*ကွမ့်ကျွင်း..ရုံးခန်းထဲမှာ ဘော့စ်ရှိလား*
*ရှိတယ်လေ ရိပေါ်။ ဝင်သွားလိုက်*
ရိပေါ် ကွမ့်ကျွင်းကို ခေါင်းညိမ့်ပြကာ ရုံးခန်းဘက် ဖြတ်လျှောက်လာခဲ့၏။ရိပေါ် ပြုံးကာ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရိပေါ် လက်ထဲက ဖိုင်တွဲလေး အောက်သို့ ပြုတ်ကျသွားရ၏။
*ဖယ်စမ်း.!*
ရှောင်းကျန့်လဲ မျက်လုံးပြူးသွားကာ ရုတ်တရက်ကြီး သူ့ကို လာနမ်းသည့် ဘမ်ကြောင့် ဘာဖြစ်သွားမှန်းပင် မသိလိုက်။ ရှေ့က မျက်နှာပျက်ကာ ရပ်နေသည့်ရိပေါ်ကို မြင်မှသာလျှင် ဘမ့်ကို တွန်းလွှတ်ဖို့ သတိရ၏။
*ရှောင်း..ရှောင်းကျန့်*
ရိပေါ်၏ ခေါ်သံတွင် မယုံကြည်နိုင်မှုတွေ အပြည့်။ ရှောင်းကျန့်နှင့် ဘမ့်ကို တစ်လှည့်စီကြည့်ကာ ရိပေါ် နားလည်သလို ခေါင်းတွေ တဆက်ဆက်ညိမ့်နေ၏။ ရှောင်းကျန့်ရှေ့တစ်လှမ်းတိုးလာတိုင်း ရိပေါ် နောက်ဆုတ်သွားတာ တုန်တုန်ရီရီ။
*ငါ့ကို မင်း ခွင့်လွှတ်နိုင်ပြီလို့ ထင်ခဲ့တာ ရှောင်းကျန့်။ ဒီအခြေအနေ..ဒီအခြေအနေထိ မင်းက ငါ့ကို လိမ်ထားတာပဲ*
*မ..မဟုတ်ဘူး။ မဟုတ်ဘူး..ကိုယ် ရှင်းပြပါရစေ ရိပေါ်*
*မကြားချင်ဘူး ရှောင်းကျန့်။ ငါ မင်းကိုလဲ မမြင်ချင်ဘူး။ မင်းအသံကိုလဲ ငါ မကြားချင်ဘူး*
ရိပေါ် အနောက်မှာ လက်ပိုက်ကာ ရပ်နေသည့် ဘမ့်ကို တစ်ချက်ပဲ ကြည့်ခဲ့ကာ ရုံးခန်းထဲက ပြေးထွက်လာခဲ့သည်။ အပြင်ဘက် ရောက်သည်နှင့် တင်းထားသော စိတ်အားလုံး လျော့ကျသွားကာ ခြေထောက်ပင် မခိုင်တော့ပဲ ကြမ်းပြင်ပေါ် ခွေခနဲ လဲကျသွား၏။
ရိပေါ်မြင်နေရသည့်အရာကို မယုံနိုင်သေး။ သူ့ကို ချစ်ပါတယ်လို့ တစ်ဖွဖွပြောနေသည့် ရှောင်းကျန့်က ဒီလုပ်ရပ်လုပ်ခဲ့သည်မို့ ပိုလို့ပင် မယုံနိုင်သေး။
ရိပေါ် ယိုင်နဲ့စွာ မတ်တပ်ရပ်ပြီးသည်နှင့် မျက်ရည်တွေကို ဆွဲသုတ်ကာ ရိပေါ်၏ ခြေလှမ်းမှန်မှန်တို့သည် ရှောင်းကျန့်၏ ရုံးခန်းနှင့် ဝေးရာသို့ ဦးတည်နေလေ၏။