အပိုင်းသုံးဆယ့်ရှစ်(ပထမပိုင်း)

1.1K 246 2
                                    

Burmese Translation of “After Marrying The Male God”.

Translator – ScartletAnemone
-----------
အပိုင်း ၃၈ - လူထုအမြင်
---------------

တရားမျှတမှုက ဘယ်မှာလဲ
--------------

ဒါရိုက်တာက လူငယ်လေး၏မျက်နှာလှလှလေးကို ကြည့်လိုက်ပြီးနောက် လုံးဝန်းနေ‌သော ပုလဲကိုကြည့်လိုက်သည်။

သူ၏တံတွေးကို အသံတိတ်မျိုချလိုက်မိ၏။ “ဟုတ်ကဲ့”

အုပ်ချုပ်ရေးကိစ္စတွေကို နေ့စဉ်နှင့်အမျှ စီမံခန့်ခွဲနေရသော မစ္စတာဖူက သူ့၏အစီအစဉ်အသေးစားလေးမှာ ဘာအတွက်ကြောင့်များ အထူးတလည် ပါဝင်လာခဲ့တာလဲဆိုတာကို သူရုတ်တရက်ကြီး သဘောပေါက်သွားမိသည်။

ဘာကို “အနုပညာလောကထဲ ခြေလှမ်းချဖို့အတွက်လဲ”၊ ဘာကို “ကျန်းယန်ကို သဘောကျမိလို့” လဲ။

တကယ့်ဗုဒ္ဓအစစ်က သူ့အရှေ့မှာထိုင်နေတဲ့ တစ်ယောက်လေ။

မစ္စတာဖူက ဟောဒီ့မစ္စတာချီနဲ့ ပါတနာလုပ်ချင်ပြီးတော့၊ သူ့နဲ့အတူ အဆောင်တစ်ခန်းတည်း နေရဖို့အတွက်တောင် အထူးတလည် ပြောခဲ့တာ မဆန်းတော့ပါဘူး။ အဲတာတွေအကုန်လုံးက သူ့ရဲ့ချစ်သူနဲ့ ဘဝအတွေ့အကြုံကို လာခံစားတာဖြစ်နေခဲ့တာပဲ။ တရုတ်ပြည်မှာ အချမ်းသာဆုံးယောင်္ကျားရဲ့ ဂုဏ်သရေရှိ ဇနီးလေးက ကျောင်းတစ်ကျောင်းက ကျောင်းဆရာတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။

ထိုသတင်းက သူ့ကိုအမှန်တကယ်ပင် ရှော့ရသွားစေကာ မူးနောက်လာစေခဲ့သည်။ သူ ရိုက်ကူးရေးလုပ်နေသည့် အတောအတွင်းမှာ ဤဗုဒ္ဓကို စိတ်မကျေမနပ်ဖြစ်အောင်များ လုပ်လိုက်မိသလားဆိုတာကို ပြန်တွေးလိုက်မိ၏၊ ကံကောင်းထောက်မလို့ သူမလုပ်မိခဲ့ဘူး။

ဒါရိုက်တာက သတိထား၍ပြောလိုက်သည်။ “ခဏလောက်လေးပါ … ကျွန်တော် ဖုန်းဆက်ချင်လို့ …” အတည်ပြုဖို့ပေါ့။

လက်စွပ်တစ်ကွင်းတည်းကတော့ ပေါ့ပေါ့တန်တန်နိုင်လွန်းတယ် … သူ အလိမ်ခံလိုက်ရရင် ဘယ့်နှယ့်လုပ်မလဲ။

“ခေါ်စရာမလိုတော့ပါဘူး” ချီပိုင်ချာက သူ့ဖုန်းအား ဒါရိုက်တာရှိသည့်ဘက်ကို လှည့်ပြလိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်မှာတော့ ခေါ်ဆိုနေသည့် နံပါတ်တစ်ခုပေါ်နေခဲ့ပြီး မှတ်ထားသည့်နံပါတ်ကတော့ “မစ္စတာဖူ”ပင်။

ဒါရိုက်တာလည်း ချက်ချသ်းဆိုသလို မတ်မတ်ထိုင်လိုက်မိပြီး ‌အသက်ရှုတောင်မှ အောင့်ထားမိသည်။

တစ်ဖက်ကလူက ဟိုသခင်ကြီးပဲ။

ဒါပေမယ့် အိမ်ထောင်ဖက်အချင်းချင်းကြားမှာ ခေါ်တဲ့နာမည်ပြောင်က “မစ္စတာဖူ” ဆိုတာကတော့ နည်းနည်း ယဉ်ကျေးလွန်းမနေဘူးလား… ဒါရိုက်တာလည်း မနေနိုင်ဘဲ တွေးမိသွားခဲ့သည်။

ချမ်းသာကြွယ်ဝသော မိသားစုများ၏ အိမ်ထောင်ရေးအများစုက နာမည်ခံသက်သက်သာ ရှိတာဖြစ်၍၊ အချင်းချင်း တစ်ဖက်လူကို ဧည့်သည်လို ဒါမှမဟုတ် မရင်းနှီးတဲ့သူစိမ်းတစ်ယောက်လို လေးလေးစားစားဖြင့် ဆက်ဆံကြတာက ပုံမှန်ပင်။

ဖုန်းက မြန်မြန်ဆန်ဆန်ပင် ချိတ်သွားခဲ့ပြီး၊ ချီပိုင်ချာက ဖုန်းကို စားပွဲပေါ်တင်ကာ စပီကာကို ဖွင့်လိုက်သည်။

သူက ဆိုလိုက်၏။ “ယောင်္ကျား”

“…” ခွက်လွတ်ကျသွားသည့်အသံက တစ်ဖက်ကနေပြီးတော့ ထွက်ပေါ်လာခဲ့သည်။

အချိန်တခဏကြာသွားပြီးချိန်မှ မစ္စတာဖူ၏အသံ ထွက်ပေါ်လာခဲ့သည်။ “ဘာများဖြစ်လို့လဲ… ချာချာ”

ချီပိုင်ချာက ဆိုလိုက်၏။ “ရိုက်ကူးရေးအဖွဲ့ထဲမှာ ကျွန်တော်သဘောမကျတဲ့သူ တစ်ယောက်ရှိတယ်”

ဥက္ကဌရုံးခန်းထဲမှာ ထိုင်ခုံကို ကျောမှီပြီးတော့ ပျင်းတိပျင်းရွှဲ့ ထိုင်နေခဲ့သော ဖူမင်ယယ်က ချက်ချင်းဆိူသလို ခါးမတ်လိုက်မိပြီး၊ ခွက်ထဲရှိရေတွေက ကီးဘုတ်ကို စိုသွားစေခဲ့သော်လည်း သူထိုဟာကို လျစ်လျူရှုထားလိုက်သည်။

“တစ်ယောက်ယောက်က မင်းကိုအနိုင်ကျင့်လို့လား” သူ့အသံကို နှိမ့်ပြောလိုက်သည်။
သူထွက်သွားတာမှ ခဏလေးရှိသေးတာကို၊ တစ်ယောက်ယောက်က ချာချာ့ကို မကျေမနပ်ချက်တွေ ထုတ်ပြလာနေပြီပေါ့လေ။
ချာချာ၏အခုလိုပုံစံလေးက အနိုင်ကျင့်ခံရပြီးနောက် သူ၏ယောင်္ကျားဖြစ်သူကို ငိုညည်းပြီးတော့ ချွဲချွဲနွဲ့နွဲ့ဖြင့် တိုင်ကြားနေသောပုံလေး ပေါက်နေခဲ့သည်။ ချာချာက တကယ်ကြီးကို သူ့အား ယောင်္ကျားဟုခေါ်တာရှား၏၊ အမြဲလိုလို “မစ္စတာဖူ”၊ “မစ္စတာဖူ” ဆိုပြီးတော့သာ ခေါ်နေခဲ့တာပင်။

ဖူမင်ယယ်က ပြဿနာ၏လေးနက်မှုကို နားလည်သွားခဲ့ပြီး၊ မျက်နှာထားက အေးစက်လာခဲ့သည်။ “မင်း ကိုယ့်ကိုစောင့်နေ။ ကိုယ် ချက်ချင်း လာခဲ့လိုက်မယ်”

“မလိုပါဘူး” ချီပိုင်ချာက ဆိုလိုက်သည်။
မော်နီတာအခန်းထဲမှာ လူငယ်လေး၏ မျက်နှာထားက တည်ငြိမ်နေခဲ့သည်။

“ကျွန်တော် ချင်ယိရုံကိုသဘောမကျဘူး … ပြီးတော့ သူမကို ပိတ်ပင်ဖို့ရာအတွက် ကျွန်တော့်မှာ သက်သေအလုံအလောက်ရှိတယ်။ ခင်ဗျားက Starlight ကို ပြောလိုက်ရုံတင်ပဲ။ သူမကို မကာကွယ်ပေးဖို့ပေါ့”

ချီပိုင်ချာက အသံကိုနှိမ့်‌၍ပြောလိုက်သည်။ “အဲလိုမှမဟုတ်ရင်… ကျွန်တော် စိတ်မပျော်ဘဲနေလိမ့်မယ်”

Starlight က ချင်ယိရုံ စာချုပ်ချုပ်ထားသော အကျိုးဆောင်ကုမ္ပဏီဖြစ်သည်။
သူမလိုလူမျိုးက ဘယ်လိုလုပ်ပြီးတော့ “starlight” ဆိုတဲ့ စကားမျိုးနဲ့ တန်မှာလဲ။

ဖူမင်ယယ်က တစ်ချက်တောင်မတွေးဘဲ လက်ခံလိုက်သည်။ လောကကြီး၏ကျယ်ပြောမှုက ချာချာ၏ပျော်ရွှင်မှုလောက် အရေးမပါပေ။

သူဖုန်းချဖို့ပြင်ချိန်မှာ ဖူမင်ယယ်က အထူးတလည် သတိပေးလာခဲ့သည်။ “မင်းကိုအနိုင်ကျင့်ကြရင် … ကိုယ့်ကို သေချာပေါက် ပြောပြရမယ်နော်”

ချီပိုင်ချာက ပြုံးလိုက်ပြီး “ ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါကျရင် ခင်ဗျားကို သေသေချာချာ ပြောပြပါ့မယ်။ နောက်မှတွေ့မယ်နော်… ကျွန်တော် ဖုန်းချလိုက်တော့မယ်”

ချီပိုင်ချာက ဖုန်းချသည့်ခလုတ်ကို နှိပ်လိုက်သည်။

သူ့အပေါ်ကြည့်သော ဒါရိုက်တာ၏အကြည့်က လုံးဝကို ပြောင်းလဲသွားခဲ့ပြီပင်။

သူ မတ်မတ်ထိုင်လိုက်ပြီး သူ့ရဲ့အပြုအမူက 120ရာခိုင်နှုန်းထိတောင် လေးစားသမှုရှိလာခဲ့သည်။ “မစ္စတာချီ… ကျွန်တော်တို့ ဒီလိုအရေးပါတဲ့ပုဂ္ဂိုလ်ကို သတိမထားမိဘဲ နေခဲ့မိပါတယ်…”

“နှုတ်ဆက်စကားပြောတာကို ခဏထားလိုက်ပါဦး” ချီပိုင်ချာက သူ့ဖုန်းကို ပြန်ကောက်ကိုင်လိုက်၏။ “ကျွန်တော့်ကို ဗီဒီယိုတွေပေး”

အဆုံးမှာတော့ ချီပိုင်ချာက ဗီဒီယိုအားလုံးကို အောင်အောင်မြင်မြင်ဖြင့် ရလိုက်သည်။

ဤဟာက မုန်ရှင်း၏အပြစ်ကင်းမှုကို သက်သေပြဖို့အတွက် လုံလောက်သလို၊ ချင်ယိရုံ၏အနာဂတ်ကို ဖျက်ဆီးပစ်ဖို့အတွက်လည်း လုံလောက်သည်။

ချီပိုင်ချာက မော်နီတာအခန်းထဲကနေပြီးတော့ ထွက်ထွက်လာချင်းမှာပဲ ချင်ယိရုံရယ် ဝူယွင်ရယ်နှင့် ထိပ်တိုက်တွေ့မိခဲ့သည်။

ဝူယွင်က အခုလက်ရှိမှာ ချင်ယိရုံ၏လက်မောင်းကို ‌ကိုင်ပြီးနော့ နှစ်သိမ့်ပေးနေတာဖြစ်သည်။ ချီပိုင်ချာကို ချင်ယိရုံတွေ့ချိန်မှာ သူမ၏မျက်လုံးများထဲတွင် အားကောင်းသော အမုန်းတရားတို့ တောက်လောင်လာခဲ့သည်။ သူမက ရှေ့တိုးပြီးတော့ ပြောလိုက်၏။ “မော်နီတာကို ကြည့်ပြီးသွားပြီလား။ ဘယ်လိုလဲ… ဘာမှမတွေ့ခဲ့ဘူးမလား။ ရှင် စိတ်ပျက်ကောင်းစိတ်ပျက်သွားမှာပေါ့ … ဟုတ်တယ်မလား”

“ယိရုံ” ဝူယွင်က သူမကို ဖျောင်းဖြလိုက်သည်။ “စိတ်မလှုပ်ရှားနဲ့ … သူ့ကို ရဲလက်အပ်လိုက်ရင်ရပြီ”

စောနတုန်းက စာသင်ခန်းထဲမှာ သူတို့က သူ့ကိုချိန်းခြောက်ပြီးတော့ လာဘ်ထိုးဖို့ရာ ကြိုးစားခဲ့သော်ငြားလည်း၊ ချီပိုင်ချာက တုတ်တုတ်တောင်မလှုပ်ခဲ့ဘဲ၊ အဆုံးမှာ “ဘယ်သူ့ကို လာအကြပ်ကိုင်နေတယ်များ ထင်‌နေတာလဲ”ဆိုသည့် စကားဖြင့် ပစ်ပေါက်ပြီးတော့ ထွက်သွားခဲ့သည်။

သူက သူမတို့ကို စိတ်ထဲကိုမထားခဲ့ပေ။

ချင်ယိရုံက ‌ဒေါသကြောင့် မှိုင်းမိပြီးတော့ ချီပိုင်ချာ၏လက်မှာဝတ်ထားတဲ့ လက်စွပ်ကို မမြင်ခဲ့ပေ။ ဝူယွင်က သတိထားမိသော်လည်း၊ ထိုအကြောင်းကို တွေးတောင်မတွေးရဲပေ။
လက်စွပ်တစ်ကွင်းက ဘာကိုသက်သေပြနိုင်မှာမို့လို့လဲ။ ထိုလက်စွပ်၏ပုံတွေ ပေါက်ကြားလာပြီးနောက်မှာ၊ ပုံစံတူလိုက်လုပ်တာတွေ အများကြီးပင် … ဆင်းရဲတဲ့ ကျောင်းဆရာတစ်ယောက်က ဥက္ကဌဖူရဲ့ချစ်သူနဲ့ ဘယ်လိုလုပ်ပြီးတော့ ပတ်သတ်မှုရှိနိုင်မှာမို့လို့လဲ။

ချီပိုင်ချာက သူမကိုလစ်လျှုရှုပြီးတော့ သူမနားကနေ ဖြတ်လျှောက်သွားလိုက်သည်။

“ပိုက်ဆံလိုချင်နေတာမလား။ ကိုယ့်ကိုကိုယ် အဆင့်ရှိချင်ယောင် ဆောင်မနေစမ်းပါနဲ့” ချင်ယိရုံက သူ၏နောက်ကျောကိုကြည့်ကာ အော်ပြောလိုက်သည်။ “တစ်မီလီယံနဲ့ မကျေနပ်ရင် … နှစ်မီလီယံဆို လုံလောက်ပြီလား”

ဒီကနေ့ လူတိုင်း၏အရှေ့မှာ ချီပိုင်ချာ ပြောခဲ့သောစကားတွေက အကုန်လုံးတော့မဟုတ်သော်လည်း၊ အမှန်တရားနှင့် ကိုက်ညီနေခဲ့သည်။

သူမ၏လျို့ဝှက်ချက်က ပေါ်လုဆဲဆဲဖြစ်နေခဲ့တာကြောင့်၊ ချင်ယိရုံတစ်ယောက် အခုချိန်မှာ အနည်းငယ် စိတ်လှုပ်ရှားမိနေပြီပင်။
သူမက ချိုမြိန်မှုကို အရသာခံဖူးပြီးဖြစ်၍၊ သူမ အခုလက်ရှိ ပိုင်ဆိုင်ထားသမျှကို အရှုံးဆုံးမခံနိုင်ပေ။

သူမကိုဖော်ထုတ်ဖို့ ကြိုးစားသည့်လူတိုင်း သူမ၏မုန်းတီးမှုကို ရရှိမှာဖြစ်သည်။

“ယိရုံ… နင် သူ့ကိုဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။ နင် စာမူကို မပြောင်းခဲ့ဘူးလို့ နင်ပဲပြောခဲ့တာမလား … ပြီးတော့ မနေ့တုန်းကလည်း အဆောင်မှာပဲနေခဲ့တာဆို။ သူတို့တွေ မော်နီတာထဲမှာ ဘာမှရှာ‌တွေ့မှာမဟုတ်တော့ … ပီယာနိုတီးနေတဲ့ ဗီဒီယိုလေးက ဘာကိုသက်သေပြနိုင်မှာတဲ့လဲ” ကုမ္ပဏီက နင့်ကိုကူညီပေးမှာပါ” ဝူယွင်က သူမကို စိတ်အေးသွားအောင် ပြောလိုက်သည်။

ချင်ယိရုံက ချီပိုင်ချာ၏နောက်ကျောကို မုန်းတီးစွာဖြင့် စိမ်းစိမ်းကြီး စိုက်ကြည့်လိုက်သည်။ “ကျွန်မ သူနဲ့စာရင်းရှင်းလို့မပြီးသေးဘူး”

ချီပိုင်ချာက သူ့အနောက်ရှိ အဆိပ်ရှိမြွေကဲ့သို့သော အေးစက်စက်အကြည့်ကို မခံစားမိသည့်ပုံပင်။

သူ့ရဲ့အကြားစွမ်းရည်က အရမ်းကောင်းတာကြောင့်၊ ချင်ယိရုံ၏စကားတွေကို သူသေချာပေါ်ကို ကြားရ၏။

သူဂရုမစိုက်ရုံ သက်သက်ပင်။

သူမကများ သူနဲ့စာရင်းရှင်းလို့မပြီးသေးဘူးလို့ တွေးရသေးတယ်။

သူမကိုယ်တိုင်က ကိစ္စချောတော့မှာကိုများ။

ဤဟာက တည်ငြိမ်သည့် ရတ်သတ္တပတ်ဖြစ်ရမှာ ဖြစ်သော်ငြားလည်း၊ ဝရုန်းသုန်းကားဖြစ်ဖွယ် သတင်းခေါင်းစီးတစ်ပုဒ်က အင်တာနက်ပေါ်ကနေပြီးတော့ နေရာတကာမှာ ပျံ့နှံ့လာခဲ့သည်။

မူလပိုစ့်က နိုင်ငံတစ်နိုင်ငံက အကြီးမား‌ဆုံးသော အနုပညာforum ကနေပြီးတော့ တင်လာတာဖြစ်သည်။ ထိုအနုပညာforumက အင်မတန်မှကို လူကြည့်များပြီးတော့၊ ထိုအထဲမှာ အနုပညာလောကထဲက ကျွမ်းကျင်ပညာရှင်တွေ အများကြီးရှိတာကြောင့်၊ ပုံမှန်လိုလိုပင် ထိုနေရာကနေပြီးတော့ ဝရုန်းသုန်းကားဖြစ်ဖွယ် သတင်းတွေ တက်တက်လာလေ့ရှိသည်။

သတင်းတွေက အမြဲလိုလိုပင် ကောလာဟလ သေးသေးမွှားမွှားတွေနှင့် ခေါင်းစီးလေးတွေသာ ဖြစ်သော်ငြားလည်း၊ ဒီနေ့၏ခေါင်းစီးကတော့ မျက်လုံးပြူးထွက်သွားစေခဲ့သော၊ လုံးဝအကြီးစား ကောလာဟလကြီးပင်။ လူကြိုက်များပြီးတော့ အောင်မြင်နေသော အမျိုးသမီးအဆိုတော် ချင်ယိရုံက သူများသီချင်းကို ကုးချကာ ပွဲဦးထွက်ခဲ့ပြီးတော့၊ ရသစုံအစီအစဥ်မှာလည်း  နည်းလမ်းဟောင်းကြီးကိုပဲ အသုံးချခဲ့ပြီး၊ သီချင်းပိုင်ရှင်အစစ်ကတော့ ခိုးကူသူဆိုပြီး နာမည်တပ်ခံရပြီးတော့ အဆောက်အဦးပေါ်ကနေပြီး‌ ခုန်ချဖို့ ဖိအားပေးခံခဲ့ရတယ်၊ တရားမျှတမှုက ဘယ်မှာလဲ။

ချင်ယိရုံက လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ပွဲဦးထွက်ခဲ့တာဖြစ်ပြီး၊ သူမ၏ ချိုမြိန်သော သွင်ပြင်၊ စိတ်ကိုလှုပ်ခတ်စေနိုင်တဲ့ အသံ၊ အံ့ချီးလောက်ဖွယ် သီချင်းဆိုစွမ်းရည်၊ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတို့ဖြင့် ပရိသတ်တွေ အများကြီးကို မြန်မြန်ဆန်ဆန်ပင် စုဆောင်းနိုင်ခဲ့တာဖြစ်သည်။

ထိုထဲကအများစုက အရူးအမူးဖြစ်ကြသော ပရိသတ်တွေပင်။ ထိုခေါင်းစီးကို တွေ့ပြီးနောက်မှာ၊ ပရိသတ်အုပ်စုကြီးက ချက်ချင်းဆိုသလို အပြေးသွားပြီးတော့ ကောလာဟလတင်တဲ့သူကို သွားသေလိုက်ဖို့ အော်ဟစ်လိုက်ကြ၏။ သို့သော် ထိုစကားလုံးတွေကို ကီးဘုတ်ပေါ်တင်ပြီးတော့ မရိုက်ရသေးခင်မှာပဲ၊ ပထမဆုံးသော ကောမန့်မန့်တဲ့သူက သူတို့ကို တူဖြင့်ထုနှက်လာခဲ့သည်။

ပိုစ့်တင်တဲ့သူက အမုန်းစကားတွေကို သိပ်မပြောခဲ့ဘဲ၊ ပထမဆုံး ကောမန့်မန့်တဲ့သူကလည်း linkတချို့ကို တိုက်ရိုက်မန့်လာခဲ့သည်။ linkကို နှိပ်ရမှာတောင်ပျင်းပြီးတော့ သူ့တို့ကို တိုက်ရိုက်ဆဲဆိူလာမှာကို တားဆီးဖို့ရန်အတွက်၊ မန့်တဲ့သူက သေချာတွေးပြီးတော့ GIFတောင်မှ တင်ပေးခဲ့သည်။

GIFက ချင်ယိရုံက သီချင်းကိုခိုးပြီးတော့ သူမ၏အိတ်ထဲကို ထည့်လိုက်သည့် မြင်ကွင်းပင်။

အခုတော့ မမြင်ချင်ယောင်ဆောင်ဖို့ရာ ခက်ခဲသွားခဲ့ပြီဖြစ်သည်။

လူတိုင်းသိကြသည့်အတိုင်း ချင်ယိရုံ နာမည်ကြီးလာရသည့် အကြောင်းအရင်းက “ရစ်ဝဲနေသော မြတ်နိုးမှုလေး”ဆိုသည့် လျို့ခိုင်းရှန်၏ သဘောကျနှစ်သက်မှုကို ရယူနိုင်ခဲ့သော သီချင်းကြောင့်ဖြစ်သည်။ အခုတော့ ထိုသီချင်းက သူမဖန်တီးထားတာတောင် မဟုတ်ဘဲ၊ သူ၏သေဆုံးသွားခဲ့သော ဆွေမျိုးအတွက် မုန်ရှင်းဆိုသော ကောင်လေးက ရေးဖွဲ့ထားခဲ့သည့် သီချင်းကို ခိုးယူပြီးတော့၊ သူမနာမည်တပ်ပစ်ခဲ့ကြောင်း ပေါ်လာခဲ့ပြီပင်။

ပထမဆုံးlinkက သူမ သီချင်းကို ခိုးယူပြီးနောက် နေရာလဲပစ်ခဲ့သော ဗီဒီယိုပင်။ မော်နီတာကနေပြီးတော့ ရှင်းရှင်းလင်းလင်း ရိုက်မိထားခဲ့ပြီး၊ မရှင်းမလင်းဖြစ်တာမျိုး လုံးဝမရှိပေ။

လူတွေ၏ပထမဆုံး‌တုံ့ပြန်ချက်က
မယုံကြည်ကြတာဖြစ်ပြီး၊ ချင်ယိရုံက
ထိုကဲ့‌သို့သော ကိစ္စမျိုးကို လုပ်နိုင်လိမ့်မည်ဟု မယုံကြပေ။ သူတို့၏စိတ်သဘောထားကို မှန်ကန်ကြောင်း အတည်ပြုနိုင်ဖို့ရာအတွက် ဒုတိယဗီဒီယိုlinkကို သူတို့နှိပ်မိခဲ့ကြသည်။

ဒုတိယlinkကို နှိပ်လိုက်ရာ၊ အစီအစဉ်တစ်ခုကို ရိုက်ကူးနေပုံရသည့် မြင်ကွင်းက ပေါ်လာခဲ့သည်။ အစီအစဉ်ကြေညာသည့်သူ ကိုင်ထားခဲ့သော မိုက်ခရိုဖုန်းပေါ်က သ‌င်္ကေတအရဆိုလျှင်၊ ထိုအစီအစဉ်က “ဘယ်တော့မှမဆုံးသတ်မသွားမယ့် ငယ်ရွှယ်မှု” ၏ ရိုက်ကူးရေးဖြစ်လောက်၏။

ထိုထဲမှာ ချင်ယိရုံက အရမ်းနားထောင်လို့ကောင်းသော သီချင်းတစ်ပုဒ်ကို တီးပြခဲ့ပြီး၊ ပြီးသည့်နောက်မှာ ဒိုင်လူကြီးတွေကလည်း ချီးမွမ်းခဲ့သည်။ လီလောင်၏မေးခွန်းကို ကြားပြီးနောက်မှာ၊ သူမက အလွန်ရိုရိုကျိုးကျိုးဖြင့် သူမ၏ဖန်တီးမှုလုပ်ငန်းစဉ်ကို ပြောပြခဲ့သည်။ သို့သော် ထိုတခဏမှာပဲ ကွဲပြားသော ကြည်လင်သည့် ယောင်္ကျားသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now