#2.ရင့်ကျက်လာတဲ့အခါ

163 19 2
                                    

သင် တကယ်ရင့်ကျက်လာတဲ့အခါ..
*********************

(၁) အကြောက်တရားနဲ့ ပတ်သက်ပြီး..

လူတိုင်းမှာ အကြောက်တရားရှိပါတယ်။ ရင့်ကျက်တဲ့ သူတစ်ယောက်မှာလည်း သိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ကြောက်တဲ့အရာတစ်ခု ရှိပါတယ်။ ရင့်ကျက်တဲ့သူတစ်ယောက်ဟာ သူ့ရဲ့အကြောက်တရားကို ရှောင်ပြေးဖို့မကြိုးစားတော့ပါဘူး။ အရင်လို ထွက်ပြေးနေမယ့်အစား ဘယ်လို ရင်ဆိုင်နိုင်မလဲဆိုတာကို စဉ်းစားပြီး ရင်ဆိုင်နိုင်ဖို့ ကြိုးစားနေပါပြီ။
.
(၂) သူများတွေနဲ့ ပတ်သက်ပြီး..

သူ့ရဲ့ လုပ်ရပ်တွေဟာ သူများတွေ ကြိုက်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကို ပယ်ဖျက်နိုင်ခဲ့ပါပြီ။ သူများတွေရဲ့ နှာခေါင်းပေါက်နဲ့ အသက်မရှုတော့ဘဲ သူ့အတွက် အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတဲ့အရာတွေမှာပဲ အချိန်ပေးပြီး စိတ်အတွေးတွေကို ပြောင်းလဲလိုက်ပါတော့တယ်။ ဝေဖန်သံတွေကို လျစ်လျူရှုရင်း ယုံကြည်ရာကို ရွေးချယ်လိုက်ပါတယ်။
.
(၃) လက်တွဲဖော်နဲ့ ပတ်သက်ပြီး..

ဆယ်ကျော်သက်တုန်းက ကိုယ့်ရဲ့စိတ်ကူးထဲမှာ ကိုယ့်လက်တွဲဖော်ဟာ ဘယ်လိုလူမျိုးဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးအတွေးနဲ့ ပုံဖော်ခဲ့တာမျိုး ရှိခဲ့ပါ့မယ်။ အရွယ်ရောက်လာတဲ့တိုင်အောင်လည်း ချစ်သူနဲ့ပတ်သက်ပြီး ဘယ်လိုလေးဖြစ်စေချင်တယ်ဆိုတဲ့ စိတ်မျိုးလေး ရှိတတ်ကြတုန်းပါ။ ဒါပေမယ့် တကယ်ရင့်ကျက်လာတဲ့အခါမှာတော့ ကိုယ့်လက်တွဲဖော်ကို ပြောင်းလဲပစ်ဖို့ထက်စာရင် နားလည်လက်ခံပေးနိုင်ဖို့ကိုပဲ ကြိုးစားပါတော့တယ်။
.
(၄) အချစ်အတွက် သက်ရောက်မှုနဲ့ ပတ်သက်ပြီး..

ငယ်ရွယ်စဉ်မှာ အချစ်ဟာဘဝပါ။ အချစ်ကြောင့် ဘဝတစ်ခုလုံးတောင် ကောင်းတဲ့ဘက်၊ ဆိုးတဲ့ဘက်ဆိုပြီး အပြောင်းအလဲတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ရင့်ကျက်လာတဲ့အခါမှာတော့ အချစ်ဟာ နှလုံးသားတစ်ခုသာ ဖြစ်ပါတော့တယ်။ နှလုံးသားဆိုတာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလိုမျိုးပဲ အချစ်ဆိုတာလည်း ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲဆိုတာကို တဖြည်းဖြည်း နားလည်လာပါတော့တယ်။
.
(၅) သဝန်တိုမှုနဲ့ ပတ်သက်ပြီး..

သဝန်တိုစိတ်ဟာ အသက်ကြီးကြီး၊ ငယ်ငယ်၊ အရွယ်မရွေး ရှိပါတယ်။ ငယ်တုန်းကတော့ အလျဉ်းသင့်သလို ထုတ်ဖော်တတ်ကြပြီး၊ ရင့်ကျက်သလို ဖြစ်လာရင်တော့ ကွယ်ဝှက်ထားတတ်ကြတယ်။ ဒါပဲ ကွာတာပါ။ ရင့်ကျက်လာတဲ့သူတစ်ယောက်ဟာ သူ့ရဲ့ သဝန်တိုစိတ်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိလာပါတယ်။
.
(၆) သွင်ပြင်နဲ့ ပတ်သက်ပြီး..

ငယ်ငယ်တုန်းက ကိုယ့်ရဲ့ သွင်ပြင်ရုပ်ရည်ဟာ သူများလောက် ကြည့်မကောင်းရင် စိတ်အားငယ်တတ်ကြပါတယ်။ စိတ်ကျတယ်၊ ဝမ်းနည်းပြီး တစ်စုံတစ်ခုကို အပြစ်တင်ချင်စိတ်တွေ ရှိပါတယ်။ ဒါပေမယ့် ရင့်ကျက်လာတဲ့အခါမှာတော့ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီး လက်ခံတတ်လာပါတယ်။ တတ်စွမ်းသလောက် ပြုပြင်နေထိုင်လို့ ရနိုင်သလို၊ မတတ်နိုင်တာတွေအတွက်လည်း လက်ခံလာနိုင်ပါတယ်။ စိတ်နှလုံးလှပဖို့ဟာ အပြင်ရှုပါလှပဖို့ထက် ပိုအရေးကြီးလာပါတော့တယ်။
.
(၇) မိသားစုနဲ့ ပတ်သက်ပြီး..

ဆယ်ကျော်သက်အရွယ်မှာ မိသားစုထက်စာရင် အပေါင်းအသင်းကို ပိုမင်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ မိသားစုရဲ့ အရေးပါမှုကို တဖြည်းဖြည်း သိမြင်လာပါတယ်။ မိသားစုအပေါ် ခင်တွယ်လာပါတယ်။
.
(၈) ခံစားချက်တွေနဲ့ ပတ်သက်ပြီး..

ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှု၊ ဒေါသဖြစ်မှု စတဲ့ ခံစားချက်တွေနဲ့ ပတ်သက်ရင်လည်း ထိန်းသိမ်းလာနိုင်ပါတယ်။ အလွန်အကျွံ သိပ်မဖြစ်တော့ပါဘူး။
.
(၉) အလုပ်အကိုင်နဲ့ ပတ်သက်ပြီး..

ငယ်စဉ်တုန်းက အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အရမ်းတက်ကြွမှုရှိမယ်၊ ဒါမှမဟုတ်ရင် စိတ်မဝင်စားဘဲ အဆင်မပြေဖြစ်မယ်။ တဖြည်းဖြည်း ရင့်ကျက်လာတဲ့အခါမှာတော့ ကိုယ်လုပ်နေတဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး စိတ်အပြောင်းအလဲ ဖြစ်လာပါတယ်။ အလုပ်နဲ့ ပတ်သက်ရင် ဘယ်လိုသဘောထားရမလဲ သိလာပါတယ်။
.
(၁၀) ဘဝပန်းတိုင်နဲ့ ပတ်သက်ပြီး..

ငယ်စဉ်တုန်းက အိမ်မက်တွေ အကြီးကြီးမက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ရင့်ကျက်လာတဲ့အခါမှာ ဘဝကိုလျှောက်လှမ်းရင်း လက်တွေ့ဆန်တဲ့ အရာတွေကိုပဲ ဦးစားပေးလာကြပါတော့တယ်။

#Credit to O.W
#(Focus Youth E-magazine)

Secrets of LIFE(Complete)Where stories live. Discover now