အပိုင်းလေးဆယ့်ခုနှစ်(ပထမပိုင်း)

1K 211 3
                                    

Burmese Translation of “After Marrying The Male God”

Translator – ScartletAnemone

အပိုင်း 47- အနောက်ခြမ်းပင်လယ်
----------

“ချွဲနွဲ့‌နေလည်း အသုံးမဝင်ဘူး”

----------

မုန်ရှင်းက Vieria နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆုရခဲ့ပြီးတော့၊ တစ်ခါတည်းနှင့် နာမည်ကြီးလာခဲ့သည်။ ထိုသတင်းက တရုတ်နိုင်ငံဆီကို အမြန်ပျံ့နှံ့လာခဲ့ပြီး သူ၏ဆုရခဲ့သော ပီယာနိုတီးခတ်မှုက လိုင်းပေါ်မှာ ပလူပျံနေခဲ့၏။ ဗီဒီယာတို့က တရုတ်ပြည်သူများက အရမ်းကို ဂုဏ်ယူနေကြသည့် အကြောင်းကို ခေါင်းစီးရေးပြီးတော့၊ မုန်ရှင်းကိုလည်း တရုတ်နိုင်ငံကို ပိုပြီးတော့ ဂုဏ်ရှိန်တတ်အောင်လို့ ဆောင်ရွက်ပေးခဲ့သည့်အတွက် ချီးကျူးခဲ့ကြသည်။

မုန်ရှင်းကပိုပြီးတော့ ထူးချွန်ပြောင်မြောက်လာလေလေ၊ ချင်ယိရုံလုပ်ခဲ့သော အပြုအမူက ပိုပြီးတော့တောင် အော်ဂလီဆန်စရာကောင်းလာခဲ့၏။ သို့သော် အခုချိန်မှာတော့ ဘယ်သူကမှ သူမကို အာရုံထပ်မစိုက်ကြတော့ချေ။ ချင်ယိရုံက ထောင်ကျသွားခဲ့ပြီး၊ သူမ၏ကုမ္ပဏီကနေပြီးတော့လည်း ပိတ်ပင်ခံခဲ့ရသည်။

သတင်းဆိုးဖြင့် နာမည်ကြီးသော အနုပညာရှင်နှင့်ပတ်သတ်သည့် အလုပ်မှန်သမျှကိုလည်း စင်မြင့်ထက်ကနေ အကုန်ဖယ်ရှားပစ်ခဲ့၏။ လူထု၏မြင်ကွင်းအောက်ကနေပြီး ပျောက်ကွယ်သွားခဲ့တာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း၊ ဘယ်သူကမှ သူမအကြောင်းကို စိတ်မဝင်စားကြတော့ပေ။ အများဆုံးမှ လူတွေက သူမကို တစ်ခါတစ်ရံ တွေးမိပြီးတော့ ရှုံ့ချရုံသာရှိတော့သည်။

မုန်ရှင်းက သူရှိနေသင့်သည့် အမြင့်မှာ ရပ်နေခဲ့ပြီး၊ တောက်ပနေသော ကြယ်လေးတစ်ပွင့်ဖြစ်လာခဲ့သည်။

“ကြယ်လေးက နောက်ဆုံးတော့ ‌လင်းလက်လာခဲ့ပြီ… သူ့ရဲ့သီလရှင်မားမားရဲ့ ဆန္ဒကို သူဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။ အဲတာကို ဘာလို့မဆိုင်တဲ့ ငါကပါ ရောယောင်ပြီးတော့ စိတ်လှုပ်ရှားနေမိရတာလဲ”

“ငါ့မှာမျက်ရည်တောင်ဝဲမိတယ်။ ‘မျှော်လင့်ချက်ပျက်သုဉ်း’ကနေပြီးတော့ ‘မျှော်လင့်ချက်‌လေး’ဖြစ်လာခဲ့တာ … ပြောင်းလဲမှုက အရမ်းကို ရှော့ရလောက်စရာပဲ။ အမှန်တရားကို ဖော်ထုတ်ပေးခဲ့တဲ့သူက အရမ်းကို ကြင်နာတတ်တာပဲ”

“တကယ်ပဲ… အဲဒီပိုစ့်ကို ဘယ်သူတင်ခဲ့တာများလဲ…”

ချီပိုင်ချာက Vieriaပြိုင်ပွဲက
မုန်ရှင်း၏ဖျော်ဖြေမှုဗီဒီယိုကို သူ့အိမ်ကနေပြီးတော့ ကြည့်နေခဲ့ပြီး၊ တရစပ်မေးမြန်းနေကြတဲ့ မေးခွန်းတွေက သူ့မျက်စိရှေ့မှာ လူးလာနေကြ၏။ သူ့မျက်လုံးတွေကို မှိတ်ကာ၊ မုန်ရှင်း၏ပီယာနိုတီးသံကို အာရုံစိုက်၍ နားဆင်လိုက်သည်။

သူ၏နှုတ်ခမ်းထောင့်တို့က အနည်းငယ် ကော့တက်သွားခဲ့သည်။

နတ်ဘုရားက ဤကမ္ဘာကြီးကို နှစ်သန်းပေါင်းချီအောင် တိတ်ဆိတ်စွာဖြင့် ကာကွယ်ပေးနေခဲ့ပြီး၊ ဘယ်တုန်းကမှ အသိအမှတ်ပြုမှုကို မရရှိခဲ့ပေ၊ ဆုလာဘ်တွေလည်း ဘယ်တုန်းကမှ မရခဲ့ဖူးသလို၊ တုံ့ပြန်လာမှုကိုလည်း ရခဲ့ခြင်းမျိုး မရှိပေ။ ထိုဟာက အထီးကျန်ဆန်လှသော လက်တွေ့ပင်။

ဤသီချင်းက သူ့ကိုနားဆင်ခိုက်မှာ ချီပိုင်ချာကို အရမ်းပျော်ရွှင်ရစေ၏။

ကျောင်း၌။

“နောက်ဆုံးတော့ ရိုက်ကူးရေးပြီးသွားပြီ … တကယ်ကို မလွယ်ခဲ့ဘူး” လျို့ခိုင်းရှန်က သက်ပြင်းရှည်ကြီး ချလိုက်၏။ “ဒီအတောအတွင်းမှာ တကယ်ကို ကိစ္စတွေအများကြီး ဖြစ်ပျက်ခဲ့တာပဲ”

“တော်တော်ကို ဖြစ်ပျက်ခဲ့တာ” ချွေ့ဟောင်လည်း သူ့နဖူးထက်ရှိ ‌ချွေးကို သုတ်လိုက်ရင်းမှ ခေါင်းညိမ့်ပြီးတော့ ထောက်ခံလိုက်သည်။

မျိုးစုံသော ပြဿနာတွေကြောင့် နဂိုတုန်းက တစ်ပတ်မျှသာ ကြာမှာဖြစ်သည့် ရိုက်ကူးရေးကာလကို နွေရာသီအားလပ်ရက်ကို ရောက်ချိန်အထိ အချိန်ဆွဲခဲ့ရပြီး၊ ထိုအတောအတွင်းမှာလည်း ကြေညာချက်တွေကို အလောတကြီး လုပ်ခဲ့ရသည်။ ရာသီဥတုက ပူသထက်ပူလာခဲ့ပြီး၊ ထိုဟာက ဧည့်သည်တွေအတွက်ရော ဝန်ထမ်းများအတွက်ပါ နှိပ်စက်ခံနေရသလိုပင်။

ကျန်းယန်က သူတို့၏စကားဝိုင်းမှာ ဝင်မပြောခဲ့ဘဲ၊ ယုယင်ကို နေရာစုံမှာ လိုက်ရှာနေခဲ့၏။

အဲဒီ့‌sirenပေါက်စလေး ဘယ်များသွားပြန်တာလဲ။ ငါ စောနလေးတင်ကမှကို သူ့ကို သေချာပေါက် ဒီ‌နားလေးမှာ တွေ့လိုက်ပါတယ်။

ယာယီအဝတ်လဲခန်းထဲ၌ ဆယ်ကျော်သက်လေးက ထိုင်ခုံပေါ်မှာ ထိုင်နေခဲ့သည်။ သူ့ရဲ့အကြည့်‌တို့ကို အောက်ချထားခဲ့ပြီး၊ သူ၏ဖြူဖျော့နေသော နှုတ်ခမ်းတို့က အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

“ပူတယ်”

သူ၏လက်ထောက်ဖြစ်သူက လက်မောင်းတွေကို ‌ဖက်ထားရင်းမှ အေးလွန်း၍ တုန်ခိုက်နေခဲ့၏။ “ရှောင်ယွီရေ… အဲယားကွန်းက 16°C ထိတောင်ရောက်နေပြီလေ… မင်းက ဘယ်လိုလုပ်ပြီးတော့ ပူနေရသေးတာလဲ။ အေးလွန်းအားကြီးလို့… ငါမခံစားနိုင်တော့ဘူး”

အစောပိုင်းကတည်းက ယုယင်နှင့်ပတ်သတ်ပြီး တစ်ခုခုတော့ လွဲနေခဲ့၏၊ သူက သူ့ကိုယ်သူ အဲယားကွန်းခန်းထဲမှာ ပိတ်ပြီးတော့ အေးမြမှုကို ခံစားနေခဲ့၏။ သူ့လက်ထောက်ဖြစ်သူက ယုယင်တစ်ယောက် ပူနေလို့ပဲဟု ထင်ခဲ့မိသော်လည်း၊ အပူချိန်က အရမ်းကို နိမ့်လွန်းအားကြီး၏။

ယုယင်ကတော့ ပြောနေဆဲပင်။ “ပူတယ်”
လက်ထောက် : “…” ဒီသခင်ပေါက်စလေးက သာမန်လူတွေနဲ့ မတူညီတဲ့ အတွေးအခေါ် ရှိရုံတင်မကပဲ… အပူချိန်ပေါ်ထားတဲ့ သဘောထားကပါ တစ်ခြားသူတွေနဲ့ ကွဲနေတာများလား။

အခုက အပြင်ဘက်မှာ ပူအိုက်နေသော်ငြားလည်း၊ သူက အဲယားကွန်း၏အပူချိန်ကို လျှော့ချသထက် လျှော့ချနေခဲ့ပြီး၊ သခင်ပေါက်စလေးက အမြဲလိုလို စကားတစ်ခွန်းကိုသာ ပြောနေခဲ့၏။ “ပူတယ်” ဆိုပြီးတော့ပေါ့။ လက်ထောက်ဖြစ်သူလည်း ခေါင်းကိုငုံ့ကာ ငြိမ်သက်နေသည့် ဆယ်ကျော်သက်ကလေးကို ကြည့်ရင်းမှ အသံတိတ် သက်ပြင်းချလိုက်မိသည်။

ဤကလေးက … သီချင်းဆိုတာ အရမ်းကောင်း၏… သူက တသီးတသန့်ဆန်ပြီးတော့ လူတွေနဲ့ခပ်ကင်းကင်းနေတတ်တဲ့ စရိုက်လေး ရှိနေရုံသာပင်။ နောက်ပြီး သူ့ရဲ့စကားပြောစွမ်းရည်က နည်းနည်းလေးလောက် အချိုးမကျပေ။ စစချင်းတုန်းဆိုလျှင် သူက ဒါရိုက်တာစွင်းတစ်ယောက်ကိုသာ စကားပြောချင်ခဲ့တာဖြစ်ပြီး၊ သူ့ရဲ့သီချင်းကလည်း တေးသံကို ညည်းရုံသာဖြစ်ပြီး၊ စာသားပါတာ အရမ်းကိုရှား၏။

ဒါရိုက်တာစွင်းက သူ၏အရည်အချင်းကို တန်ဖိုးထားတာကြောင့်၊ သူ၏အဆက်အသွယ်တွေကို သုံးပြီးတော့ ယုယင်ကို ဤရသစုံရှိုးမှာ ပါဝင်စေခဲ့တာဖြစ်ပြီး၊ လူတွေအများကြီးနှင့် သူပြောဆိုဆက်ဆံနိုင်ပြီးတော့၊ စကားတွေလည်း အများကြီးပြောကာ ကျန်းမာလာစေချင်ခဲ့တာဖြစ်သည်။

ဒါပေမယ့် အခုကြည့်ရတာတော့ … အဲတာကလည်း အကျိုးသိပ်မရှိတဲ့ပုံပါပဲ…

“ဒီထက်ပိုပြီးတော့ အပူချိန် နိမ့်လို့မရတော့ဘူး” လက်ထောက်လည်း ယုယင်ကို အဲယားကွန်းရီမုတ်ကွန်ထရိုးကို ပြလိုက်၏။ “ကြည့်လေ… အနိမ့်ဆုံးက 16°Cထိပဲ”

ယုယင်က ရီမုတ်ကွန်ထရိုးကို တခဏလောက် စိုက်ကြည့်ပြီးနောက်မှာတော့ မတူညီတဲ့စကားကို ထုတ်ပြောလာခဲ့၏။ “…ရေဆာတယ်”

လက်ထောက်လည်း ရေသန့်ဘူးတစ်ဘူးကို အဖုံးမြန်မြန်ဖွင့်ပြီးတော့ သူ့ကိုပေးလိုက်၏။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now