အခန်း ( ၁၉ )

2.7K 670 27
                                    

“ခင်ဗျားပုံစံအတိုင်းပဲ နေတာက အဆင်ပြေပါတယ်။”

ရှောင်နင်က ပြောရင်းပြုံးနေတာမို့လို့ ကျွန်တော် ဒီစကားကို ချီးမွမ်းတယ်လို့ပဲ ယူဆလိုက်တယ်။

“အနာဂတ်မှာ မင်းဘာလုပ်မှာလဲ။” ကျွန်တော် စိတ်ပူလို့ မေးလိုက်တယ်။

ရှောင်နင်က သူ့မှာ ပိုက်ဆံရှိတယ်လို့ ပြောပေမယ့် သူနေတာထိုင်တာက ဆင်းဆင်းရဲရဲနဲ့။ သူ့မှာ အိမ်ပြန်ဖို့ ခုံအမာပေါ်မှာ နာရီသုံးဆယ်ကျော်ထိုင်စီးရတယ်။ ပြန်လာတုန်းကလည်း အခြေခံအကျဆုံး သွားလာရေးနည်းလမ်းကို သုံးပြီး လမ်းမကြီးတလျှောက် ပြေးလာခဲ့ရတယ်။ ဒီခေတ်သစ်လူမှုအသိုင်းအဝိုင်းမှာ နတ်ဆရာတွေ ဝင်ငွေကောင်းကောင်းရှာနိုင်တဲ့ အသိုင်းအဝိုင်းတွေ ရှိနေသေးတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ရှောင်နင်က ခုမှ ပညာသင်ဆဲနတ်ဆရာပေါက်စလေး။ ပြီးတော့ သူ့ရဲ့ စာမေးပွဲအောင်ဖို့ ပေးထားတဲ့တာဝန်ကလည်း အကြောင်းအမျိုးမျိုးကြောင့် ပျောက်သွားတယ်။  မြို့ရဲ့ နေထိုင်စရိတ်ကလည်း ဈေးပေါတယ်ပြောလို့မရဘူး။  ဒီမှာ နေဖို့ဆို သူ့အတွက် အရမ်းခက်ခဲမှာပဲ။

“ကျွန်တော် ညဘက်တွေ မြို့ကို လျှောက်ပတ်ပြီး အချိန်ကုန်ချင်တယ်။ ပြီးတော့ ခင်ဗျားရဲ့ အတန်းတွေကိုလည်း လာနား‌ထောင်ချင်တယ်။ ရတယ်မလား။”  နင်ထျန်းချဲ့ရဲ့ အကြည့်တွေက စိတ်ရှုပ်ထွေးနေတယ်။ ပြီးတော့ ကျွန်တော်နားမလည်တဲ့ အရိပ်အငွေ့တစွန်းတစလည်း ပါနေတယ်။

“ဒါ‌ပေါ့ ပြဿနာမရှိပါဘူး။” ကျွန်တော် ခေါင်းညိတ်ပြပြီး ပြောလိုက်တယ်။

ကျွန်‌တော် အတန်းအားလုံးက ညဘက်တွေချည်းပဲ။ ကျွန်တော် မြင်ယောင်ကြည့်လိုက်တယ်။ မှောင်မဲနေတဲ့ ညရယ်၊ လေတိုးသံသဲ့သဲ့ရယ် ဘတ်စ်ပေါ်မှာ ကျွန်တော်နဲ့ ရှောင်နင် နှစ်ယောက်တည်း။

တွေးလက်စကို ရပ်ပြီး ကျွန်‌တော် ရှက်သွားတယ်။

“မင်း ဘယ်မှာနေနေတာလဲ။”

ကျွန်တော်က ရှောင်နင် ရေရှည်နေဖို့ရှာမတွေ့သေးလို့ အဆောင်မှာခဏနေပြီး နေရာ ရှာနေတယ်လို့ ပြောလာမှာကို စောင့်နေလိုက်တယ်။ သူ အဲ့စကားတွေ ပြောလာတာနဲ့ သူ့ကို ကျွန်တော်နဲ့ လာနေဖို့ ခေါ်လိုက်တော့မှာ။ ကျွန်တော့်အိပ်ခန်းက ဒီတိုက်ခန်းမှာ အကြီးဆုံးပဲ။ တယောက်အိပ်ကုတင်ထပ်ထည့်ဖို့ နေရာလွတ်လည်း ရှိသေးတယ်။ ပြီးရင် ရှောင်နင့်ကို နှစ်ယောက်အိပ်ကုတင်ပေးလိုက်ပြီး ကျွန်တော်က တယောက်အိပ်ယူလိုက်မယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now