#55.white paper

21 4 0
                                    

အဖြူရောင် စက္ကူ..
========

မွေးဖွားကာစမှာ အားလုံးဟာ သန့်ရှင်းစင်ကြယ်နေတဲ့ အဖြူရောင်စက္ကူတွေချည်းပါပဲ။ လောကကြီးရဲ့ မာယာတွေ၊ ရက်စက်မှုတွေ၊
လှည့်စားမှုတွေ၊ မုသားတွေ အပါအဝင် သာယာစရာ ပျော်ရွှင်မှုတွေ၊ ယစ်မူးစရာ အောင်မြင်မှုတွေ။ ဘာဆိုဘာမှကို နားမလည်ခဲ့ကြသေးဘူး။
.
တစ်နေ့တစ်နေ့နဲ့ နေ့ရက်ပေါင်းများစွာ ဖြတ်သန်းပြီးတဲ့အခါ အဖြူရောင်စက္ကူဟာ လောကကြီးအတွက် ဘာမှအသုံးမဝင်ဘူးဆိုတဲ့ အသိကို ရိုက်ထည့်လိုက်ကြတယ်။ အရောင်အသွေး စုံလင်တဲ့ ပန်းချီကားချပ်တွေဟာ လောကြီးရဲ့အလှတရားအစစ်လို့ သတ်မှတ်လိုက်ကြတယ်။ သူတို့အားလုံး တပြေးညီသတ်မှတ်ထားတဲ့ အလှတရားတစ်ခုကိုရဖို့အတွက် ကိုယ့်ရဲ့အဖြူရောင်စက္ကူပေါ်မှာ ဆေးရောင်တွေ အသီးသီးရေးခြယ်ဖို့ ကြိုးစားလာတယ်။ ကိုယ့်လက်နဲ့ရေးတဲ့ ဆေးရောင်တွေ၊ ပတ်ဝန်းကျင်က ဆိုးတဲ့ ဆေးရောင်တွေ။ ဟိုတစ်စ၊ ဒီတစ်စနဲ့ပေါ့။
.
တစ်ချို့သူတွေရဲ့ စက္ကူဟာ တစ်နေ့တစ်ခြား ရုပ်လုံးကြွလာတယ်။ တစ်ချို့ စက္ကူတွေကတော့ အရောင်တွေ ဗလပွနဲ့။ သူတို့ကပဲ သတ်မှတ်လိုက်ကြတယ်။ ဒီလူ့စက္ကူကလှတယ် (အောင်မြင်တယ်ပေါ့)။ ဟိုလူ့စက္ကူက ရုပ်ဆိုးတယ် (ကျရှုံးတယ်ပေါ့)။ တကယ်တော့ အားလုံးဟာ အရောင်မပါတဲ့ စက္ကူဖြူတစ်ရွက်ကနေပဲ ဖြစ်လာတာပါ။ ကိုယ်ပိုင်ဆိုင်တဲ့ စက္ကူလေး အရောင်အသွေးစုံစုံနဲ့ လှပဖို့ကျ စုတ်တံဟာ ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။
.
သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ပန်းချီကားတစ်ချပ်ဟာလည်း အဖြူရောင်စက္ကူဘဝက လာတာပါ။ လမ်းဘေးက ပန်းချီကားတစ်ချပ်ကလည်း အဖြူရောင် စက္ကူဘဝက လာတာပါပဲ။ ကိုယ်ပိုင်ဆိုင်တဲ့ စက္ကူဖြူလေးတစ်ရွက် အရောင်အသွေးစုံဖို့၊ အညစ်အကြေးတွေ မစွန်းထင်းဖို့က ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။ လူတိုင်းတန်ဖိုးထားရတဲ့ ပြခန်းထဲမှာ ချိတ်ဆွဲခံမလား။ လမ်းဘေးမှာ ချိတ်ဆွဲခံမလားဆိုတာက ကိုယ်ရေးဆွဲတဲ့ ပေါ်မှာပဲ မူတည်ပါတယ်။ အားလုံးဟာ တစ်ချိန်တုန်းကတော့ အဖြူရောင်စက္ကူလေးတွေပါပဲ။
___________
#Credit to O.W
#ရွှေညာမောင်

Secrets of LIFE(Complete)Donde viven las historias. Descúbrelo ahora