*လာ ကိုယ့်အိမ်က ကလေးအိမ်လောက်တော့ မခမ်းနားဘူး*
ဆေးခန်းက ပြန်လာသည့် ရိပေါ်ကို ရှောင်းကျန့်အိမ်သို့ ခေါ်လာခဲ့သည်။ မဟုတ်လဲ အိမ်ပြန်ပို့ရင် ရိပေါ်က ပြန်မည်မဟုတ်။ ရိပေါ် သူငယ်ချင်းနှစ်ယောက်ကတော့ ရှောင်းကျန့်တို့ဖို့ အတန်းတက်ပေးနေလေသည်။
ရှောင်းကျန့် အိမ်တံခါးကို ဖွင့်ကာ သူအရင်ဝင်လိုက်သည်။ အဖွားက အခန်းထဲ အိပ်နေသည်ထင်။ အနောက်က ပါလာသည့် အဆိုးလေးက တစ်အိမ်လုံးကို ဝေ့ဝဲကြည့်ကာ ဘာမှမပြောပဲ ငြိမ်ငြိမ်လေး ဖြစ်နေလေသည်။
*ကိုယ် ဆန်ပြုတ်သွားထည့်လိုက်အုံးမယ်နော်*
ရိပေါ်က နံရံနား ကပ်ထိုင်နေ၍ ရှောင်းကျန့် ထိုအနားသို့ စားပွဲလေး ချပေးလိုက်သည်။ ဖြူဖျော့နေသည့် မျက်နှာလေးက အားနည်းနေမှန်း သိသာ၏။ ရှောင်းကျန့် အမြန်ပင် ဆန်ပြုတ်ပန်းကန်လေး ယူလာကာ ရိပေါ်ရှေ့သို့ ချပေးလိုက်သည်။
*ရလား ကိုယ်ခွံ့ကျွေးရမလား*
*ကျွန်တော့်ဘာသာ စားနိုင်ပါတယ်*
ရှောင်းကျန့် မျက်ခုံးပင် ပင့်သွားသည်။ သူ့အဆိုးလေးက ကျွန်တော်လို့ သုံးလိုက်သည်။ အရင်ကဆို တငါငါနှင့် လူဆိုးလေးက ထူးထူးဆန်းဆန်းပင်။
ရှောင်းကျန့် သဘောကျစွာ ရယ်လိုက်ရင်း ရိပေါ်သောက်ဖို့ ရေနွေးအိုးလေး တည်လိုက်သည်။ အစာအိမ်မကောင်းတာဆိုတော့ ရေအေးတိုက်လို့ မဖြစ်ဘူးထင်၍။
*ညတွေဆို ဘယ်အချိန်အိပ်လဲ*
ရှောင်းကျန့် ဆန်ပြုတ်သောက်နေသည့် ရိပေါ်ဘက် လှည့်မေးလိုက်သည်။ ရိပေါ်ဆီက အကြည့်စူးစူးလေးကြောင့် ရှောင်းကျန့် ပါးစပ်အသာပိတ်သွားသည်။
*မအိပ်ဖြစ်တဲ့ရက်က များတယ်*
တိုတိုတုတ်တုတ်နှင့် ပြန်ဖြေလာသည့် အဆိုးလေးကြောင့် ရှောင်းကျန့်မှာ ပျော်သွားရသည်။ သူ့အဆိုးလေးက တကယ်ကို ချစ်စရာလေး။
*အိပ်ချိန်တွေ၊စားချိန်တွေ မမှန်လို့ အခုလိုဖြစ်တာတဲ့။ နောက်ဆို ပုံမှန်အိပ်ပြီး အစားပုံမှန်စားပေးလေ အဆိုးလေးရ*