အပိုင်းသုံးဆယ့်ရှစ်(ဒုတိယပိုင်း)

1.1K 249 1
                                    

Burmese Translation of "After Marrying The Male God".

Translator – ScartletAnemone
--------

အပိုင်း-၃၈( ဒုတိယပိုင်း)

ဗီဒီယိုက စကားပြောနေသည့်သူ၏မျက်နှာကို မရိုက်မိထားသော်လည်း၊ ထိုအေးမြပြီးတော့ သာယာသည့်အသံလေးက ဗီဒီယိုကို ကြည့်နေကြသည့် လူတိုင်းအား အံ့ဩသွားစေခဲ့ပြီး၊ ပူလောင်လှသော နွေရာသီ၏အပူရှိန်တောင်မှပဲ သိသိသာသာကြီးကို လျော့ကျသွားခဲ့သည်။

ထိုကဲ့သို့သော အသံမျိုးက သေချာပေါက်ကို သီချင်းဆိုကောင်းမှာပင်။ သူက ရိုက်ကူးရေးအဖွဲ့ကနေပြီးတော့ ဖိတ်ထားတဲ့ လျို့ဝှက်ဧည့်သည်များလား ဒါမှမဟုတ် ဒိုင်လူကြီးများလား။

လူများက အလိုလိုနေရင်း စိတ်ရှည်လက်ရှည်ဖြင့် ဆက်နားထောင်မိလိုက်ကြသည်။

“သေချာပေါက်ကို ကျွန်မရေးခဲ့တာပေါ့။ ကျွန်မတို့ဧည့်သည်တွေလည်း ဒီလုပ်ရမယ့်အကြောင်းအရာကို ဒီနေ့မှသိရတာလေ။ မစ္စတာချီ… ရှင် ဘာလို့မေးတာလဲ”

“ဒါကိုတကယ်ကြီး ဒီနေ့မှရေးတာလား … ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ဘဲနဲ့လေ”

“မစ္စတာချီက ကျွန်မကို မေးခွန်းထုတ်နေတာလား။ လေးနာရီကြာ ဖန်တီးမှုဖြစ်စဉ်ကို မနက်က‌တည်းကနေပြီးတော့ သေချာရိုက်ကူးထားပြီးသားလေ။ ကျွန်မ နေရာမှာတင် ဖန်တီးခဲ့တာ အသိသာကြီးပဲဟာ… ရှင် ရိုက်ကူးထားတာကိုရော ပြန်ကြည့်ဖို့လိုသေးလား”

“နောက်ဆုံးမေးခွန်း… ဒါကို တကယ်ပဲ “မရေမရာ”လို့ခေါ်တာလား”

“မစ္စတာချီက ကျွန်မကို မကျေနပ်တာတစ်ခုခုများ ရှိနေတာလား။ ကျွန်မက ဒါကိုဖန်တီးခဲ့တဲ့သူလေ … သေချာပေါက် နာမည်ဘယ်လိုခေါ်လဲဆိုတာကို ကျွန်မသိတာပေါ့။ ဒီသီချင်းရဲ့နာမည်က သေချာပေါက်ကို “မရေမရာ”ပဲ” အခုပြောနေသည့်အသံက ချင်ယိရုံ၏အသံပင်။

“မဟုတ်ဘူး။ အဲတာကို “မျှော်လင့်ချက်ပျက်သုန်း”လို့ခေါ်တယ်”

ထို့နောက်မှာတော့ လူငယ်လေးက နောက်ထပ်ကောင်လေးတစ်ယောက်က “မျှော်လင့်ချက်ပျက်သုန်း”ကို တီးခတ်နေသည့် ဗီဒီယိုအား ဖွင့်ပြပြီးတော့၊ မုန်ရှင်း၏အကြောင်းကို ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပြောပြလိုက်သည်။

“ဒီကလေးမှာ သိပ်မပြင်းတဲ့ အော်တစ်ဇင်ရောဂါရှိနေတာ… ပြီးတော့ သူ့ရဲ့ဆွေမျိုးတွေကိုလည်း ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးမှာ သူ ‘ကြယ်စင်တို့၏တောင်းဆု’ကို ရေးဖွဲ့ခဲ့တယ်။ ဒါပေမယ့် သူ့မိသားစုအတွက်ရေးဖွဲ့ခဲ့တဲ့ သီချင်းကို အကူးချခံလိုက်ရပြီး… သူကတော့ သူခိုးအဖြစ် ဆက်ဆံခံလိုက်ရတယ်။ လှောင်ပြောင်ခံရပြီးတော့ အနိုင်ကျင့်ခံခဲ့ရတယ်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ‌တွေ ပြိုလဲသွားခဲ့ပြီးတော့… တမြန်မနေ့ကပဲ အဆောက်အဦးပေါ်ကနေ ခုန်ချပြီးတော့ သတ်သေဖို့ကြိုးစားခဲ့တယ်”

“အဲ့ကလေး သေသွားပြီလား”

“ဟင့်အင်း… သူကယ်တင်ခံလိုက်ရတယ်”

“ဒါပေမယ့် အဲလုပ်ရပ်ကြောင့်မလို့… သူ့ကို ကျောင်းကနေထွက်သွားဖို့ အပြောခံလိုက်ရပြီး… အဆောင်ကနေပြီးတော့ သုံးရက်အတွင်းမှာ ထွက်ပေးရတော့မှာ … ဒါပေမယ့် သူ့မှာပြန်စရာအိမ်မရှိဘူး”

“အဲလိုစိတ်အခြေအနေမျိုးမှာ … သူက ဒီ “မျှော်လင့်ချက်ပျက်သုဉ်း”ဆိုတဲ့ သီချင်းကို ဖန်တီးခဲ့တာပဲ”

ဒုတိယမြောက် ဗီဒီယိုက ထိုနေရာမှာ အဆုံးသတ်သွားခဲ့သည်။

အခုအချိန်မှာတော့ လူတိုင်းနီးပါး အမှန်တရားအပေါ်မှာ မခံမရပ်နိုင်ဖြစ်သည့်စိတ်တို့ဖြင့် ပြည့်နှက်သွားခဲ့ကြသည်။

လောကကြီးထဲမှာ ဒီလိုမတရားတဲ့ကိစ္စမျိုး ရှိသေးတယ်လား။ ကူးချတဲ့သူကကျ မဟားတရားတွေ အောင်မြင်ကျော်ကြားနေချိန်မှာ၊ မူရင်းဖန်တီးတဲ့သူကကျ နာမည်ဆိုးနဲ့ ကျော်ကြားနေရတယ်။ ဒါက သတင်းခေါင်းစီးမှာရေးထားတဲ့ဟာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကို တစ်ထပ်တည်း သွားကျနေတာပဲ၊ တရားမျှတမှုက ဘယ်မှာလဲ။
လူတို့က ချက်ချင်းဆိုသလို တတိယ‌မြောက်linkကို နှိပ်လိုက်ကြပြီး၊ ဤတစ်ခါမှာတော့ မူရင်း ‘မျှော်လင့်ချက်ပျက်သုဉ်း’ကိုတီးနေသည့် ဗီဒီယိုဖြစ်နေခဲ့သည်။ ဗီဒီယိုထဲမှာ ကောင်လေးက ပီယာနိုအခန်းထဲမှာ တစ်ယောက်တည်းထိုင်ကာ တီးခတ်နေခဲ့ပြီး၊ ပီယာနိုသံစဉ်ထဲက နက်ရှိုင်းသည့် စိတ်ဓာတ်ကျမှုနှင့် ဝမ်းနည်းမှုတို့က လူတိုင်း၏နှလုံးသားကို ကူကယ်ရာမဲ့သလို ခံစားလာ‌ရစေ၏။ သီချင်းပြီးဆုံးသွားချိန်မှာ… ကောင်လေးက ပီယာနိုကိုမှီပြီးတော့ ငိုနေခဲ့သည်။ ဗီဒီယိုကို ကြည့်နေကြသောသူတွေက သူတို့ထိုဗီဒီယိုထဲကို ဝင်သွားပြီးတော့ ကောင်လေးကို မနှစ်သိမ့်ပေးနိုင်သည့်အပေါ် မုန်းတီးနေမိကြသည်။

သူတို့တက်လာပြီးတော့ နာရီဝက်အတွင်းမှာပဲ… ထိုဗီဒီယိုသုံးပုဒ်က အွန်လိုင်းပေါ်မှာ နေရာတကာပျံ့သွားပြီးတော့ … ဆွေးနွေးသံတွေ ပွက်ပွက်ညံသွားစေခဲ့သည်။

Netizen 1: ငါမယုံဘူး။ ငါမယုံနိုင်ဘူး။ ယိရုံက အရမ်းအရည်အချင်းရှိတာ… “ရစ်ဝဲနေသော မြတ်နိုးမှုလေး” မရှိရင်တောင်မှပဲ… သူမရဲ့တခြားသီချင်းတွေကလည်း အရမ်းကောင်းနေပြီးသားဥစ္စာ။  ဘာကိစ္စ သီချင်းခိုးဖို့ လိုနေဦးမှာလဲ။ ဒါက သူမကိုနာမည်ဖျက်ဖို့အတွက် ပြိုင်ဘက်ကနေပြီးတော့ တင်လိုက်တဲ့ ဗီဒီယိုပဲဖြစ်ရမယ်…ဟုတ်တယ်မလား။

Netizen 2: ငါ့ရဲ့ နည်းပညာကျွမ်းကျင် အတန်းဖော်ကို ငါစစ်ဆေးကြည့်ခိုင်းလိုက်တော့ … သူက ဒီဗီဒီယိုမှာ တည်းဖြတ်ထားတဲ့ အရိပ်အယောင်တွေ မရှိဘူးလို့ပြောတယ်။ ပြီးတော့ ငါဟိုးအရင်ကတည်းက ပြောချင်နေတာ တစ်ခုရှိတယ်… လူတစ်ယောက်ရဲ့စတိုင်က ဘယ်လောက်ပဲပြောင်းလဲသွားပါစေဦး … အခုလို အရာရာကို လုပ်နိုင်နေတဲ့အထိတော့ မဖြစ်နိုင်ဘူးလေ။ သူမက အရင်တုန်းက  ဂီတနဲ့ပတ်သတ်တာကို တစ်ခါလေးတောင်မှ သေသေချာချာ မသင်ခဲ့ရဘူးလေ။ သူမရဲ့တခြားသီချင်းတွေကလည်း သူမကိုယ်ပိုင်ရေးထားတာတွေ ဟုတ်မဟုတ်ဆိုတာ သေမှမသေချာဘဲ…။

Netizen 3: အိမ်ကြီးတော့ ပြိုကျသွားပြီ … ငါနာကျင်နေပါပြီ။

Netizen 4: အိမ်ကြီးက ပြိုကျသွားပြီ‌ဆိုပေမယ့်လည်း… ငါအခုထိကို မယုံနိုင်သေးဘူး… ဒါက အတုအယောင်လို့ပဲ ငါထင်နေတုန်းပဲ။

Netizen 5: အော်ကလီဆန်စရာကောင်းလိုက်တာ… သူ့သီချင်းကိုလည်း ကူး‌ချသေးတယ် … သူ့ကိုလည်း စွပ်စွဲဖို့ လုပ်လိုက်သေးတယ်။ ဒီလို ‌အရှက်မရှိတဲ့သူမျိုးကို ငါဘယ်တုန်းကမှ မတွေ့ဖူးဘူး… ဝေါ့။

Netizen 6: ငါ ဒီမုန်ရှင်းကို မှတ်မိတယ်။ အသက်ဆယ့်ခြောက်နှစ်မှာပဲ… သီချင်းရေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့ပြီးတော့… Sမြို့တော်က ဂီတကျောင်းမှာ ဝင်ခွင့်ရခဲ့တာ။ မုန်းဖို့ကောင်းလိုက်တာ … ဒီလိုအရည်အချင်းရှိတဲ့ ကလေးက ချင်ယိရုံရဲ့ဖျက်ဆီးတာကို ခံရတော့မလို့။

Netizen 7: ‘မျှော်လင့်ချက်ပျက်သုန်း’ကို နားထောင်တုန်းကဆိုရင် … ငါမျက်ရည်တောင် ကျတော့မတတ်ပဲ။ ဒီလိုသီချင်းမျိုးကို ဖန်တီးနိုင်တဲ့အထိ … ဘယ်လောက်တောင် စိတ်သောကရောက်နေရှာမလဲ။ အဲတာနဲ့တခြားစီ ချင်ယိရုံကတော့ ဘာကိုတီးပြနေတာလဲ။ သူတို့ရဲ့ ကွယ်လွန်သွားတဲ့ သီလရှင်မားမားကို ပေးဖို့အတွက် သူများရေးထားတဲ့ သီချင်းကို ကူးချခဲ့ပြီးတော့… အခုလည်း စိတ်သောကတွေကို ဖွင့်ထုတ်ဖို့ရာအတွက် မူရင်းတေးရေးဆရာက ရေးဖွဲ့ထားတဲ့ဟာကိုတောင်မှ ကူးချင်နေသေးတယ်… သူမက တကယ်ကို ‌သေချင်နေတာပဲ။ မရေမရာလို့ ခေါင်းစဉ်ပြောင်းပစ်တယ်ဟုတ်လား… ချီးကို မရေမရာပါလား။ ဒါ ပထမဆုံးအကြိမ်အဖြစ် လူတစ်ယောက်ကို ငါအရမ်းမုန်းမိတာပဲ … ပြီးတော့ အဲတာကလည်း ချင်ယိရုံကြောင့်။

Netizen 8: ငါလို ဂီတကို တစ်လုံးတစ်လေတောင် မခံစားတတ်တဲ့သူတောင်မှပဲ… ‘မျှော်လင့်ချက်ပျက်သုဉ်း’ကြောင့် ခံစားလိုက်ရတယ်။ အဲတာကို ကြားရရုံနဲ့တင်ကို ငါငိုချင်နေတာ … ဒါပေမယ့် ချင်ယိရုံတီးသွားတုန်းကတော့ ငါ့မှာဘာအမူအရာမှ မရှိခဲ့ဘူး… အဲတာက ရှုပ်ယှက်ကိုခတ်နေတာပဲ။ ဒါက ကောင်းကင်ထက်ကတိမ်နဲ့ မြေကြီးပေါ်က ဗွက်အိုင်ရဲ့ကွာခြားမှုပဲ … သူတို့ရဲ့အရည်အချင်းတွေကြားက ကွာဟမှုပဲ။

Netizen 9: ဒီကိစ္စက တကယ်ကိုရေပန်းစားနေတာပဲ … သူမက ဒီကိစ္စမှာ အမှားလုပ်ခဲ့တယ်ပဲထားပါ‌ဦး… သူမရဲ့အရည်အချင်းကိုတော့ ငြင်းလို့မရဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကူးချခဲ့တာနေနေ ဘာနေနေ … ငါကတော့ ဂရုမစိုက်ဘူး… သီချင်းက နားထောင်လို့ကောင်းနေသရွေ့ ပြီးတာပဲ။ ပြီးတော့  သူမရဲ့ကျော်ကြားမှုကြောင့်သာ မဟုတ်ရင် မူလဖန်တီးခဲ့သူကို လူတွေသိတောင်မှ သိကြမှာလား။ ဘယ်လိုလုပ်ပြီးတော့ အရင်တုန်းကကျ သူမတရားခံရပါတယ်ဆိုပြီးတော့ ငိုယိုပြတာကို … ငါမတွေ့ခဲ့ရတာလဲ။ သူက ဒီဗီဒီယိုတွေကို ချင်ယိရုံနာမည်ကြီးလာတဲ့ အချိန်ကျမှ ပို့လိုက်တာ။ ငါမြင်ရသလောက်ကတော့ … ဒီမုန်ရှင်းဆိုတဲ့တစ်ယောက်က ချင်ယိရုံရဲ့အောင်မြင်မှုကို ကပ်တွယ်ပြီးတော့ … အောင်မြင်ချင်လို့ ရူးနေတာပဲ။

Netizen 10: ဘာကြီးဖြစ်နေနေ ကာကွယ်ပေးမယ့်သူက နောက်ကျပေမယ့် ရောက်တော့လာပြီပဲ။

Netizen 11: ချင်ယိရုံအတွက် ကာကွယ်ပေးမယ့်fanက ဘယ်လိုတောင် ဦးနှောက်မရှိတဲ့ fanမျိုးလဲ.. သူတို့ရဲ့ စဉ်းစားဉာဏ်ကိုတောင် ကန်ထုတ်ပြီးတော့ fanလုပ်နေတာပဲ။ သူတို့ရဲ့ အခြေခံ လူ့ကျင့်ဝတ်အသိဉာဏ်ကို ခွေးစားခံလိုက်ရတာလား။

Netizen 12: လတ်စသတ်တော့ ဒီသီချင်းကို ‘ကြယ်စင်တို့၏တောင်းဆု’ လို့ခေါ်တာပဲ… လှလိုက်တဲ့နာမည်လေး။ ချင်ယိရုံကလူကိုမဟုတ်တာ… သူများက သူ့ရဲ့သေသွားတဲ့ သီလရှင်မားမားကို ပေးဖို့အတွက်ရေးထားတဲ့ သီချင်းကိုတောင်မှ ကူးချပြီးတော့…  သူမရဲ့ငယ်ဘဝတုန်းက ရူးမိုက်ခဲ့တဲ့ အချစ်ဇာတ်လမ်းလို့တောင် ပြောလိုက်သေးတယ်… နင်နဲ့တန်လို့လား။

Netizen 13: ငါတစ်ယောက်တည်းကပဲ သူများတွေနဲ့မတူတာကို အာရုံစိုက်မိနေတာလား။ ဒီအမိုက်စားသတင်းကြီးက “ဘယ်တော့မှ အဆုံးသတ်မသွားမယ့် ငယ်ရွယ်မှု”ကနေပြီးတော့ ထွက်လာခဲ့တာလေ။ မနေ့တုန်းက ဖန်းယာအာက “ဘယ်တော့မှ အဆုံးသတ်မသွားမယ့် ငယ်ရွယ်မှု” ကနေပြီးတော့ ဒဏ်ရာရခဲ့ပြီးတော့ ဆေးရုံတင်လိုက်ရတယ်… ဒီနေ့ကျတော့ ချင်ယိရုံက သီချင်းကူးချတာကို အဖော်ခံလိုက်ရတယ်။ ဒီရိုက်ကူးရေးအဖွဲ့က တကယ်ကို အဆိပ်ပြင်းတာပဲ…။

Netizen 14: လူတွေမှာပြဿနာရှိနေတာ … ရိုက်ကူးရေးအဖွဲ့နဲ့ဘာဆိုင်လို့လဲ။ ရိုက်ကူးရေးအဖွဲ့ကမှ တကယ်သနားဖို့ကောင်းတာ။ ဒီလိုတွေ ဖြစ်လာမှတော့ ချင်ယိရုံရဲ့အပိုင်းတွေကို သေချာပေါက် အကုန်ဖြတ်ပစ်ရတော့မှာ။ သူမကို ဆက်ရိုက်နေဦးမယ်ဆိုရင်တော့ … ငါသေချာပေါက်ကို မကြည့်တော့ဘူး။ ခိုးကူးလုပ်တဲ့ တိရိစ္ဆာန်တွေကို ငြင်းဆန်တယ်။

Netizen 15: ချင်ယိရုံ … အနုပညာလောကကနေပြီးတော့ ချက်ချင်းထွက်သွားလိုက်တော့။

Netizen 16: မစ္စတာလီ ပီသပါပေတယ် … ချင်ယိရုံရဲ့ပီယာနိုတီးသံမှာ ခံစားချက်မရှိတာကို နေရာမှာတင် တန်းကြားလိုက်နိုင်တယ်။ သူမလို သူများဟာကို ခိုးကူတဲ့ကောင်မက ဘယ်လိုလုပ်ပြီးတော့ မုန်ရှင်းရဲ့ခံစားချက်ကို နားလည်နိုင်မှာလဲ… တောက်…။

Netizen 17: ငါအာရုံစိုက်နေမိတဲ့ဟာကလည်း သူများတွေနဲ့ နည်းနည်းကွဲတယ်။ အခုပြောနေတဲ့‌အကြောင်းအရာနဲ့ မတူတဲ့ဟာကို ပြောမလို့ပါ… ငါတစ်ယောက်တည်းကပဲ မုန်ရှင်းအတွက် အမှန်တရားကို ဖော်ထုတ်ပေးခဲ့တဲ့ လူကြီးမင်းက တကယ်ချောတာပဲလို့ တွေးမိနေတာလား။ သူ့အသံက နားထောင်လို့ကောင်းပြီးတော့… ဖြောင့်မတ်မှန်ကန်မှုလည်းရှိတယ်… သူ့ရဲ့အသားအရေလေးက ဖြူဖွေးနေပြီးတော့ … ခြေတံတွေကလည်း အရှည်ကြီးပဲ … သူ့လက်တွေကလည်း အရမ်းကိုလှတာ။ ငါကွာ … သူ့ရဲ့မျက်နှာကိုတောင်မှ မမြင်ရသေးတာကို … သူ့ရဲ့အမာခံဖန်ဖြစ်သွားမိပြီ။

Netizen 18: ငါလည်းအဲလိုထင်တယ်။
အခုထိ ပစ်ခတ်နေသေးကြသော အရူးအမူး ဖန်အချို့ကလွဲလျှင်၊ နိုင်ငံသားအများစုက မှန်ကန်ဖြောင့်မတ်သော အမြင်တွေရှိကြ၍၊ ချင်ယိရုံကို ပြင်းထန်သည့် ထိုးနှက်ချက်တွေနှင့် ရွံရှာသည့်စကားတွေ ပြောလာကြ၏။ များပြားလှသော နိုင်ငံသားများ၏ ကောမန့်တွေထဲမှာ သူတို့၏Weiboမှာ ပို့စ်တင်ပြီးတော့ ပြောလာကြသော Sမြို့တော်၏ ဂီတကျောင်းက ကျောင်းသားတွေလည်း ပါလာကြသည်။

[ချီး... ချင်ယိရုံသီချင်းကူးချခဲ့တဲ့ပိုစ့်ကို တွေ့ပြီးတဲ့နောက် … ငါ့စိတ်တွေ လဲပြိုသွားတော့တာပဲ။ ငါက Sမြို့တော် ဂီတကျောင်းကပါ … ငါလည်းပဲ မုန်ရှင်းက မောက်မာပြီးတော့ လူတွေနဲ့အဆက်အဆံမလုပ်ဘူးလို့ ထင်ထားခဲ့တာ။ သူ့မှာ အော်တစ်ဇင်ရှိနေမှန်း ငါမသိခဲ့ဘူး… ငါလုံးဝ‌မပြောနိုင်ခဲ့ဘူး … သီချင်းကူးချတဲ့ကိစ္စကလည်း … သူက “ကြယ်စင်တို့၏တောင်းဆု”ကို သူ့ရဲ့နောက်ဆုံးစာသင်နှစ်အတွက် တင်သွင်းခဲ့ပေမယ့်… ‌တစ်ကျောင်းလုံး … ဆရာတွေရော ကျောင်းသားတွေကပါ သူက ချင်ယိရုံရဲ့ “ရစ်ဝဲနေသော မြတ်နိုးမှုလေး”ကို ကူးချခဲ့တယ်လို့ပဲ သတ်မှတ်ခဲ့ကြတာ။ သူက အမြဲတမ်း သူရေးခဲ့တာလို့ ပြောခဲ့ပေမယ့်လည်း … ဘယ်သူကမှ မယုံခဲ့ကြဘူး… ဒီစာသင်နှစ်အတွင်းမှာ… လူတိုင်းက သူ့ကိုခွဲခြားဆက်ဆံခဲ့ကြပြီးတော့ … ငါတောင်မှပဲ အရင်တုန်းက သူ့နောက်ကွယ်မှာ အတန်းဖော်ဖြစ်သူနဲ့အတင်းပြောခဲ့သေးတယ်။ လွန်ခဲ့တဲ့နှစ်ရက်တုန်းက သူအဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တုန်းကလည်း လူတိုင်းက အဲတာကိုဟာသအဖြစ် မှတ်ယူခဲ့ကြတာ … သူက လူဂရုစိုက်တာခံရအောင်လို့ လုပ်နေတာ … တကယ်ခုန်မချရဲပါဘူးဆိုပြီးတော့။ တောင်းပန်ပါတယ် … ကိစ္စတွေက ဒီလိုမျိုးဆိုတာကို ငါတကယ်မသိခဲ့ပါဘူး … သူဒီလောက်ထိ စိတ်ဓာတ်ရရနေလိမ့်မယ်လို့ ငါမသိခဲ့ဘူး။ သူပီတာနိုကိုတီးနေတဲ့ ဗီဒီယိုက ကြည့်ပြီးတဲ့နောက်မှာ ငါတို့အဆောင်ခန်းတစ်ခန်းလုံးကိုတောင် ငိုစေမိခဲ့သည်။ ငါက ချင်ယိရုံရဲ့fan ဖြစ်ခဲ့တာကြောင့် … ငါအခုအတော်လေးကို မချိမဆန့် ခံစားနေရတယ်။ အခုတော့ သူမကို ချီးတာ့တာပဲပေါ့။ ငါလိုလူက မုန်ရှင်းရဲ့fanဖြစ်လို့ရောရရဲ့လား]

ထိုWeibo ပိုစ့်က မြောက်မြားလှစွာသော likeတွေ ပြန်တင်တာတွေကို အလျင်အမြန်ပင် ရခဲ့ပြီး၊ နိုင်ငံသားတွေနှင့် ဖန်များက မုန်ရှင်းရှင်းအပေါ်ထားသည့် သူတို့ရဲ့ချစ်ခြင်းတွေကို ဖော်ပြလာခဲ့ကြသည်။

တစ်ချိန်တည်းမှာပဲ ဤအကြောင်းအရာအားလုံးကို ဖွင့်ချပေးခဲ့သော ချီပိုင်ချာကိုလည်း ကျေးဇူးတင်မိကြသည်။ ချီပိုင်ချာက ဗီဒီယိုထဲမှာ သူ့မျက်နှာကို မပြခဲ့ပေမယ့်လည်းပေါ့။

ထိုအမှန်တရားသာ ပေါ်မလာခဲ့လျှင် ဉာဏ်ကြီးရှင်၏ဘဝက မြောင်းထဲရောက်သွားပြီးတော့၊ တခြားသူ၏ဘဝကို ခိုးယူခဲ့‌သည့် သူ၏ဘဝကတော့ မီးရောင်အောက်မှာ အမြဲတောက်ပနေမှာဖြစ်သည်၊ ထိုအကြောင်းကိုတွေးမိချိန်မှာ သူတို့အားလုံး ယင်ကောင်ကို မျိုချလိုက်မိသည့်အလား ရွံရှာလာခဲ့ကြသည်။

ကွန်ပျူတာအခန်းထဲ၌ ချီပိုင်ချာက ကွန်ပျူတာအရှေ့မှာထိုင်ရင်း၊ ပိုစ့်ပေါ်မှာ ကောမန့်တွေက အလျင်အမြန်ဆိုသလို တောင်ပုံယာပုံဖြစ်လာကြပြီး၊ သတင်းခေါင်းစဉ်၏နံပါတ်က မြင့်သထက်မြင့်ကာ Weibo၏ ဟော့ဖြစ်နေတဲ့နေရာသို့ ခုန်တက်သွားတာကို ကြည့်နေခဲ့သည်။

ပိုစ့်တင်တဲ့သူအနေဖြင့် သူ့အတွက်အခက်ခဲဆုံးက မျက်လုံးကို ဖမ်းစားနိုင်သည့်ပိုစ့်မျိုးကို ဘယ်လိုဖန်တီးရမလဲဆိုတာပင်။

ဤအကြောင်းကြောင့် သူက ခေါင်းစဉ်တွေအများကြီးကို ကြည့်ခဲ့ရသည်။ ထိုအခါကြမှပဲ အတွေ့အကြုံမရှိသောသူက တင်သည်ဟု မထင်ရတော့မှာဖြစ်သည်။

အချိန်အကြာကြီးတွေးတောပြီးနောက် အဆုံးမှာတော့ သူက အမူအရာကင်းမဲ့စွာဖြင့် စာကြောင်းတစ်ကြောင်းကို ရိုက်လိုက်သည်၊။ လုံးဝရှော့ရသွားစေမယ့် ကောလာဟလ… နာမည်ကြီး အမျိူးသမီးအဆိုတော် ချင်ယိရုံက သီချင်းကိုခိုးယူပြီးတော့ ပွဲဦးထွက်ခဲ့ပြီးတော့၊ ရသစုံအစီအစဉ်ရိုက်ကူးရေးမှာလည်း နည်းလမ်းဟောင်းတွေကို ပြန်အသုံးချခဲ့တယ်၊ မူလသီချင်းရေးသူကတော့ ခိုးကူသူဆိုပြီးတော့ ခေါင်းစဉ်တပ်ခံရပြီးတော့ အဆောက်အဦးပေါ်ကနေခုန်ချဖို့ ဖိအားပေးခံခဲ့ရတယ်၊ တရားမျှတမှုက ဘယ်မှာလဲ။

ထို့နောက်မှာတော့ သူပိုစ့်တင်လိုက်၏။
တရားမျှတမှုက ဘယ်မှာလဲ။

ကောင်းကင်ဘုံက မျက်စိမှိတ်ထားပြီးတော့ အကြောင်းတရားက အိပ်မောကျနေခဲ့တယ် … ဘယ်သူမှဘာမှမလုပ်နိုင်ကြဘူး။

ဒါကြောင့်မို့ သူရောက်လာရတာပဲ။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now