#51.အရှုံးနဲ့ရင်ဆိုင်ခြင်း

25 5 0
                                    

အရှုံးတွေနဲ့ရင်ဆိုင်ရတဲ့အခါ စိတ်ကိုဘယ်လိုထားမလဲ
*********************************************************

ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့သူပဲဖြစ်ဖြစ်၊ သာမန်လူပဲဖြစ်ဖြစ်၊ အမြဲတမ်းစိတ်ပျက်မှုတွေနဲ့ပဲ ကြုံနေရတဲ့သူပဲဖြစ်ဖြစ်။ အားလုံးအတွက် အရှုံးဆိုတဲ့အရာနဲ့
မပတ်သက်ချင်လို့မရပါဘူး။ အောင်မြင်ချင်ရင်လည်း ရှုံးဖူးရပါမယ်။ မအောင်မြင်ချင်ရင်လည်း ကျရှုံးနေမှာပါပဲ။ တစ်ခုပဲရှိတာက အောင်မြင်တဲ့သူတွေက
အရှုံးကနေ အချိန်မှီရုန်းထတတ်ပြီး ရှုံးမြဲရှုံးနေတဲ့သူတွေက အရှုံးနွံ့ထဲမှာပဲ နစ်နေတတ်တာပါပဲ။

ဒီတော့ အားလုံးမဖြစ်မနေ ကြုံရမယ့်အရှုံးဆိုတဲ့အရာကို ရင်ဆိုင်နေရပြီဆိုရင်တော့ စိတ်ကိုဘယ်လိုထားရမလဲဆိုတဲ့ကိစ္စက အရေးကြီးလာပါပြီ။
စိတ်ကိုထားတတ်မှလည်းပဲ အရှုံးတွေကိုကျော်လွှားပြီး အောင်မြင်မှုဆီကို ချဉ်းကပ်နိုင်မှာလည်း ဖြစ်ပါတယ်။

(၁) စိတ်ကိုအေးအေးထား။ ရှင်းရှင်းလင်းလင်းထား။
အမြဲတမ်းအရှုံးနဲ့ရင်းနှီးနေတဲ့သူတစ်ယောက်အတွက်ကတော့ အရှုံးဆိုတာ အထူးအဆန်းတော့မဟုတ်တော့ပါဘူး။ (ဒါပေမယ့် ဒါဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး)
ဒါပေမယ့် အမြဲအလိုလိုအောင်မြင်နေတဲ့သူတစ်ယောက်အတွက်၊ ဒါမှမဟုတ် အောင်မြင်ချင်တဲ့သူတစ်ယောက်အတွက် ရုတ်တရက် မျှော်လင့်မထားတဲ့ အရှုံးကိုထိတွေ့လိုက်ရတဲ့အခါ
စိတ်ဓါတ်ကျသွားနိုင်ပါတယ်။ အရှုံးတွေဟာ တစ်ချို့အတွက် အားပြတ်သွားနိုင်သလို၊ တစ်ချို့အတွက်ကျ အားမာန်သစ်တွေတောင်ဖြစ်စေပါတယ်။ ဒါကလည်း ရင်ဆိုင်ရတဲ့
အရှုံးပေါ်မူတည်ပါတယ်။ ဒါပေမယ့် တစ်ခုသိထားရမှာက အရှုံးဆိုတာ အောင်မြင်မှုကိုသွားတဲ့နေရာမှာ ခဏခဏတွေ့ရမယ့် လမ်းခုလတ်ကအရာတွေပါ။
ပထမဆုံးအနေနဲ့ အရှုံးကိုရင်ဆိုင်ရပြီဆိုရင် ကိုယ့်ကိုယ်ကို ပြင်ဆင်ရမှာက စိတ်ကိုအေးအေးထားပါ။ လူတိုင်းရှုံးဖူးပါတယ်။

(၂) အခြေအနေကို လက်ခံပါ။
အရှုံးကိုလက်ခံမယ်ဆိုတာက သင့်ကိုအရှုံးသမားဖြစ်ပါတယ်လို့ ဝန်ခံဖို့ တိုက်တွန်းပြောဆိုတာမဟုတ်ပါဘူး။ အရှုံးကိုလက်ခံမှ အရှုံးတွေထဲက သင်ခန်းစာတွေယူပြီး
ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နိုင်မှာပါ။ ဒါ့ကြောင့် ရှုံးသွားတယ်ဆိုတာကို ရှောင်ပြေးနေဖို့ မလိုပါဘူး။ အရှုံးဆိုတာ ဘဝရဲ့နိဂုံးမဟုတ်ပါဘူး။ ပြန်မထနိုင်တော့မှ ဘဝရဲ့နိဂုံးပါ။
ဒီလိုပြန်ထဖို့ဆိုတာလည်း လဲကျသွားပါတယ်ဆိုတာကို အရင်ဆုံးလက်ခံဖို့လိုပါတယ်။

(၃) သူများတွေကို အပြစ်မတင်ပါနဲ့။
သင်ရင်ဆိုင်ရတဲ့ အရှုံးဟာ ဘယ်သူဘယ်ဝါကြောင့် ဖြစ်ပါတယ်ဆိုပြီး သူများကို အပြစ်မတင်ပါနဲ့။ သူများကို အပြစ်တင်လိုက်တာနဲ့ သင်ဟာ သင့်အရှုံးအပေါ် တာဝန်မယူနိုင်ဘူး
ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သင့်ရလဒ်အတွက် သင့်မှာတာဝန်ရှိပါတယ်။ ဒီရလဒ်ကို ပြင်ဆင်နိုင်ဖို့ဆိုတာလည်း သင့်အပေါ်မှာလည်းပဲ မူတည်ပါတယ်။ စိတ်ဓါတ်ရင့်ကျက်တဲ့သူတစ်ယောက်အတွက်
သူများကို လက်ညှိုးထိုးတယ်ဆိုတာမျိုးက မဖြစ်သင့်ပါဘူး။

(၄) ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်နဲ့။
အရာရာဟာ ငါညံ့လို့ပါကွာ။ ငါအသုံးမကျလို့ပါ။ ဆိုတဲ့ အားငယ်တဲ့စကားသံတွေကို သင့်ကိုယ်သင် မပြောမိပါစေနဲ့။ အရှုံးရလဒ်ကို လက်ခံလိုက်ပါ။ နောက်တစ်ကြိမ် ဘယ်လိုပြင်ဆင်မလဲ
ဆိုတာကိုပဲ အာရုံစိုက်ပါ။ အရှုံးကို တာဝန်ယူတာနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်တာနဲ့က အကွာကြီးကွာပါတယ်။ ကိုယ့်ကိုယ်ကိုအပြစ်တွေတင်ရင်းနဲ့ ကိုယ့်ယုံကြည်ချက်တွေပါ
ကျဆင်းသွားနိုင်ပါတယ်။ ဒါ့ကြောင့် သင်ခန်းစာယူဖို့ကိုပဲ အာရုံထားပါ။ ကျန်တဲ့အတွေးတွေ ခေါင်းထဲကနေ ထုတ်လိုက်ပါ။

(၅) အခြေအနေအပေါ် စောဒကတွေမတက်ပါနဲ့။
အခြေအနေအပေါ်မှာလည်း ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုပြီး စောဒကတွေ မတက်ပါနဲ့။ စောဒကတက်လိုက်တာဟာ သင့်အတွက် နှစ်ခါရှုံးသွားတယ်ဆိုတဲ့ သဘောပါပဲ။ နှစ်ခါအရှုံးမခံပါနဲ့။
ဘာလုပ်ရင် ဘာဖြစ်တတ်တယ်ဆိုတဲ့ သင်ခန်းစာပဲယူပါ။

(၆) ခဏအနားယူပါ။
အရှုံးဟာ စိတ်ကိုပင်ပန်းစေပါတယ်။ ဒါသဘာဝပါ။ ဒီတော့ အရှုံးဒဏ်ကို ခံစားနေရပြီဆိုရင် သင့်စိတ်ကိုသင် ခဏလောက်အနားပေးလိုက်ပါ။ ထပ်ပြီး မဖိစီးပါစေနဲ့။
ပြီးတော့မှ စိတ်သစ်၊လူသစ်၊ အင်အားသစ်တွေနဲ့ ခြေလှမ်းသစ်တွေကို ပြန်စပါ။

#Credit to O.W
#ရွှေညာမောင်

Secrets of LIFE(Complete)Where stories live. Discover now