28

987 38 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 28

" ငါကိုကြီးကိုချစ်တာ သူ့မှာပိုင်ရှင်ရှိ,မရှိနဲ့မဆိုင်ဘူး ဂျက်ဆင် ... "

1.

' အချိန်နှင့်ဒီရေသည် လူကိုမစောင့် ' ဟူသော စကားပုံသည် အလွန်မှန်ကြောင်း ​လာမည့်အပတ်တွင်ဖြေဆိုရမည့်စာမေးပွဲက သက်သေပြလျှက်ရှိသည် ။ သိထားသင့်သည့်အကြောင်းအရာများနှင့် လေ့လာရမည့်အကြောင်းအရာများကို လေ့လာထားပြီးပြီဖြစ်သော်လည်း စိတ်ကလှုပ်ရှားနေဆဲဖြစ်သောကြောင့် စိတ်ငြိမ်စေရန် အားသည့်အချိန်တွင် တရားထိုင်ခြင်းကိုပါ ပြုလုပ်ဖြစ်သည် ။

နိုအာက ဘာသာမဲ့ဖြစ်သောကြောင့် မည်သည့်အရာကိုမှ မလုပ်သော်လည်း တရားထိုင်ခြင်းကိုမူ ကျွန်တော်နှင့်အတူ လိုက်လုပ်သည် ။ ထို့ကြောင့် တစ်ပတ်လျှင်နှစ်ကြိမ် နိုအာနှင့်ကျွန်တော်အားသည့်အချိန်ကိုညှိ၍ နိုအာ့အခန်း၌ တရားအတူထိုင်ဖြစ်ကြသည် ။

2.

မေမေနှင့်ဖေဖေ နှစ်ယောက်စလုံးက ဗုဒ္ဓဘါသာဝင်များဖြစ်ကြသော်လည်း တစ်ဦးတည်းရှိသောသားဖြစ်သည့် ကျွန်တော်က ဘာသာမဲ့ဖြစ်နေခြင်းအပေါ် နှစ်ယောက်စလုံး စိတ်ပျက်နေကြမည်မှန်း ကျွန်တော် သိသော်လည်း အထွေအထူး ဂရုမစိုက်မိ ။ ထိုသို့ ဂရုမစိုက်မိသောကျွန်တော်က ကိုကြီးနှင့်တွေ့သောအခါမှ ဘာသာတရားအပေါ် အနည်းငယ် စိတ်ဝင်စားစပြုလာသည် ။

ကိုကြီးက စိတ်ရှည်သည့်အပြင် စကားပြောလည်းကောင်းသဖြင့် ကိုကြီးပြောပြသည့် မြတ်စွာဘုရားရှင်၏ ဘဝဖြစ်တော်စဉ်များနှင့် ထိုဘဝဖြစ်တော်စဉ်များမှ ပေါ်ပေါက်လာသော ဂါထာများကို စိတ်ဝင်စားလာသည် ။ ထို့ကြောင့် အင်တာနက်မှတဆင့် ထိုဂါထာများ၏ အဓိပ္ပါယ်နှင့် အသံထွက် ၊ အကျယ်တို့ကို လေ့လာဖြစ်သည် ။ ထိုသို့လေ့လာရင်း နှစ်ဆယ့်ခြောက်နှစ်လုံးလုံး မကျက်ခဲ့ဖူးသည့် ဘုရားစာများကိုပါ ကျက်ဖြစ်သည် ။

ကိုကြီးက ကလေးတစ်ယောက်ကိုသင်သကဲ့သို့ အခြေခံကိုစသင်ပေးသည် ။ ကိုကြီးသင်ပြပေးသည်ကိုလည်းထောင်ရင်း မိမိဘာသာလည်းကျက်ရင်းဖြင့် ပရိတ်ကြီးဆယ့်တစ်သုတ်မှ သုံးသုတ်ကို အလွတ်ရွတ်ဆိုနိုင်ပြီး ဆယ့်တစ်သုတ်လုံးကို အခက်အခဲ အထစ်အငေါ့မရှိပဲ ရွတ်ဆိုနိုင်နေပြီဖြစ်သည် ။ ထို့အပြင် ပဌါန်းဒေသနါတော် နှင့် မဟာသမယသုတ်တော်တို့၏ အနက်အဓိပ္ပါယ် ၊ ဟောကြားတော်မူသည့်အကြောင်း ၊ ရရှိသည့်အကျိုးကျေးဇူးတို့ကိုပါ သိနေပြီဖြစ်သဖြင့် တစ်ပတ်လျှင်တစ်ခါ ပဌါန်းဒေသနါတော် သို့မဟုတ် မဟာသမယသုတ်တော်ကို ရွတ်ဆိုပူဇော်ဖြစ်သည် ။

My boyfriend is a doctor (10)Onde histórias criam vida. Descubra agora