

ဖူမင်ယယ် : “…” ဘယ်လိုလုပ်ပြီးတော့ ဒီလိုတွေဖြစ်သွားရတာလဲ။

သူတို့က လူသားမျိုးနွယ်၏အကန့်အသတ်ကို မတော်တဆ ချိုးဖျက်မိလိုက်ပြီပင်။
127 နှင့် 168က နတ်ဘုရား၏မျက်လုံးထဲမှာတော့ အတူတူပင်ဖြစ်၏။လူသားမျိုးနွယ်၏အကြောင်းကို သူသေချာနားမလည်ခင်တုန်းကဆိုလျှင် ယခုလို အနည်းငယ်သော အတိမ်းအစောင်းလေးဖြစ်အောင် ထိန်းချုပ်ဖို့ရာပင် ခက်ခဲခဲ့သည်။

နတ်ဘုရားတွေအတွက်တော့ ဤဟာက မပြောပလောက်သောအရာဖြစ်သော်ငြားလည်း လူသားတွေအတွက်က‌တော့ ကြီးကျယ်လှသော ကျော်လွှားမှုကြီးပင်ဖြစ်ချေ၏။

ဖူမင်ယယ်က အခုချိန်ထိကို ချီပိုင်ချာအား သံသဃမဝင်သေးပေ။ သူက ကြိုးလွှဲဖို့ရာအတွက် တာဝန်ရှိသူဖြစ်ပြီး၊ နတ်ဘုရား၏လက်အမြန်နှုန်းက လူသားတွေထက် အရှိန်အများကြီးသာ၏။ ချီပိုင်ချာက ကြိုးကိုတစ်ခါခုန်သည့် အချိန်အတွင်းမှာကို သူကကြိုးအား နှစ်ကြိမ်သုံးကြိမ်လောက်ထိကို လွှဲနိုင်၏၊ ထို့ကြောင့်မို့ ချီပိုင်ချာက အဆုံးထိလိုက်ပြီးတော့ ခုန်နိုင်တာ သိပ်ပြီးတော့မဆန်းပေ။

သူ့၏ကိုယ်ပိုင်စွမ်းအားကို ကြိုးလွှဲသည့်နေရာမှာ အပြည့်အဝ အာရုံစိုက်ထားခဲ့သောကြောင့်၊ ချီပိုင်ချာကလည်းပဲ တကယ်တော့ သူလွှဲသည့်အရှိန်နှင့်ကိုက်ညီအောင် သေချာလိုက်ပြီးတော့ ခုန်နေတာမှန်း သတိမထားမိခဲ့တာဖြစ်သည်။

ချီပိုင်ချာလည်း နည်းနည်းတော့ သံသဃဖြစ်မိသော်လည်း၊ မစ္စတာဖူအား သူကြည့်‌လေ့ရှိသည့် နှင်းဆီအနားကွပ်ထားသော ဖန်သားပြင်က အလွန်တရာမှကို ထူလွန်းအားကြီးတာကြောင့်၊ သူထိုအကြောင်းကို သေချာပြန်မတွေးဆတော့ဘဲ၊ သူ မျှော်လင့်ထားခဲ့သည့်အတိုင်းပဲ  သူ့ယောင်္ကျားက အရမ်းကိုအားကောင်းလွန်းတာကြောင့်ဟု တွေးလိုက်သည်။

အဆုံးမှာတော့ နတ်ဘုရား၏စိတ်ထဲမှာ 168ကြိမ်က လက်ရှိလူသားတို့၏အကန့်အသတ်ထက် နည်းနည်းအားကောင်းနေသော်လည်း၊ သိပ်ပြီးတော့ အားကောင်းနေတာတော့ မဟုတ်ပေ၊ သေသေချာချာကို ဇွဲနပဲဖြင့် လေ့ကျင့်ခန်းလုပ်မည်ဆိုလျှင် ဤကွာဟချက်လေးလောက်ကတော့ အသာလေးဖြည့်နိုင်၏။

နတ်ဘုရား‌များက အမှန်တကယ်ကိုပင် ထိုကဲ့သို့တွေးကြတာဖြစ်သည်။

လောကကြီးထဲမှာ အရည်အချင်းရှိသော လူတွေအများကြီးရှိပြီး၊ အောင်မြင်မှုအားလုံးကို လူတိုင်းက ရေးမချထားနိုင်သလို မှတ်တမ်းတင်နိုင်စွမ်းလည်းမရှိပေ။ ဒီတော့ ဖူမင်ယယ်၏အမြန်နှုန်းက အရမ်းကြီးလည်း လွန်ကြူးနေတာမဟုတ်ပေ။

လူတစ်ယောက်က ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ကို လမ်းပေါ်မှာတွေ့မိလျှင် သူတို့၏ပထမဆုံးသောတုံ့ပြန်ချက်က “သူမက ရှေးခေတ်ကနေပြီးတော့ အချိန်ကူးပြောင်းလာတာဖြစ်ရမယ်”ဟုဖြစ်ရမည့်အစား “သူမ ဇာတ်ကားရိုက်နေတာပဲဖြစ်ရမယ်” ဟုသာဖြစ်မှာပင်။  ဤဟာက ပုံမှန်အတွေးအခေါ်ပင်၊ အရှေ့ကဖြစ်နိုင်ချေက အရမ်းကိုနည်းလွန်းသည့်အပြင် သာမန်လူက ယုံကြည်မှာမဟုတ်ပေ။

နှင်းနတ်ဘုရားအတွက်တော့ “ငါ့ယောင်္ကျားကလည်း နတ်ဘုရားပဲ” ကဲ့သို့သော ‌ဖြစ်နိုင်ချေအနည်းငယ်ရှိသည့် အရာမျိုးက၊ သူဘယ်တုန်းကမှ မတွေးမိခဲ့သည့်အရာဖြစ်သည်။

သူ့ကဲ့သို့သောနတ်ဘုရားတွေကသာ သူ့မျက်လုံးအောက်ကနေပြီးတော့ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်စွမ်းရှိ၏။ သို့သော် ယနေ့ခေတ်လောကကြီးထဲမှာ မအိပ်စက်သေးသော နတ်ဘုရားက နှစ်ပါးသာ ကျန်ရစ်တော့တာဖြစ်သည်။ ကျန်တစ်ပါးက နှစ်ပေါင်းသောင်းနဲ့ချီပြီးတော့ အခန်းတွင်းအောင်းနေတဲ့၊ ‌အင်မတန်မှကို ပျင်းရိပြီး၊ လောကကြီးကို စိတ်ကုန်နေတဲ့ သတ်တမ်းရင့်နတ်ဘုရား၊ အသည်းနှလုံးမရှိတဲ့ ကာလနဂါး၊ ကြီးမြတ်လှသော အရှင်ဆိုးယုတ်ခြင်းနတ်ဘုရားပင်ဖြစ်ချေ၏၊ သူ၏အာရုံငါးပါးကို ပိတ်မထားတာကလွဲလို့ ထိုတစ်ယောက်က အိပ်စက်သွားကြသောသူ‌တွေနှင့် ကွာခြားမှုမရှိပေ။

ဘယ်လိုလုပ်ပြီးတော့ သူက လူ့လောကထဲကိုရောက်လာပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် သူ့ယောင်္ကျားဖြစ်လာနိုင်ချေရှိမှာလဲ။

စံချိန်ကိုချိုးဖောက်သွားသည့် အခိုက်အတန့်ကို မျက်မြင်ကြုံတွေ့လိုက်ရသော လူတွေခမျာ အချိန်တခဏလောက်ကြာအောင် ရှော့ရသွားခဲ့ကြ၍ တစ်ကြိမ်တောင်မှ မခုန်ခဲ့သော ယုယင်တို့အုပ်စုကိုပင် သိပ်ပြီးတော့ ဂရုမစိုက်နိုင်ခဲ့ကြပေ။

ပြိုင်ပွဲနှစ်ခုကို မနက်ခင်းမှာ ရိုက်ကူးပြီးသွားသော်လည်း နေ့လည်ခင်းမှာ ရိုက်ကူးရမည့် အပြေးပြိုင်ပွဲတစ်ခုကျန်နေသေးသည်။ ခြေသုံးချောင်းထောက်အပြေးပြိုင်ပွဲနှင့် လူနှစ်ယောက်ကြိုးခုန်ပွဲ နှစ်မျိုးစလုံးက ကာယစွမ်းရည်ကို အတော်အသုံးပြုခဲ့ရသော ပြိုင်ပွဲတွေဖြစ်သည်။

ဧည့်သည်အားလုံး နေ့ခင်းထမင်းစားချိန်မှာ ‌အနားယူပြီးတော့ သူတို့၏အား‌တွေပြန်ပြည့်လာချိန်ကြမှ နောက်ဆုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာမှာ မျှတမှုရှိမှာဖြစ်သည်။

ကွင်းထဲကနေ ပြန်လာပြီးနောက်မှာ ဖူမင်ယယ်က ချီပိုင်ချာကိုမေးလိုက်သည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now