သွားနှုတ်တဲ့ တစ္ဆေ part-1

782 53 0
                                    

ဒီလိုမျိုး ကျုပ်တို့အညာမှာ ရွာခဲတယ်ဗျ။ဘယ့်နှယ်ဗျာ။ ညသန်းခေါင်ကျော်လောက်က စရွာတာ ခုထိကို မတိတ်သေးဘူးဗျ။
ဆွမ်းခံဝင်ချိန်တောင် ရောက်ပြီလေဗျ။
ကောင်းကင်ကြီး တစ်ခုလုံး မည်းလို့ဗျ။

ခဏကြာရင် ရွာချလိုက်နဲ့ဗျ။
ကျုပ်တို့တောင်သူကတော့ ဒီလိုမျိုး လွှတ်ကြိုက်တာပေါ့ဗျာ။
ထွန်တုံးကို ပခုံးမှာထမ်းပြီးနွားနှစ်ကောင်ဆွဲပြီး
ယာထဲတန်းဆင်းကြတာဗျ။

အဲဒီထဲမှာ တာတေက ရှေ့ဆုံးကပေါ့ဗျာ။ လူတွေ ယာထဲရောက်
တုန်း ထွန်တုံးတပ်တုန်း ရှိသေးဗျာ။

ကျုပ်က တစ်စပ်လောက်တောင် ထွန်ပြီးနေပြီလေဗျာ။
မိုးကလည်း တစ်ဖြိုက်လောက်ရွာလိုက်၊တိတ်သွားလိုက်နဲ့ဗျ။
ကျုပ်က အိမ်ကထွက်လာကတည်းကအမေ့ကို တစ်ခါတည်း
မှာပြီးသားဗျ။ကျုပ်ကို ထမင်းတောင်း ပို့ပေးဖို့လေဗျာ။
ဒီအခါမျိုးမှာ ယာကို ဖိထွန်ထားရမှာဗျ။

အဘ ထမင်းတောင်း လာပို့တော့မွန်းတောင်တည့်တော့မယ်ဗျ။
ဒါပေမဲ့ ခုထိ တစ်ချက်မှ နေမမြင်ရသေးဘူး။
အမေချက်တဲ့ ကြက်သားကာလသားချက် စပ်စပ်လေးနဲ့ ထမင်းက
လည်း စားကောင်းပါ့ဗျာ။

စားသောက်ပြီးတော့ ထနောင်းကုန်းပင်လေး
အောက်မှာ ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာပြီး နားနေတယ်။

ကျုပ်လည်းနား နွားကြီးတွေလည်းနားပေါ့ဗျာ။ ပြီးခဲ့တဲ့ မိုးကလေး
တစ်ဖြိုက် နှစ်ဖြိုက်ကတည်းက ကုန်းရုံးထလာတဲ့ မြက်ခင်းစိမ်းစိမ်းကလေးတွေကတော့ ဒီကောင်ကြီးတွေ အကြိုက်ပေါ့ဗျာ။
ထန်းပင်ကြီးတွေအောက်က မြက်ခင်းပေါ်မှာ ဒီကောင်တွေ
တစ်ဝကြိတ်နေကြတာဗျ။

ကျုပ် ထွန်တုံးပြန်တပ်တဲ့အချိန်မှာ ဒီကောင်တွေ အစာဝ
နေပြီဗျ။ ညနေ ငါးနာရီလောက်အထိကို ကျုပ် ထွန်ပစ်လိုက်တာ။

နောက်နေ့ကျတော့ မိုးမရွာတော့ဘူး။
ဒါပေမဲ့ ယာမြေတွေက စိုထိုင်းထိုင်းလေး။
ကျုပ်တို့တောင်သူကြိုက် အနေအထားပေါ့ဗျာ။

တစ်ပတ်လောက် ရက်ဆက်
ထွန်ပြီးတော့ ကျုပ်တို့ယာတွေ နှံသွားပြီဗျ။
ကျုပ်က ရှေ့က ထွန်ပြီးသလောက်
အဘက နှမ်းကျဲတာဗျ။ ကျုပ် ယာအားလုံး ထွန်ပြီးတော့
အဘကို ကူပြီးနှမ်းကျဲပေးလိုက်တာ။

တာတေ [ညမဖတ်ရ]Where stories live. Discover now