အခန်း ( ၂၇ )

2.5K 587 50
                                    

မုဟွိုက်ထုန်လမ်းညွှန်တဲ့အတိုင်း ကျွန်တော်တို့တူးလိုက်တာ နောက်ဆုံးတော့ နေမထွက်ခင် အရိုးတချို့ တူးမိခဲ့တယ်။ ပေါင်ရိုးနဲ့ နံရိုးတွေ ပါနေတဲ့ သေချာပေါက် လူအရိုးတွေ။ ကျန်တဲ့ အရိုးတွေကတော့ အမှိုက်ပုံအောက်နက်နက်မှာ မြှုပ်ခံထားရတယ်။ ဒါပေမယ့် ဒါနဲ့တင် အမှုဖွင့်ဖို့ လုံလောက်ပါတယ်။

ကောင်းကင်က တဖြည်းဖြည်းလင်းလာတယ်။ မုဟွိုက်ထုန်က ကားဘေးမှာ ရပ်ပြီး ကျွန်တော်တို့ကို စောင့်ကြည့်နေတယ်။ သူ့နှုတ်ခမ်းမှာ လျော့ရဲရဲအပြုံးတပွင့်နဲ့။

"ခင်‌ဗျားတို့ ပြန်ဖို့ အချိန်ရောက်ပြီနော်။" နင်ထျန်းချဲ့က ရုတ်တရက်ထပြောတယ်။

"အိုး ဟုတ်သားပဲ။" ကျွန်တော် နာရီကို ကြည့်ရင်း ပြောလိုက်တယ်။

"ရှောင်ထုံ မင်း တညလုံး မအိပ်ရသေးဘူး။ အိမ်ပြန်ပြီး နားသင့်ပြီနော်။ လုကွမ်းရှီက မင်းနဲ့မဆိုင်ဘူးဆိုတော့ ရဲခေါ်ဖို့ ဆရာ့ဆီအပ်ထားခဲ့လိုက်လို့ရပြီ။"

"ရဲတွေကို ဘာပြောမှာလဲ။ ညသန်းခေါင်ကြီး အမှိုက်ပုံထဲကနေ အရိုးတူးနေတာပါခင်ဗျာလို့လား။" ရှောင်ထုန်က မေးတယ်။

"အင်း" ကျွန်တော်လည်း မွှေနှောက်ရှာထားတဲ့ အမှိုက်ပုံကို ကြည့်လိုက်တယ်။ အကြောင်းပြချက်တခုတလေတောင် ရှာမရဘူးဖြစ်နေတယ်။

"ဆရာရှန်က ရိုးသားဖြောင့်မတ်တော့ ဒါပေါ့ လူတွေကို လှည့်စားဖို့ နည်းလမ်းတခုတောင် စဥ်းစားမရဘူးပေါ့။"

မုဟွိုက်ထုံက အပြုံးလေးနဲ့ပြောတယ်။

"ဒါပေမယ့် ကိစ္စမရှိပါဘူး။ အရိုးတွေ ရှာတွေ့တာနဲ့တင် လုံလောက်နေပါပြီ။ လုကွမ်းရှီကို ယင်ယချုံရဲ့ အရိုးတွေ ကိုင်အောင် လုပ်လိုက် ကျန်တဲ့ကိစ္စတွေ စိတ်မပူနဲ့။ သူ အသိတရားရပြိး ဝန်ခံမယ်ဆိုတာ ကျွန်မ သေချာတယ်။"

သူ ဆိုလိုတာကို ကျွန်တော် သိပ်နားမလည်ဘူး ဒါပေမယ့် ရှောင်နင်က ဒီအကြံကို သဘောတူပြီး လုကွမ်းရှီလက်နှစ်ဖက်ထဲကို အရိုးတရိုးထည့်လိုက်တယ်။

လုကွမ်းရှီက အေးစက်နေတဲ့ နံရိုးကို ခံစားမိတော့ ချက်ချင်း အသိဝင်လာတယ်။ သူ့လက်ထဲက အရိုးကို ငုံ့ကြည့်ပြီး မေးတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now