ကပ္ပလီကဝေမ part-1

11.2K 416 14
                                    

ဒီလောကကို တာတေ ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ခင်ဗျားတို့သိထားတဲ့အတိုင်း ကျုပ်က ထူးထူးဆန်းဆန်းကိစ္စဆို လွှတ်သိချင်တာဗျ။အဲ့ဒီဝါသနာကြောင့်လည်း အသက်လုပြီးပြေးခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ဒါပေမဲ့ တာတေဆိုတဲ့ကောင်က နောင်ကျဉ်သွားသလားဆိုတော့ ဝေးပါ့ဗျာ။ကျုပ်ရင်ထဲက မွေးရာပါစူးစမ်းချင်တဲ့စိတ်က ပိုတောင်ဆိုးလာသေးတယ်။

ခင်ဗျားမှတ်မိသေးလား။တာတေ့ကို နာနာဘာ၀မြင်နိုင်တဲ့'မျက်ကွင်းဆေး'ပေးခဲ့တဲ့ ဆရာကြီးလေဗျာ။‌ဆရာကြီးစိုင်းနွံဖလေ။အဲ့ဒီဆရာကြီးကြောင့် တာတေ ဒီလောကထဲကို ကျွံမှန်းမသိ ကျွံ၀င်ခဲ့တာဗျို့။ကျုပ်က ဆရာနွံဖကို အားကြီးလေးစားတာဗျို့။

ဆရာနွံဖ ကျုပ်တို့ထနောင်းကုန်းကို တစ်ခေါက်ပြန်ရောက်လာတာကနေ ဒီဇာတ်လမ်းစခဲ့တာပဲဗျာ။

"ကိုကြီးတာတေကို ဆရာတော် ခေါ်ခိုင်းလိုက်လို့ အခုလာခဲ့ပါတဲ့"

ပုဗ္ဗာရုံကျောင်းက ကျောင်းသားလေးတောကျော် ကျုပ်ကို လာခေါ်တယ်။

"ဘာကိစ္စတုန်းကွ တောကျော်ရဲ့"

တောကျော်ဆိုတဲ့ကောင်က ကျုပ်ကို လွှတ်ခင်တာဗျ။

"အဲ့ဒါတော့ ကျုပ်မသိဘူးဗျ ကိုကြီးတာတေကို အရေးကြီးတဲ့ကိစ္စရှိလို့ အခုချက်ချင်း သွားခေါ်ခဲ့လို့ပဲ ဆရာတော်က ကျုပ်ကို မိန့်လိုက်တာဗျ"

"အေး အေး ငါအခုပဲ လိုက်ခဲ့ပါမယ် တောကျော်ရာ လုံချည်ကလေးတော့ လဲဦးမှကွ"

ကျုပ်က ပြောပြောဆိုဆိုနဲ့ အိမ်ထဲ၀င်ပြီး အမေ့ကိုပြောတယ်။ပြီးတော့လုံချည်က‌
လေးလဲပြီး. . .

"ကဲ လာ သွားစို့ တောကျော်"

တောကျော်ကိုခေါ်ပြီး ရွာအရှေ့ပိုင်းက ပုဗ္ဗာရုံကျောင်းဘက်ကို နှစ်ယောက်သား ခပ်သုတ်သုတ် လျှောက်လာခဲ့တယ်။

ပုဗ္ဗာရုံကျောင်းကြီးကိုရောက်တော့ ဆရာတော်ဦးဂုဏရဲ့ တိုက်ကျောင်းပေါ်ကို တက်ခဲ့တယ်။အပေါ်ထပ်ကိုတက်တဲ့ ကျွန်းလှေကားကြီးရဲ့ လက်ရမ်းပွတ်လုံး‌တိုင်ပေါ်‌က ပန်းကနုတ်တွေကို ကြည့်ရင်း ကျုပ်စိတ်ထဲမှာ ရှေးလက်ရာတွေ တော်တော်ကောင်းတာပဲလို့ တွေးမိတယ်ဗျ။ဒီကျောင်းကြီးက တကယ့်ကို လက်ရာမြောက်တဲ့ ရှေးဟောင်းကျောင်းကြီး‌လေဗျာ။

တာတေ [ညမဖတ်ရ]Where stories live. Discover now