#27.For U

32 7 0
                                    

သူငယ်ချင်းသို့ ပေးစာ..
==========

သို့.. သူငယ်ချင်း..
.
ငါ့ဘဝရဲ့ အခက်အခဲဆုံးအချိန်မှာ ငါ့ရဲ့အနီးနားမှာရှိနေခဲ့တဲ့ မင်းကို အရင်ဆုံးအနေနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ အပေါ်ယံတွေများတဲ့ အပြုံးမျက်နှာဖုံးတွေအောက်မှာ မင်းရဲ့စစ်မှန်တဲ့ သူငယ်ချင်းပီသမှုတွေကို ရရှိခဲ့တဲ့အတွက် ငါအမြဲတမ်း အမှတ်ရဂုဏ်ယူနေမှာပါ။
.
ရယူလိုမှုတွေ၊ ပေးဆပ်မှုတွေများလှတဲ့ လောကကြီးထဲမှာ မင်းဟာ ငါ့ဘဝအတွက်တော့ အပေးအယူကင်းတဲ့ အဖြူရောင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ မင်းကျရှုံးတဲ့အချိန်မှာ မင်းအနားငါရှိမယ်။ ငါကျရှုံးတဲ့အချိန်တွေမှာလည်း ငါ့အနားမင်းရှိခဲ့တယ်။ အပျော်ရွှင်ရဆုံးအချိန်တွေမှာလည်း မင်းနဲ့ငါ တစ်သားတည်း ကျခဲ့တယ်။ ဒီလို တစ်ယောက်နားမှာတစ်ယောက် ရပ်တည်ဖို့အတွက် မင်းနဲ့ငါကြား ဘာအပေးအယူမှ မလိုခဲ့ဘူး။
.
နှလုံးသားရေး ပြသနာကြောင့် မင်းနာကျင်ရင် ငါ့ကိုရင်ဖွင့်တယ်။ ငါနာကျင်တဲ့အခါတိုင်းလည်း မင်းကိုရင်ဖွင့်တယ်။ တစ်ယောက်ခံစားချက်ကို တစ်ယောက် နားလည်ခဲ့ကြတယ်။ နောက်ဆုံး မင်းလက်ကိုတွဲထားတဲ့ လက်တွဲဖော်တွေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတယ်။ မင်းလည်း ငါ့ကို ရင်ဖွင့်မြဲ။ ငါလည်း မင်းကို ရင်ဖွင့်မြဲ။ ငါတို့ ခံစားချက်တွေကတော့ ဖလှယ်လို့ကောင်းတုန်း။
.
သိပ်မကြာတော့မယ့်အချိန်ရောက်ရင် မင်းလည်း မိသားစုလေးတစ်ခုကို တည်ထောင်ဖြစ်လိမ့်မယ်။ အဲဒီ့အခါကျရင် ငါ့မှာလည်း မိသားစုလေး တစ်ခုနဲ့ ဖြစ်ချင် ဖြစ်နေမှာပေါ့။ ငါတို့ ဘဝတွေ တာဝန်ကျေဖို့အတွက် အသီးသီး ကြိုးစားရလိမ့်မယ်။ အဲဒီ့အခါကျရင် အရင်လို တွေ့နေကျ လက်ဖက်ရည်ဆိုင်လေးမှာတော့ ခဏခဏတွေ့ဖြစ်တော့မှာ မဟုတ်ဘူးပေါ့။ အရင်လို စိတ်ညစ်တိုင်းတော့ ဖုန်းဆက်ဖြစ်လိမ့်တော့မှာ မဟုတ်ဘူးပေါ့။ အရင်လိုလည်း ရန်ဖြစ်ချင်မှ ဖြစ်တော့မှာပေါ့။ ဒါပေမယ့် သတိရတဲ့အခါတိုင်းတော့ ခဏတစ်ဖြုတ်လောက်ဖြစ်ဖြစ် တွေ့ရအောင်ကွာ။
.
တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်.. မင်းကော၊ ငါပါ အသက်တွေကြီးလာမယ်။ ငါတို့ သား၊သမီး၊ မြေးတွေ ထိ ရလာမယ်။ တစ်ချိန်တုန်းက အမိုက်စား Hair Style နဲ့မင်းလည်း တစ်ခေါင်းလုံးဖြူချင် ဖြူနေလိမ့်မယ်။ ဒါမှမဟုတ် ထိပ်ပြောင်ကြီးလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ငါတို့တွေ အခုလိုမျိုးလည်း ကျန်းမာချင်မှ ကျန်းမာလိမ့်မယ်။ အဲ့ဒီခါကျ မင်း မိသားစုတွေ သူ့အလုပ်နဲ့သူရှုပ်နေလို့ မင်းကို ဂရုမစိုက်နိုင်တော့ရင် ငါ့ဆီသာ လှမ်းလာခဲ့ပါကွာ။ ငါ အထီးကျန်လွန်းတဲ့အခါတိုင်းလည်း မင်းဆီကို ပြေးလာခဲ့မယ်။ ငါတို့တွေ တစ်ယောက်စကားများတာကို တစ်ယောက်သည်းခံကြမယ်။ ဟိုးငယ်ငယ်တုန်းက ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြမယ်။ ငါတို့တွေ အတူတူဖြတ်သန်းခဲ့တဲ့အတိတ်တွေကို ခဏခဏပြန်သွားကြမယ်ကွာ။ အရာတိုင်းအတွက် ကျေးဇူးတင်ပါတယ် သူငယ်ချင်းရာ..

#Credit to O.W

Secrets of LIFE(Complete)Where stories live. Discover now