အပိုင်းသုံးဆယ့်ငါး(ဒုတိယပိုင်း)

1.1K 232 2
                                    

Burmese Translation of "After Marrying The Male God".

Translator – ScartletAnemone
_________

အပိုင်း- ၃၅ ( ဒုတိယပိုင်း )
_______

သူ့ကို ကြည့်မရကြသော ကျောင်းသားတွေက မလိုမုန်းထားသည့်စိတ်တွေနှင့် စတင်ပြီး‌တော့
ထင်ကြေးပေးလာကြသည်။

“မုန်ရှင်းက အဲ့သီချင်းကို ခိုးလာတာပဲဖြစ်ရမယ်။ သူအရင်တုန်းက လျို့ခိုင်းရှန်ရဲ့စတူဒီယိုကိုသွားပြီးတော့ သီချင်းတွေ သွားတင်ဖူးတယ်မလား။ အဲဒီ့အချိန်တုန်းက ချင်ယိရုံ တင်ထားခဲ့တဲ့ စာသားတွေကို သေချာပေါက် မြင်ခဲ့တာပဲဖြစ်ရမယ်… ပြီးတော့ လျို့ခိုင်းရှန်က အဲတာကို မသုံးလောက်ဘူးထင်ပြီးတော့ … ခိုးလာတာပဲ။ သူလူမိသွားလိမ့်မယ်လို့  မထင်ထားဘူးနေမှာပေါ့”

လျို့ခိုင်းရှန်၏စတူဒီယိုက သီချင်းစာသားလက်ရေးမှုတွေကို လိုက်လံပြီးတော့ မစုစည်းတာမဟုတ်ပေ သို့သော် ထိုအချိန်တုန်းက သူသွားတင်ခဲ့တဲ့စာမူက တခြားသီချင်းဖြစ်သည်။ “ကြယ်စင်တို့၏တောင်းဆု”က မားမားအတွက် သူအစွမ်းကုန် အားထုတ်ပြီးတော့ ရေးထားခဲ့သည့် လက်ဆောင်ပင်။ ထိုသီချင်းက သူနှင့်မားမားနှစ်ယောက်စလုံးနှင့်သာ သက်ဆိုင်တာဖြစ်သည်။ copyright ကို သူဘယ်သူ့ကိုမှ မပေးလိုက်နိုင်ဘူး။

သို့သော် သူထိုဟာကို ပြန်မငြင်းနိုင်ခဲ့ပေ၊ စားဝတ်နေရေးအတွက် နေရာတိုင်းမှာ စာမူတွေကို သူလိုက်ပြီးတော့ တင်လေ့ရှိတာက အခုချိန်မှာတော့ သူမငြင်းဆန်နိုင်သည့် သက်သေဖြစ်လာခဲ့သည်။ “ရစ်ဝဲနေသော မြတ်နိုးမှုလေး”က ချင်ယိရုံရေးခဲ့တာဖြစ်သည်။ သူနှင့်ချင်ယိရုံနှစ်ယောက်စလုံးက လျို့ခိုင်းရှန်ဆီမှာ စာမူသွားတင်ခဲ့ကြသည်။ ချင်ယိရုံက ရွေးချယ်ခံလိုက်ရပြီး သူကစာသင်နှစ်အဆုံးမှာ တစ်ထေရာတည်းတူသည့်သီချင်းကို အပ်လာခဲ့သည်။

ထို့ကြောင့် သူက ချင်ယိရုံကို ခိုးချခဲ့ကြောင်း  အရှင်းသားဖြစ်လာခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် သူ့ကို အမြဲလိုလို မျက်နှာသာပေး‌ခဲ့သည့် ဆရာက စိတ်ပျက်သည့်အကြည့်ကို ပေးလာခဲ့သည်။ သူ့အတန်းဖော်တို့က သူ့ကိုလှောင်ရယ်ရယ်လာကြသည်။ “ဉာဏ်ကြီးရှင်တွေလည်း ဒီလိုလုပ်ရပ်မျိုး လုပ်တာပဲလား။ ကျန်းလန်ရဲ့အရည်အချင်းတွေ ခမ်းသွားလို့များလား”

t/n : ကျန်းလန်က သူငယ်ရွယ်စဉ်အခါတုန်းက သူ့ရဲ့စာပေထူးချွန်မှုကြောင့် လူသိများခဲ့တဲ့သူပါ။

“ အဲလိုလုပ်တာက ပထမဆုံးအကြိမ်ပဲခက်တာ … ဒုတိယအကြိမ်ဆို လွယ်သွားပြီ။ အရမ်းလူပါးဝနေတဲ့ သူ့ပုံစံကိုပဲကြည့်လေ… ဒါက သေချာပေါက်ကို ပထမဆုံးအကြိမ်မဟုတ်လောက်ဘူး။ သူ ပြိုင်ပွဲမှာနိုင်ခဲ့တဲ့အခေါက်တုန်းကလည်း … သူခိုးချထားတာ ဟုတ်မဟုတ် ဘယ်သူသိမှာလဲ”

“သူခိုး” “ကူးချတဲ့အကောင်” “ခိုးယူတဲ့အ‌ကောင်”။ ထိုရှက်ရွံ့ဖွယ်ကောင်းသော စကားလုံးတွေက သူ့ရဲ့ဉာဏ်ကြီးရှင်ဆိုသော နာမည်နေရာမှာ အစားထိုးသွားပြီးတော့ ကျန်းယန်၏ခေါင်းထက်မှာ မြဲမြံလာခဲ့ကာ သူ့ကို တခြားသူတွေ၏ မနှစ်မြို့သောအကြည့်တို့ဖြင့် အဆက်မပြတ် အကြည့်ခံရအောင် လုပ်လာခဲ့သည်။

မဟုတ်ဘူး … မဟုတ်ဘူး။

သူ သူခိုးမဟုတ်ဘူး။

သေချာပေါက်ကို … သေချာပေါက်ကို ဒါကိုရေးတဲ့သူက သူပါ။

မုန်ရှင်း နားမလည်နိုင်ခဲ့ပေ။

ကျောင်းအုပ်ကြီးနှင့်နည်းပြဆရာပက သူ့ရဲ့အရည်အချင်းတွေကို နှမျောသည့်အတွက် သူတခဏမျှ မှိုင်းမိသွားသည်ဟုပဲ စဉ်းစားလိုက်ကြပြီး၊ သူ့ကို နောက်တစ်ကြိမ်အခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူ ပြန်လည်သုံးသပ်ချက်ရေးပြီးတော့ assignment ကို အသစ်တင်သရွှေ့၊ သူတို့ဤကိစ္စကိုမရှိသလို လုပ်လိုက်မှာဖြစ်သည်။

မုန်ရှင်းက ငြင်းဆန်ခဲ့သည်။
သူကမှ အမှားလုပ်မထားတာ … သူ ပြန်လည်သုံးသပ်ချက်မရေးနိုင်ဘူး။

ချင်ယိရုံက “ရစ်ဝဲနေသော မြတ်နိုးမှုလေး” ကြောင့် နာမည်ကြီးလာခဲ့ပြီး၊ လူမသိသူမသိ ပေါက်စနလေးကနေပြီးတော့ နာမည်ကြီးအဆိုတော် ဖြစ်လာခဲ့သည်။ မီဒီယာတွေအများကြီးက သူမကို “ရစ်ဝဲနေသော မြတ်နိုးမှုလေး”ကို ဖန်တီးဖြစ်သည့်အကြောင်းကို မေးမြန်းခဲ့ကြပြီး၊ သူမက မေးလာသမျှကို သဘောထားကြီးကြီးဖြင့် ‌ပြန်ဖြေခဲ့သည်။

မုန်ရှင်းက ထိုဟာကိုသွားကြည့်ခဲ့ကာ တစ်ဝက်လောက်မှာတင်ပဲ ဆက်မကြည့်နိုင်တော့၍ ပိတ်ပစ်လိုက်ရသည်။

ချင်ယိရုံပြောပြခဲ့တာက ချိုမြိန်သော အချစ်ဇာတ်လမ်းတစ်ပုဒ်ပင်။ သူမ ကျောင်းတက်နေစဉ်အရွယ်တုန်းက လောကကြီး၏အကြောင်းကို နားမလည်သေးသည့်အချိန်မှာ ရည်းစားထားခဲ့ဖူးသည်။ သူမက ငယ်ရွယ်ကာ အလေးအနက်မထားခဲ့ဘဲ ထိုသူနှင့်ပြတ်စဲခဲ့ကာ အချိန်အတော်ကြာသွားခဲ့ပြီပင်။ ထိုအချိန်တုန်းက ငယ်ရွယ်သော ကောင်မလေး၏ရင်ခုန်သံကို ပြန်တွေးမိချိန်မှာ၊ ထိုခံစားချက်လေးက ကွဲပြားနေခဲ့၏။ ထို့ကြောင့်မို့ ဒီသီချင်းကို ရေးဖွဲ့ခဲ့တာဖြစ်သည်။

ထိုစိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာခဲ့သော ခရီးလေးက လူအများကြီး၏ ငယ်ရွယ်နပျိုသော မှတ်ဉာဏ်တွေကို ပြန်ပြောင်းသတိရစေပြီးတော့ သူမပြောတာကို သဘောတူလာစေခဲ့သည်။

မုန်ရှင်းကတော့ ထိုဟာကို ရယ်ဖို့ကောင်းတယ်လို့ပဲ ထင်သည်။

ဘာအချစ်… ဘာငယ်ရွယ်မှုလဲ။

သူမက ပျင်းစရာကောင်းပြီးတော့ သူတော်ကောင်းယောင်ဆောင်နေတာပဲ။

သူက ချင်ယိရုံကိုသွားရှာပြီးတော့ ထိုအကြောင်းကို စုံစမ်းချင်ခဲ့သည်။ လူသားတွေ၏ဦးနှောက်လှိုင်းက ဤကဲ့သို့တိုက်ဆိုင်နေလိမ့်မည်ဟု သူမယုံကြည်ပေ၊ သို့သော် သူ့မှာ ထိုဟာကိုသက်သေပြနိုင်မည့်နည်းလမ်း မရှိပေ။ သူက အလိုလိုသိစိတ်ဖြင့်သာ ထိုအကြောင်းအား လူ‌တွေကိုလိုက်မေးပြီးတော့ စုံစမ်းရုံသာတတ်နိုင်ခဲ့သည်။

သူမအတွက် သီချင်းတွေအများကြီးကို သူအလကားရေးပေးနိုင်သည်၊ ပိုက်ဆံတစ်ပြားတစ်ချပ်တောင် မလိုချင်ပေ၊ သို့သော် “ကြယ်စင်တို့၏တောင်းဆု”ကိုတော့ တခြားသူတွေ ထိတွေ့ပြီးတော့ ညစ်ညမ်းအောင်လုပ်တာကို လက်မခံနိုင်ပေ။ သူက သူမကို တောင်းပန်ချင်ခဲ့သည်၊ ဒီသီချင်းကိုမထိဖို့၊ ဒီဟာက သူ မားမားကို ပေးမည့်ဟာပင်။

သို့သော် သူမကို သူတွေ့ခွင့်မရခဲ့ပေ။ နာမည်ကြီးလာသော ချင်ယိရုံက အကျိုးဆောင်ကုမ္ပဏီဖြင့် စာချုပ်ချုပ်ခဲ့သည်။ ဘောဒီဂတ်တွေ လက်ထောက်တွေနှင့် ခြံရံနေခဲ့တာကြောင့် သာမန်ကျောင်းသားတစ်ယောက်ဖြစ်သော သူလိုလူက သူမကိုမြင်တောင်မမြင်ခဲ့ရပေ။

သူ့ကို အခုကဲ့သို့ ကြံရာမရဖြစ်လောက်အောင် လုပ်နိုင်ခဲ့သည့်အရာဆိုတာ မရှိခဲ့ပေ။

ဤဟာက သူ့ရဲ့ဘဝအသစ်ပင် သို့သော် တခြားသူတွေ၏ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

သူက လပေါင်းများစွာ ရုန်းကန်ခဲ့ရပြီး၊ ချင်ယိရုံက မြောက်မြားလှစွာသော ကိုယ်ပိုင်သီချင်းတွေကို အမှီပြုပြီးတော့ ကျော်ကြားသထက်ကျော်ကြားလာတာကို ကြည့်နေရချိန်မှာ၊ သူကတော့ အေးစက်စက်အကြည့်တွေနှင့် လှောင်ပြောင်သရော်မှုတို့၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး‌ အသူတစ်ရာချောက်နက်ထဲကို ပြုတ်ကျခဲ့ရသည်။

‌ကြယ်လေး၏အလင်း‌ရောင်က ပျောက်ကွယ်သွားခဲ့ပြီပင်။

သူမြို့တော်မှာရှိသော အမြင့်ဆုံးအဆောက်အဦးပေါ် ကို တက်ပြီးတော့ အောက်ဘက်မှာ ထွန်းလင်းနေခဲ့သည့် နီယွန်မီးတွေကို ငုံ့ကြည့်လိုက်၏၊ အမျိုးမျိုးသော ရှင်သန်မှုတို့ဖြင့် ပျားပန်းခပ်နေသော လောကကြီးကို အေးစက်စွာဖြင့် ကြည့်လိုက်မိသည်။

မုန်ရှင်းမှာ တသလွမ်းဆွတ်စရာမရှိပေ။
သူ့ရဲ့မားမားကိုပဲ သူလိုက်ရှာချင်သည်။
ဘယ်သူကမှ သူ့ကိုမယုံကြပေ… လူတိုင်းက သူ့အမှားဟုသာ ဆိုကြ၏။

“ကျွန်တော် ဘာအမှားမှလုပ်ထားတာမရှိဘူး… ဒါကြောင့်မလို့ ဘာမှပြင်စရာမလိုဘူး” ဤဟာက သူလောကကြီးကနေပြီးတော့ ထွက်ခွာသွားချိန်မှာ ချန်ရစ်ခဲ့သည့် နောက်ဆုံးစကားဖြစ်သည်။

သူက ကောင်းကင်မျှော်စင်ထက်ကနေပြီးတော့ ကြွေကျလာသော ကြယ်တစ်စင်းကဲ့သို့ ပြုတ်ကျသွားလိမ့်မည်။ သူမသေဆုံးခင်မှာ ဆူညံနေသော အော်ဟစ်သံတွေကို သူကြားရမှာမဟုတ်ဘဲ၊ သူ ချန်ထားရစ်ခဲ့မည့် တစ်ခုတည်းသောအသံက လေးလံသောအရာတစ်ခုက မြေပြင်ကို ရိုက်ခတ်သွားသည့် အသံသာဖြစ်လိမ့်မည်၊ ဤဟာက သူ့အတွက်သူ အော်ဟစ်ခဲ့သော နောက်ဆုံးသောအော်သံဖြစ်သည်။

ကြည့်နေတဲ့သူတွေက ဘာတွေများ ပြောလိမ့်ကြမလဲ။

စိတ်မကောင်းစရာပဲ … ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရှာတယ်။

သူ ခုန်ချပြီ … မြန်မြန်ဓာတ်ပုံရိုက်ပြီးတော့
ပိုစ့်တင်ရမယ်။

စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်လိုက်ကြတာ … ဒီနေ့ခေတ်လူငယ်တွေက ပင်ပန်းဆင်းရဲမှုဒဏ်ကို နည်းနည်းလေးတောင်မှ မခံနိုင်ကြဘူးပဲ။

သူက ခဏတစ်ဖြုတ်လောက်တော့ ညစာထမင်းဝိုင်းတွေမှာ ပြောဖြစ်ကြသည့် ခေါင်းစဉ်ဖြစ်လာလိမ့်မည်၊ ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ သူ့ကိုမေ့သွားကြမှာပင်။ ဘယ်သူကမှ ကြယ်ပွင့်လေး၏ပုံပြင်ကို သိမှာမဟုတ်ပေ။

ခိုးကူးခဲ့သည့်သူက အောင်မြင်မှုရော ကြယ်ဝချမ်းသာမှုရောရသွားခဲ့ပြီး၊ သူကတော့ အရှက်တကွဲဖြင့်သေခဲ့ရကာ၊ ဤလျို့ဝှက်ချက်ကို သူနှင့်အတူ တစ်ပါးတည်း မြှပ်နှံလိုက်ရတော့မှာပင်။

နတ်ဘုရားသာ ရောက်မလာခဲ့ပါက … ဤဟာက သူ့အဆုံးသတ်ဖြစ်လာမှာပင်။
“လတ်စသတ်တော့ ဒီသီချင်းကို “ကြယ်စင်တို့၏တောင်းဆု”လို့ ခေါ်တာပဲ။ ဒါဆိုရင် မင်းခုနတုန်းက တီးခဲ့တဲ့ သီချင်းနာမည်ကရောဘာတဲ့လဲ” ချီပိုင်ချာက နူးနူးညံ့ညံ့လေး မေးလိုက်သည်။

မုန်ရှင်း၏မျက်ဝန်းတို့ တုန်ခါသွားခဲ့သည်။
ဤသူစိမ်းယောင်္ကျားကို ဘာကြောင့်များ သူအိတ်သွန်ဖာမှောက် ပြောပြမိနေသလဲဆိုတာ မသိတော့ပေ။ တစ်ဖက်လူက ဤရက်တွေအတောအတွင်းမှာ သူ့ကိုယုံကြည်တယ်လို့ ပထမဆုံးပြောလာခဲ့တဲ့သူမို့လို့များလား၊ ဒါမှမဟုတ် တစ်ဖက်သူရဲ့အရောင်အဝါက အရမ်းနူးညံ့ပြီးတော့ အန္တရာယ်မပြုလို့များလား။ လူတွေကို သတိမထားလိုက်မိပါဘဲ သူတို့၏အကာအကွယ်အား  လုံးလုံးလျှော့ချ‌နိုင်စေခဲ့သည်။

ဤယောင်္ကျား၏နာမည်ကိုတောင် သူမသိပါဘဲနှင့် အကုန်လုံးကို ဘာရယ်ကြောင့်မှန်းမသိ ရှင်းပြနေမိသည်။

မုန်ရှင်းက တိုးတိုးလေးပြောလိုက်သည်။ “မျှော်လင့်ချက်ပျက်သုန်း”

ဤလက်တန်းဖန်တီးထားမှုကို “မျှော်လင့်ချက်ပျက်သုန်း”ဟုခေါ်သည်။

ချီပိုင်ချာက ဆိုလိုက်၏။ “မျှော်လင့်ချက်ရှိပါသေးတယ်”

မုန်ရှင်းက တိုးတိုးလေးဆိုလိုက်၏။ “မျှော်လင့်ချက်မရှိတော့ဘူး”

“ကျွန်တော့်ကို ကျောင်းကနေပြီးတော့ ထွက်သွားဖို့ ပြောခံလိုက်ရပြီ … အဆောင်ကနေပြီးတော့လည်း သုံးရက်အတွင်း ဖယ်ပေးရတော့မှာ” ကောင်လေး၏မျက်ဝန်းများထဲမှာ ရှုပ်ထွေးမှုတို့ ပြည့်နေခဲ့သည်။ “ကျွန်တော် ဘယ်ကိုသွားရမလဲဆိုတာမသိဘူး… ကျွန်တော့်မှာ ပိုက်‌ဆံလည်းမရှိဘူး”

“မင်း ထွက်သွားစရာမလိုပါဘူး” ချီပိုင်ချာက မတ်တပ်ရပ်လိုက်ပြီးတော့ သူ့အဝတ်အစားပေါ်က ဖုန်တွေကို ခါလိုက်သည်။ “သုံးရက်အတွင်းမှာ မင်းအတွက် ငါဖြေရှင်းပေးပါ့မယ်”

မုန်ရှင်းကတော့ ဘာလို့လဲဆိုတာ နားမလည်ပေ။

ချီပိုင်ချာက ဘာမှထပ်မပြောတော့ဘဲ ပီယာနိုအခန်းထဲကနေပြီးတော့ ‌ဖြည်းဖြည်းချင်း ထွက်လာလိုက်သည်။

မုန်ရှင်းက မနေနိုင်တော့ဘဲ မေးလိုက်မိသည်။ “ခင်ဗျား ဘယ်သူလဲ။ ကျွန်တော့်ကို ဘာလို့ကူညီချင်ရတာလဲ”

ချီပိုင်ချာက တံခါးနားမှာ ရပ်လိုက်ပြီး တခဏလောက်စဉ်းစားကာ ပြန်လှည့်လိုက်သည်။

“ငါက ဒီလောကကြီးရဲ့စောင့်ရှောက်သူမို့လို့လေ”

မုန်ရှင်း : “… ခွီး”

ဘယ်လိုတောင် မာန်ပါလိုက်တဲ့ chuuni အဖြေမျိုးလဲ။

t/n : chuuniက ပြောရရင် သူ့ကိုယ်သူအရမ်းတော်တယ် အရမ်းစွမ်းအားကြီးတယ်ဆိုပြီးတော့ ထင်ယောင်ထင်မှားဖြစ်နေတဲ့သူကိုပြောတာပါ

ပြီးတော့ သူက ဒီအားကိုးလို့ရမယ့်ပုံစံပေါက်တဲ့ ယောင်္ကျားမှာ သူ့ကိုကူညီပေးနိုင့်မယ့်နည်းလမ်း တစ်ကယ်ရှိတယ်လို့ ထင်မိသွားသေး၏။

“ထင်သားပဲ … မင်းမယုံကြည်လောက်ဘူးလို့”

ချီပိုင်ချာက ဒါကတော်တော်လေး  အခံရခက်တာပဲဟု တွေးလိုက်မိသည်။
သူကသာ “ငါက နတ်ဘုရားပဲ”ဟု တန်းပြောလိုက်ပါက … သူ့ကို စိတ်မနှံ့တဲ့သူလို့ ထင်ခံရနိုင်ချေ အတော်လေးများသည်။

သို့ပါသော်လည်း ထိုကဲ့သို့သော chuuni အဖြေမျိုးက ဤအရောင်မှိန်နေတဲ့ ကြယ်လေးကို စက္ကန့်အနည်းငယ်လောက် ပြုံးသွားစေလိုက်နိုင်မယ်ဆိုလျှင် အရှင်နှင်းနတ်ဘုရားက သူ့ရဲ့ပုံရိပ်ကို အနည်းငယ်လောင် ဖျက်ဆီးပစ်လိုက်ဖို့ ဝန်မလေးပေ။



Zawgyi

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now