အခန်း ၃၅[ကျောက်တုံးကျန်း ၃]

2.1K 507 78
                                    

Unicode


နတ်ဘုရားတစ်ပါးနှယ် ပြိုင်ဘက်ကင်းခဲ့သူရွှဲရှန်သည် အလွန်တရာမှ သိက္ခာတရားနှင့်ပြည့်စုံသော နဂါးဆိုလည်းမမှား။

သိက္ခာတရားဆိုသည်မှာ သူ့အတွက် ပုံသေမရှိတော့။ တစ်ခါတစ်ရံကျ တစ်ပါးသူများကြောင့် လိုက်သင့်ခံလိုက်ရသော အရာများက ရှိနေသည်။ ဥပမာအားဖြင့် ရွှမ်းမင်လက်မှာ ရစ်တွယ်နေတာမျိုး၊ ကျန်းရှီနင်ကို ဟိုဒီသွားဖို့ ခိုင်းရတာမျိုး၊ ရွှမ်းမင်ငွေစများကို ယူသုံးတာမျိုးတို့ ဖြစ်သည်။ သို့ပေမယ့်လည်း ခန်းနားထည်ဝါတင့်တယ်လှသော သူ့အဆင်းကို ထိပါးလာမည့်အရာမျိုးဆိုလျှင်တော့ သေသွားတာမှ တော်ဦးမည်။

ခြေလက်အင်္ဂါများ အကောင်းအတိုင်းဖြစ်ပြီး ကျက်သရေအဖြာဖြာဖြင့် ပြည့်စုံနေလျှင်တော့ ကြည့်ချင်သလောက် ကြည့်ကြပါစေ၊ ပြဿနာကြီးမဟုတ်။ ထို့အပြင် လူသားတစ်ဦးမဟုတ်တဲ့အတွက် အဝတ်လဲရမှာကို ရှက်နေစရာအကြောင်းလည်းမရှိ။

သို့ပေမဲ့ အခုအချိန်မှာ အောက်ပိုင်းသေနေပြီး ခန္ဓာကိုယ်ကို စိတ်တိုင်းကျမလှုပ်ရှားနိုင်သေး။ ဒီလိုအခြေအနေမျိုးမှာ အဝတ်မပါသောသူ့ကို ကတုံးမြင်သွားလို့မဖြစ်။ တော်တော်တော့ စိတ်မချမ်းမြေ့စရာပင်။

တွေးကြည့်ရုံနှင့်တောင် အော်ဂလီဆန်လာသည်။ ဒီလိုမျိုးနဲ့ဝတ်လစ်စလစ်ဖြစ်ရမည့်အစား ဟိုဒီနားမှာသာ ကြိုးဆွဲချသတ်လိုက်ပါတော့လား။

မျက်နှာထားတင်းတင်းနှင့် ကျောက်တုံးကျန်းကို စိုက်ကြည့်ကာ

"မင်းစိတ်မရှိဘူးဆိုရင်ခဏလောက်သေပေးလို့ရမလား?"

ကျောက်တုံးကျန်းသည် ဘာပြောရမှန်းမသိ ဖြစ်သွား၏။ သေပြီဆိုမှတော့ သေသွားပြီပေါ့၊ ခဏလောက်သေပေးဆိုတာ ဘာအဓိပ္ပာယ်လဲ။

နဂါးကတော့ဂရုမစိုက်။ နောက်တစ်ခွန်းဆိုခြင်းမရှိ ကောင်းကင်ယံထက် တိမ်စိုင်တစ်ခုကို ဆင့်ခေါ်ကာ ဘယ်သူမှမတုံ့ပြန်နိုင်ခင်အချိန်အတွင်းမှာ မိုးကြိုးများက နှစ်ချက်ဆင့်သက်ဆင်းလာသည်။ ကျောက်တုံးကျန်း ဒူးများပျော့ခွေသွားပြီး မျက်ဖြူလန်လျက် မေ့မျော့သွားတော့သည်။

Copper Coins《铜钱龛世》Where stories live. Discover now