အခန်း ၉[ရွှေချောင်းများ ၅]

3.2K 739 24
                                    

Unicode

ရွှဲရှန့်လည်း မျက်လုံးထောင့်ကနေမြင်နေရသော လက်ဆန့်တန်းလာသည့် ကတုံး၏ကိုယ်ခန္ဓာအချိုးအစားကို အကဲဖြတ်ကြည့်မိသည်။

ကြီးမားကျယ်ပြန့်သောဝတ်ရုံကြောင့် ရွှမ်းမင်ပုံစံသည် ပိန်သွယ်သောပုံပေါ်၏။ ဖြောင့်တန်းသော ကျောပြင်ကောက်ကြောင်းအရ ပိန်ပါးခြင်းသည် အစာရေစာငတ်ပျက်ခြင်းကြောင့်မဟုတ်သည်ကတော့ ရွှဲရှန့်ပြောနိုင်သည်။ ကျစ်လစ်သောအသွင်ပေါ်ပေမဲ့လည်း သန်မာခြင်းဆိုတာကတော့ အဝေးမှာသာရှိသည်။

ရွှဲရှန့်မယုံကြည်သောအသွင်နှင့်မေးငေါ့ပြပြီး

"လက်တစ်ဖက်တည်းနဲ့ငါ့ကိုဖမ်းနိုင်တယ်?လာနောက်နေတာလား?"

ရွှမ်းမင်အမူအရာသည် ပြောင်းလဲမှုမရှိ။ လက်ဆန့်တန်းထားဆဲ။

"ကောင်းပြီ..ငါပြုတ်ကျရင်တော့မင်းတာဝန်ယူရမယ်"

နံရံကိုလက်နှစ်ဖက်ဖြင့်ထောက်ကာအားယူပြီး အောက်သို့ခုန်ဆင်းလိုက်သည်။

သို့သော်လည်း ပြုတ်ကျသွားသည်နှင့် ပိန်ပါးသောလူအသွင်မှ စက္ကူလူသားအဖြစ် ပြောင်းလဲလိုက်သည်။ ရွှမ်းမင်လက်အကျယ်နှင့် ကွက်တိဖြစ်ရန်ရည်ရွယ်ပြီး အရွယ်အစားသေးအောင် သူညှိထားသေးသည်။ သစ်ကိုင်းမှသစ်ရွက်ကြွေကျလာသကဲ့သို့ ရွှမ်းမင်လက်ဝါးထက် ရောက်ရှိသွားတော့သည်။

ခြေကောလက်ပါဆန့်တန်းလျက်။

ရွှမ်းမင် ; "........."

ဤမကောင်းဆိုးဝါး၏လူပုံစံနှင့် ကျင့်သားရနေပြီဖြစ်သောရွှမ်းမင်သည် သေဆုံးခြင်းအပေါ် နောင်တရနေသကဲ့သို့ ရေးဆွဲထားသောမျက်ဝန်းများကို ကြည့်ရန်ခက်လှ၏။ ပို၍သေးသွားပြီဖြစ်သော်လည်း အမြင်ဆိုးနေဆဲဖြစ်သည်။

ရွှမ်းမင်စကားမဆိုတော့ပဲ အကြည့်လွှဲလိုက်သည်။ အရင်အတိုင်းပဲ မကောင်းဆိုးဝါးကို အိတ်ကပ်အတွင်း ပြန်ထည့်ထားလိုက်၏။ ဤတစ်ကြိမ်မှာတော့ ကရုဏာတရားများရှိလာတာကြောင့် အောက်ခြေမှာမနေစေတော့ပဲ အခါအားလျော်စွာ အသက်ရူနိုင်ဖို့ရန် ခေါင်းထုတ်ထားခွင့်ပြုထား၏။

သို့ပေမဲ့ မကောင်းဆိုးဝါးသည် မကျေနပ်နိုင်သေး။

"ကျေးဇူးပြုပြီး..နေရာပြောင်းပေးပါ"

ရွှဲရှန့်ပါးစပ်မှထွက်လာသည့် 'ကျေးဇူးပြုပြီး' ဆိုသောစကားတွင် ယဥ်ကျေးသောအငွေ့အသက်တော့ စိုးစဥ်မှမပါ။

ရွှမ်းမင်အနေဖြင့် ဤသတ္တဝါသည် အဖမ်းခံနေရကြောင်းကို အချိန်တိုအတွင်းမှာ အလွယ်တကူမေ့ပျောက်ပြီး ဖမ်းသူ၊ အဖမ်းခံရသူ ခွဲမရပဲဝိုးတဝါးဖြစ်နေမယ်လို့ မထင်ထားခဲ့။

ကောင်းမွန်သောအိပ်ရာလိုချင်၍ ရဲတင်းစွာတောင်းဆိုလာတဲ့ ထောင်သားဆိုတာရှိခဲ့ဖူးလို့လား?

"ဘယ်နေရာလဲ?"

စက္ကူလူသားသည် အရိုးမရှိတာကြောင့် ရွှမ်းမင်ရှိရာဘက် ကိုယ်ကိုအလွယ်တကူကွေးနိုင်၏။

"ပုခုံးပေါ်မှာနေချင်တယ်"

ရွှမ်းမင် ; "......"

စက္ကူလူသားသည် ဆင်ခြေများထုတ်ပြီး အထွန့်တတ်လာပြန်၏။

"ဒီအောက်ကနေဘာမှမမြင်ရဘူး..ပုခုံးပေါ်မှာနေချင်တယ်"

ရွှမ်းမင် ; "......."
ကောင်းကင်ပေါ်သာတတ်သွားပါလား

"အခုကျပြုတ်ကျမှာမကြောက်တော့ဘူးလား?"

ရွှဲရှန့်သည် တုံ့ဆိုင်းခြင်းတောင်မရှိပဲပြန်ပြောလာ၏။

"ပုခုံးတွေကပျော့ခွေနေလို့လား?လမ်းလျှောက်ရင်ကောခုန်ပြီးသွားလို့လား?အဲ့တာနှစ်ခုလုံးမဟုတ်ဘူးဆိုရင်ငါကဘယ်လိုလုပ်ပြုတ်ကျမှာလဲ?"

သူဆိုသည်သာ အမှန်ဟုယူဆနေသော ဤသတ္တဝါနှင့် ရွှမ်းမင်ထပ်ငြင်းမနေတော့။ ခေါင်းခါယမ်းရင်း လက်လျော့အရှုံးပေးသည့်အသံနှင့်

"ကောင်းပြီ"

စကားဆုံးသည်နှင့် ရွှဲရှန့်ကိုမသိကျိုးကျွန်ပြုကာ ခြေလှမ်းစလိုက်သည်။

အိတ်ကပ်အဝတွင်မှီရင်း စောင့်နေသောရွှဲရှန့်လည်း ရွှမ်းမင်မှကူညီမပေးတာကို သတိပြုမိသွားသည်။ မခံမရပ်ဖြစ်နေသောအသွင်ဖြင့် ပါးစပ်ပြန်ဟလာပြီး

"မင်းလက်ဘယ်မှာလဲ?"

"ကိုယ့်ဟာကိုယ်တက်ခဲ့"

ရွှဲရှန့် ; "......"

ရွှဲရှန့်သည် ကြီးကျယ်မြင့်မြတ်သောဒဏ္ဍာရီလာသတ္တဝါ ဖြစ်သည်။ ကြွတ်တစ်ကောင်လိုမြေပေါ်တွင် တွားသွားပြီးအရှက်မဲ့တာထက်စာရင် ကိုယ့်ကိုယ်ကိုသာအသေခံလိုက်မည်။ မျောက်တစ်ကောင်လို လက်အားသုံးပြီး ခုန်လွှားသွားရန်ကျပြန်တော့လည်း တွန့်ဆုတ်နေမိသည်။ ခေါင်းကိုမော့ကာ ကတုံး၏အရပ်အမြင့်ကို ခန့်မှန်းလိုက်၏။ ထို့နောက်ကိုယ့်အဆင့်အတန်းကိုယ်နိမ့်ချရုံသာ ဆုံးဖြတ်ကာ လက်နှစ်ဖက်ဆန့်တန်း၍ ကတုံး၏ဝတ်ရုံပေါ်၌ ကုပ်တွယ်လိုက်သည်။

ရွှမ်းမင်၏ဝတ်ရုံအသားသည် ထူးဆန်းလှ၏။ မည်သို့သောလျှော်ပင်နှင့် ရက်လုပ်ထားကြောင်း မှန်း၍မရ။ အတော်အသင့်တော့နူးညံ၏။ နှင်းတမျှဖြူဖွေးသောဝတ်ရုံ၌ အညစ်အကြေးစိုးစဥ်မျှမရှိ။ အတိုချုန်းပြောရလျှင် သာမန်ဘုန်းတော်ကြီးများဝတ်လေ့ရှိသောဝတ်ရုံမျိုးဟုတ်မနေ။

ထို့အပြင်..သူမခန့်မှန်းနိုင်သော အနံ့တစ်မျိုးလည်းရ၏။

လတ်ဆတ်သောဆီးနှင်းပွင့်များ ဖုံးကာထားသော ထင်းရူးတောအုပ်နှယ်။

စက္ကူလူသား၏အလေးချိန်သည် တကယ်ပင် ပေါ့ပါး၏။ နှစ်ခါသုံးခါမျှရွှေ့ပြီး ခါးနေရာကနေ လည်ထောင်နေရာသို့ ရောက်ရှိသွားသည်။ လည်ထောင်နေရာရောက်သည်နှင့် ပုခုံးပေါ်ကိုခုန်တတ်လိုက်ဖို့က လွယ်ကူလှသည်။ သို့ပေမဲ့ရွှဲရှန့်ကတော့ ငြင်းဆို၏။ လည်ထောင်တစ်ဝိုက်မှာ မှီတွယ်ထားပြီး ခေါင်းမော့လိုက်သည်။

တတ်သွားပြီဆိုလျှင် မြင်ရတော့မည်မဟုတ်သော ရွှမ်းမင်မေးစေ့အောက်ပိုင်းကို ထူးကဲသောနေရာမှ သူမြင်နေရသည်။

ရွှဲရှန့်စက္ကူခန္ဓာကိုယ်ကို လုံးပြီးခုန်ကာ မေးစေ့ကိုလှမ်းဆွဲလိုက်သည်။ ပြီးနောက် မြန်နိုင်သမျှမြန်သောအရှိန်နှင့် နှာခေါင်းထက်သို့ ကုပ်တွယ်၍တက်လိုက်သည်။ မျက်တောင်မွှေးများကို အားပြုကာလွှဲခိုရင်း ပုခုံးထက်သို့ခုန်ဆင်းလိုက်သည်။ 'နှာခေါင်းပြီးလျှင်တော့မျက်နှာ' ဆိုသောစကားအတိုင်း တစ်ယောက်မှလုပ်လိုက်၍ အခြားတစ်ဦးသည် အရှက်ကွဲသွားပေမဲ့လည်း ထပ်မံပြီးပို၍အရှက်ကွဲအောင် လုပ်ချင်နေသေးသည်။

ရွှမ်းမင် ; "......"

ဤမျှလောက်အောင် အကြောက်ကင်းသောပုံအရ သာမန်မကောင်းဆိုးဝါးတော့ဖြစ်မည့်ပုံမပေါ်။ သို့ပေမဲ့လည်း ရွှဲရှန့်၏လူပုံသဏ္ဍာန်ဆီတွင်ရှိသောစွမ်းအင်သည် အားနည်းလှတာကြောင့် ဤဥမှပေါက်သောအကောင်သည် ဘာကောင်မှန်း ရွှမ်းမင်ကောက်ချက်ချ၍မရ။

ကိုယ်ခန္ဓာဆို၍......

ပုခုံးပေါ်တွင်ထိုင်နေသော စက္ကူလူသားထံ အကြည့်ရောက်လာပြီး

"စာသင်သားကိုမင်းမသေသေးဘူးလို့ပြောခဲ့တယ်မလား?"

ရွှဲရှန့်အနေအထားကို သင့်တင်လျှောက်ပတ်အောင်ပြုပြင်လိုက်ပြီး သက်တောင့်သက်သာမှီထိုင်လိုက်၏။ ပြီးနောက် ပျင်းရိပျင်းတွဲနှင့်

"ဟုတ်တယ်လေ..အဲ့တာကြောင့်ငါ့ကိုဖမ်းတာမမှန်ကန်ဘူးလို့ပြောတာပေါ့"

သူ့စကားအပေါ်ထပ်မဆိုလာပဲ နောက်တစ်ခွန်းမေးလာသည်။

"မူရင်းခန္ဓာကိုယ်ကဘယ်မှာလဲ?"

အချို့သောသစ်သားချောင်းများသည် စကားဆိုရာမှာတော့ ကျွမ်းကျင်လှ၏။ တမင်သတ်သတ်ပင် 'ဆူပွက်ခြင်းမရှိသောမြေအိုး' ၏အသုံးမဝင်သောအိုးဖြစ်ကြောင်း အားနည်းချက်ကိုထောက်၍ မလျှော်ကန်သောမေးခွန်းများ မေးတတ်ကြသည်။

ကျန်းရှီနင်သည် သစ်သားချောင်းဖြစ်သလို ကတုံးလည်းထို့အတူသာ။

မူရင်းခန္ဓာကိုယ်ဘယ်မှာလဲတဲ့လား?

ရွှဲရှန့်ကိုယ်တိုင်တောင်သိမနေ။

ဟွားမန်နိုင်ငံ ကွမ်းတုန်စီရင်စုရှိကမ်းခြေတွင် ထို့နေ့က အရိုးများအထုတ်ခံလိုက်ရပြီးနောက် မိုးသည်းထန်စွာရွာသွန်းပြီး ရေလှိုင်းထန်လာခဲ့သည်။ ရေလှိုင်းများသည် သူ့ကိုပင်လယ်ထဲသို့ ပြန်လည်သယ်ဆောင်သွားပြီး ပြင်းပြသောနာကျင်မှုကြောင့် အသိစိတ်ပျောက်နေခဲ့၏။ အသိစိတ်ပြန်ဝင်လာချိန်တွင် ဝိညာဥ်နှင့်ကိုယ်ခန္ဓာကွာနေကြောင်းကို သိလိုက်ရသည်။

ဝိညာဥ်ကွာနေသည်ဖြစ်၍ အသုံးမဝင်သော အလွန်ကြီးမားလှသည့်ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်မည်မဟုတ်။ ယင်းကြောင့်လည်း အကာအကွယ်ယူရန်အနေဖြင့် ရွှေရောင်အလုံးလေးအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

အစကတော့ ရွှေရောင်ဖန်လုံးကိုသိမ်းထားပြီး စိတ်ဝိညာဥ်ပြန်လည်နာလန်ထူသောအခါမှ ပြန်ဝင်ရန်စိတ်ကူးထားခဲ့သည်။ ကောင်းကင်ဘုံသည် လှည့်စားလာမည်ဟု ဘယ်သူကတွေးထင်မိမှာလဲ? ရီဝေဝေဖြစ်နေဆဲအချိန်မှာ ပြင်းထန်သောလှိုင်းပုတ်မှုကြောင့် ရွှေရောင်ဖန်လုံးသည်လည်း ကမ်းစပ်ရှိရာသို့ လိုက်ပါသွားသည်။ သူလုပ်နိုင်တာသည် ငါးဖမ်းသမားနောက်ပါသွားပြီဖြစ်သော ခန္ဓာကိုယ်ကို ပင်လယ်အတွင်းမှ ကြည့်နေခြင်းသာဖြစ်၏။

အသိစိတ်များ ကြည်လင်ပြတ်သားစွာပြန်လည်ရရှိချိန်မှာ လိုက်ဖမ်းရန်စိတ်ကူးမိပေမဲ့ ထိုသူသည် အစအနပင်မကျန်ပဲ ပျောက်ကွယ်သွား၏။ အတွေးနှင့်တောင် ဒေါသများဆူပွက်လာသည်ကို ရွှဲရှန့်ခံစားမိ၏။

"ရှာနေတုန်းပဲ"

မူရင်းခန္ဓာကိုယ်ပျောက်ဆုံးနေတာတောင် ဤသတ္တဝါသည် အတော်တော့စွမ်းဆောင်နိုင်၏။

ရွှဲရှန့်သည် ဤအချင်းအရာအပေါ် တည်ကြည်လေးနက်မှုမရှိဘူးလို့တော့ဆို၍မရ။ ဒါပေမဲ့ အရိုးတွေကိုထုတ်ယူသွားသူအား လက်တုံ့ပြန်ခြင်းနှင့်ယှဥ်လျှင်တော့ မူရင်းခန္ဓာကိုယ်နှင့် ပတ်သတ်သောပြဿနာသည် အသေးအဖွဲမျှသာရှိ၏။ အခုအချိန်မှာ ရှာမတွေ့ခြင်းသည် ဆိုးရွားစွာပျက်စီးနေသောစိတ်ဝိညာဥ်ကြောင့်သာဖြစ်၏။ ထို့ကြောင့်လည်း ခန္ဓာကိုယ်နှင့်ဝိညာဥ်ကြား ဆက်နွယ်မှုသည် ပြတ်တောက်နေခဲ့၏။ အလုံးစုံပြန်လည်ကျန်းမာသွားလျှင် မူရင်းခန္ဓာကိုယ်၏တည်ရှိရာကို အာရုံခံနိုင်လိမ့်မည်။ အားအင်စိုက်ထုတ်ပြီး ရှာနေစရာမလို။

မတိုင်ခင်ကကြားခဲ့သော မြည်သံကိုသတိရသွားကာ ကိုယ့်ကိုယ်ကိုတီးတိုးရေရွတ်နေ၏။

"အိမ်တော်ရဲ့နေရာချပုံကတစ်မျိုးထူး.."

တီးတိုးရေရွတ်နေတုန်း ရွှမ်းမင်သည်လည်း ကျဥ်းမြောင်းသောတံခါးငယ်နှစ်ခုနှင့် စင်္ကြန်လမ်းတစ်ခုကိုဖြတ်ပြီးနှင့်နေပြီ။ နောက်ထပ်တံခါးငယ်တစ်ခုကို ဖွင့်ရန်ကြံရွယ်နေ၏။

ရွှဲရှန့်သည် 'ထူးဆန်းတယ်' ဆိုသောစကားကိုဆုံးအောင်ပင်မပြောပဲ ခေါင်းစဥ်ပြောင်းလိုက်၏။

"နေဦး..ဒီနေရာကိုရင်းနှီးနေသလိုပဲ"

ရင်းနှီးတယ်ဆိုတာထက်ပိုသည်။

ရေညှိဖုံးနေသောကျောက်သားကြမ်းပြင်၊ သစ်သားတံခါးပေါ်တွင်ပန်းဖော်ထားသောကနုတ်များ၊ နွယ်ပင်များတွယ်တက်နေသောနံရံနှင့် နံရံကိုကျော်ကာ အကိုင်းထွက်နေသောအပင်အို။ ဒီနေရာသည် ရွှဲရှန့်အသိစိတ်ပြန်ဝင်လာချိန်တွင် လဲနေခဲ့သောနေရာပဲမလား?

ကတုံးကိုဦးဆောင်ခိုင်းကာမှတစ်နေရာထဲပဲပြန်ရောက်လာတယ်?!

ရွှမ်းမင်ခေါင်းခါရင်း

"အဲ့နေရာကပုံရိပ်ယောင်..ဒီနေရာကအစစ်အမှန်"

ရွှဲရှန့်တစ်ချက်ကြည့်ပြီးအတွေး၌ 'ကောင်းပြီ၊ကတုံးကဂိတ်ဝရှစ်ခုနေရာကိုသိတယ်ဆိုတော့လည်းအတွက်အချက်တော့မမှားလောက်ပါဘူး..သူကအမှန်ဆိုတော့လည်းအမှန်ပေါ့'

"အစစ်ကိုတွေ့ပြီဆိုတော့ဘာလုပ်ကြမှာလဲ?"

ရွှမ်းမင်သည် တံခါးမှလှေကားထစ်ကိုဖြတ်ပြီး လူသူကင်းသောအခန်းရှိရာသို့ လှမ်းလျောက်သွား၏။

"ဒါကရှင်သန်ခြင်းတံခါးဝ..ဒီကထွက်မယ်ဆိုရင်အစီအရင်လည်းပျက်သွားလိမ့်မယ်"

ရွှဲရှန့်စကားဆိုမည်ကြံတုန်း လူမရှိသောအခန်းအတွင်းမှ အသံဖျော့ဖျော့ကို ကြားလိုက်ရ၏။

ရွှမ်းမင်၏ လှမ်းလက်စခြေလှမ်းများရပ်တန့်သွားကာ တိုးသိပ်စွာနောက်ပြန်ဆုတ်၍ စင်္ကြန်လမ်းရှိ တိုင်လုံးနောက်တွင် စက္ကူလူသားနှင့်အတူဝင်ပုန်းလေသည်။

ဘာလို့ဒီမှာတစ်စုံတစ်ယောက်ရှိနေတာလဲ?

ရွှမ်းမင်ပုခုံးပေါ်တွင် ရှိနေဆဲဖြစ်သော ရွှဲရှန့်လည်း မြင်ကွင်းကိုတွေ့ရရန် တိုင်နောက်ကွယ်မှ ခေါင်းထုတ်လျက်ရှိသည်။ စက္ကူခန္ဓာကိုယ်ဖြစ်၍ တော်သေးသည်။ သတိမမူမိကြမှာဖြစ်သလို အာရုံစိုက်ခြင်းခံရဖို့လည်း ခက်ခဲ၏။

အခန်းအတွင်းမှ ထွက်လာသောအသံဖျော့ဖျော့သည် တဖြည်းဖြည်းနှင့်ကြည်လင်လာသလို ကြားဖူးသလိုရှိလှ၏။ တံခါးသည် ကျိကနဲအသံနှင့်ပွင့်သွားပြီး အတွင်းမှလူသည် တံခါးအပြင်ဘက်လှေကားထစ်သို့ ကိုးယိုးကားယားနိုင်စွာ ခြေတစ်ဖက်ကျလာ၏။ ရွှဲရှန့်သိသွားပြီ..အရူးအနှမ်းလျိုချုံ၏အသံဖြစ်ကြောင်း။

မရှာပဲနဲ့ဒီအစီအရင်ထဲပိတ်မိနေတဲ့သူတွေပါတစ်ခါတည်းတွေ့တော့မှာလား?သူဘယ်သူနဲ့စကားပြောနေတာလဲ?ကျန်းရှီနင်နဲ့လား?

ဒါပေမဲ့ရွှဲရှန့်သည် အရူးမဟုတ်။ တစ်ခုခုလွဲမှားနေပြီဖြစ်ကြောင်းသတိပြုမိသည်။

လျိုချုံဝတ်ဆင်ထားသော ထူထဲသောဝတ်ရုံသည် တွေ့စဥ်ကဝတ်ဆင်ထားသော ဝတ်ရုံမဟုတ်နေ။ ပထမဝတ်ထားသောဝတ်ရုံသည် ခဲပြာရောင်ဖြစ်ပြီး ယခုဝတ်ဆင်ထားသောဝတ်ရုံသည် မြေစေးရောင်ဖြစ်ကာ ကြက်သွေးရောင်အနားကွပ်များပါ၏။ ပွဲတော်အခမ်းအနားများတွင် ဝတ်ဆင်လေ့ရှိကြသော ဝတ်ရုံကဲ့သို့ဖြစ်သည်။

ရွှဲရှန့်ထံ ထိုသို့အတွေးရောက်နေစဥ်မှာ လျိုချုံသည် အနောက်လှည့်ပြီး အခန်းတွင်းမှလူကို ဖေးမပေးနေ၏။
သူ့ဟာသူတောင် အလွဲလွဲအချော်ချော်ဖြစ်နေသောသူသည် အခြားကိုကူညီခြင်းက မနိုင်ဝန်ထမ်းနေရုံသာ။ သို့ပေမဲ့လည်း ဆယ်ပုံမှာဆယ့်နှစ်ပုံအထိတောင် ပိုပြီးအားစိုက်နေသည်။

လျိုချုံလက်ကိုအားပြုရင်း ထော့နင်းထော့နင်းနှင့် လျှောက်လာသူသည် အဘွားအိုတစ်ဦးဖြစ်နေ၏။ သေးမျှင်သောဆံနွယ်များကို စုစည်းထားပြီး တစ်ခေါင်းလုံးဖြူဖွေးနေသည်။ မျက်တွင်းမျက်ချောင်များ ကျလျက် ပါးရေများတွန့်ကာ နှုတ်ခမ်းအစုံသည် ခရမ်းရောင်သန်းနေ၏။ နာမကျန်းဖြစ်နေသည်မှာ သေချာသည်။

လျိုချုံ၏လက်ဖျံကို ရွှံ့မြေတွင်ကုပ်တွယ်နေသော အမြစ်အိုများနှယ် ဆုပ်ကိုင်ထားသည်။ အခြားလက်တစ်ဖက်သည် သစ်သားဖြင့်လုပ်ထားသော လမ်းလျှောက်တုတ်ကို အားယူထား၏။ ထို့ကဲ့သို့အားပြုထားတာတောင် လှေကားထစ်ကို မနည်းပင်ဆင်းလိုက်ရသည်။

အမယ်အို၏ခြေထောက်များသည် အားနည်းလှ၏။ လှေကားထစ်သည် သူမအတွက် မြင့်လွန်းသည်ဟုဆိုရမည်။

တံခါးအပြင်ဘက်ရောက်သွားချိန်တွင် သူမလက်နှစ်ဖက်လုံးသည် တုတ်ကောက်ဆီသို့ ပြန်လည်ရောက်ရှိသွား၏။ လျိုချုံကိုပြုံးပြကာ

"တော်လိုက်တဲ့ချုံအာ..အဘွားအတွက်အခန်းထဲကခွေးခြေခုံထုတ်ပေးပါဦး"

လျိုချုံခေါင်းငြိမ့်ပြပြီး အခန်းထဲဝင်မည်ပြင်ချိန်တွင် အမယ်အိုမှထပ်ပြီး

"အို..မီးအိမ်နဲ့ဟိုအချောင်းတွေကောပဲ"

အရူးသည် တစ်ခါခိုင်းလျှင် တစ်ခုတည်းသာ အာရုံစိုက်နိုင်၏။ အမယ်အိုမှ သုံးမျိုးပြောကြားလာသည့်အတွက် လျိုချုံအဖို့ ရှုပ်ထွေးနေ၏။ တံခါးအတွင်းနှင့်အပြင် တစ်ဝက်တစ်ပျက်ရပ်နေရာမှ တစ်လုံးချင်းဆီကို ကြိုးစား၍ပြောလာသည်။

"ခွေးခြေခုံ...အချောင်းတွေ?"

အမယ်အိုသည် မကြားနိုင်လောက်အောင် သက်ပြင်းခိုးချပြီး

"အင်း..ချုံအာကအရမ်းတော်တာပဲ"

လျိုချုံရူးနှမ်းစွာပြုံးပြပြီး အခန်းတွင်းအမြန်ပြန်ဝင်သွားသည်။ အတော်ကြာတော့ လက်တစ်ဖက်တွင် ခွေးခြေခုံ၊ အခြားတစ်ဖက်တွင် အဝတ်ထုတ်ကြီးနှင့် ထွက်လာ၏။ လက်နှစ်ဖက်လုံးပြည့်လျက် အပြင်သို့ဘယ်လိုခြေလှမ်းရမလဲ ထိုအရူးမေ့သွားပုံရသည်။ လှေကားထစ်တွင် တုံ့ဆိုင်းနေရာမှ အမယ်အိုထံသို့ ခွေးခြေခုံနှင့်အဝတ်ထုတ်ကိုကမ်းပေးရန် ခက်ခက်ခဲခဲနှင့်ဒယီးဒယိုင် ခြေလှမ်းလေ၏။

ခွေးခြေခုံကိုအရင်ချပြီး အဝတ်ထုတ်ကိုဖြည်ရန် စိတ်ကူးပုံရသည်။ သို့ပေမဲ့လည်း အလွဲလွဲအချော်ချော်နှင့် ခွေးခြေခုံသည် ထက်ပိုင်းပြတ်လုမတတ်ကြိုးသွား၍ အဝတ်ထုတ်သည် ဖြေမရနိုင်အောင် အသေထုံးသွား၏။ ကူညီရန်ကြံရွယ်ပေမဲ့လည်း အမယ်အိုကိုပိုပြီးဒုက္ခပေးနေသလိုပင်။

သို့ပေမဲ့လည်း အမယ်အိုသည် စိတ်မရှည်သည့်ပုံမပေါ် ပြုံးမြဲပြုံးနေသည်။

"အခန်းထဲကမီးအိမ်နှစ်အိမ်လည်းယူပေးပါဦး"

လျိုချုံသည် ချီးမွမ်းခံလိုက်ရပြီထင်ပြီး ပို၍ပင်စိတ်အားထက်သန်လာ၏။ အခန်းတွင်းပြန်ဝင်သွားပြီး တခဏအကြာမှာ အနီရောင်မီးအိမ်နှစ်အိမ်နှင့်ပြန်ထွက်လာသည်။

"ဒီနေ့ကဘိုးဘေးတွေကိုပူဇော်တဲ့နေ့လေ...အဖြူရောင်မီးအိမ်တွေကိုလဲကြရအောင်"

တံခါးဘေးတွင်ရှိသော အဖြူရောင်မီးအိမ်များကို ပွဲတော်အတွက်ဖြစ်သော အနီရောင်မီးအိမ်များနှင့် လျိုချုံကိုလဲစေ၏။ ထို့နောက်အမယ်အိုသည်ခွေးခြေခုံ၌ထိုင်ပြီး အသေချည်ထားသောအဝတ်ထုပ်ကို ကြိုးစားပမ်းစားဖြည်နေ၏။

ပြေသွားရန်အချိန်အတော်ပင်ကြာသည်။

အဝတ်ထုပ်ပြေကျသွားသည်နှင့် စက္ကူချောင်းများသည် ကြမ်းပြင်ပေါ်တွင်ပြန့်ကျလာ၏။

အဝတ်အိတ်အတွင်းမှ မီးခြစ်ဆံကိုထုတ်ယူကာ မီးအိမ်ဆီမှမီးကူးပြီး စက္ကူချောင်းပုံများပေါ်သို့ ပစ်ချလိုက်သည်။

အဝါရောင်မီးတောက်ဖျော့ဖျော့ အရှိန်ရလာသလို စက္ကူချောင်းများသည်လည်း ခြောက်သွေ့နေသလိုရှုံ့တွကုန်၏။ အစွန်မှာရှိသော စက္ကူချောင်းတစ်ချောင်းသည် မီးမကူးခင်မှာ တိုင်ရှိရာဘက်သို့ လေနှင့်အတူလွင့်လာ၏။ ရွှမ်းမင်လည်း တိတ်ဆိတ်စွာလက်ထုတ်လိုက်သောအခါ စက္ကူချောင်းသည် လက်ဖဝါးထက်သို့ဆင်းသက်၏။

စက္ကူချောင်းကိုကြည့်ရာ ရွှမ်းမင်ထင်ထားသလိုပဲ အောက်ခြေတွင် စာသားများရေးသားထားသည်။ တွန့်လိမ်ကောက်ကွေးကာ မသေသပ်သော ဆွဲချက်အရ လျိုချုံလက်ချက်ဖြစ်သည်မှာ ထင်ရှားလှ၏။

ရွှဲရှန့်ခေါင်းဆန့်တန်းရင်း ဖတ်ကြည့်တဲ့အခါ လျိုရှန်ဟုရေးထားတာဖြစ်ကြောင်းတွေ့ရသည်။

လျိုချုံအိပ်ခန်းအတွင်းရှိ အဓိပ္ပာယ်ဖော်မရသော စက္ကူချောင်းများကို ရွှဲရှန့်ရုတ်ချင်းသတိရသွားသည်။ 'အဲ့တာလျိုရှန်လို့ရေးထားတာလား?'

သို့ပေမဲ့လည်းဖြစ်နိုင်ချေမရှိ။ ဤစက္ကူချောင်းပေါ်တွင် လျိုရှန်ဟုပီပြင်ပြတ်သားစွာရေးထားပါလျက်နှင့် အခြားဟာကျမှ ဘာလို့လျှောက်ခြစ်ထားမှာလဲ? မင်ကွက်အရွယ်အစားအရလည်း စကားလုံးနှစ်လုံးထက်တော့ ပိုမည်။

ရေးထားတာကိုဖတ်ပြီးပြီဖြစ်၍ စက္ကူချောင်းကို ရွှမ်းမင်ပြန်လွှတ်ပေးလိုက်သည်။ ပြန်လွင့်သွားသောစက္ကူချောင်းသည် မီးတောက်နှင့်အတူ လောင်ကျွမ်းသွားလေ၏။

အမယ်အိုသည် ကျန်ရှိနေသောမီးတောက်ကို လေမှုတ်ပေးပြီး ခပ်တိုးတိုးစကားဆိုလာသည်။

"ဒီနှစ်အတွင်းကျန်းမာရေးလည်းမကောင်းလှတာမို့ခါးတောင်မကွေးနိုင်တော့ဘူး..စက္ကူချောင်းတွေမနှစ်ကထက်နည်းသွားတာဗွေမယူပါနဲ့"

လှေကားထစ်တွင်ထိုင်နေသော လျိုချုံသည် တိတ်ဆိတ်စွာနားထောင်နေ၏။ စကားနှစ်ခွန်းဆုံးသည်နှင့် အခန်းတွင်းပြေးဝင်သွားကာ အဝါရောင်စက္ကူချပ်များကိုထုတ်လာသည်။ ဆောင့်ကြောင့်ထိုင်ချရင်း စက္ကူများကိုခေါက်ကာ

"ဘယ်လိုလုပ်ရမလဲ..ကျွန်..ကျွန်တော်သိတယ်..ကျွန်တော်လုပ်ပေးမယ်"

အမယ်အိုသည် လျိုချုံရှိရာသို့ ကြည့်လာ၏။ မီးရောင်အလင်းသည် သူမမျက်နှာထက် ရောင်ပြန်ဟပ်လျက်ရှိပြီး မျက်ဝန်းများသည် နွေးထွေးသလို နာကျင်သောအရိပ်အယောင်လည်းသန်းနေ၏။

လျိုချုံသည် အခြားအရာများတွင်သာ ကပျက်ကချော်နိုင်မည်။ စက္ကူချောင်းများခေါက်ရာတွင်တော့ ကျွမ်းဝင်မှုရှိသည်။ သူကူညီပေးနေခဲ့သည်မှာလည်း ကြာလေပြီ။ ခေါက်ပြီးသွားသောတစ်ခုကို ချီးမွမ်းခံလို၍ အမယ်အိုအားပြုံးရင်းမြှောက်ပြလာသည်။

"ချုံအာခေါက်ထားတဲ့စက္ကူချောင်းကငါ့ထက်တောင်သာတာပဲ"

"ဒီမှာ"

အမယ့်အိုလက်တွင်းသို့ ထည့်ပေးပြီးမီးတောက်ထဲထည့်ဖို့ရန် လက်လှမ်းပြသည်။

အမယ်အိုလက်ခါပြပြီး

"အလျင်မလိုလည်းရတယ်..နောက်တစ်ခါမှမီးရှို့ပေးလည်းအတူတူပဲ..နာမည်မရေးပဲဒီအတိုင်းမီးရှို့လိုက်ရင်ဘယ်သူ့အတွက်လဲဆိုတာဘယ်သူမှသိမှာမဟုတ်ဘူး..သူ့အတွက်ဆိုတာမင်းအဘိုးသိမှာမဟုတ်ဘူး"

လျိုချုံတွေးတွေးဆဆနှင့် ခေါင်းငြိမ့်ပြကာ စက္ကူခေါက်ခြင်းအပေါ်  စိတ်ပြန်ရောက်သွားသည်။

အမယ်အိုသည် မီးရှိူ့ထားသောအပုံကို တုတ်ကောက်နှင့် စက္ကူချောင်းများ မီးပိုစွဲအောင်ဖြန့်ပေးလေ၏။ လက်ကအလုပ်များနေသလိုပဲ ပါးစပ်ကလည်းတတွတ်တွတ်စကားဆိုနေသည်။

"စက္ကူချောင်းများကိုယူ၊ကောင်းမွန်စွာနေထိုင်၊ရွှေတောင်ငွေတောင်များနှင့်ကြွယ်ဝချမ်းသာပြီးဘေးကင်းနိုင်ပါစေ"

စက္ကူချောင်းများကို ခေါက်နေသောလျိုချုံလည်း အမယ်အိုဆိုသလိုလိုက်၍ ရွတ်ဆိုနေသည်။

"စက္ကူချောင်းများကိုယူ၊ကောင်းမွန်စွာနေထိုင်၊.........ရွှေတောင်ငွေတောင်များနှင့်ကြွယ်ဝချမ်းသာပြီးဘေးကင်းနိုင်ပါစေ"

တောင်မျှပုံနေသောစက္ကူချောင်းအပုံသည် ခဏလေးအတွင်း လောင်ကျွမ်းသွား၏။ အမယ်အိုသည် တုတ်ကောက်ကိုအားပြုရင်း လျိုချုံနှင့်အတူ အခန်းတွင်းပြန်ဝင်သွား၏။ လျိုချုံဘာကိုတိုက်လိုက်ပြန်တာလည်းတော့မသိ။ အခန်းတွင်းဝင်သွားသည်နှင့် ကြွေထည်ပစ္စည်းများ ကွဲကျသွားသောအသံက ထွက်ပေါ်လာ၏။

"မစိုးရိမ်နဲ့..ဘာမှမဖြစ်ဘူး..အဆင်ပြေတယ်"

အမယ်အို့အသံသည် အခန်းအတွင်းမှ တိုးညှင်းစွာထွက်လာ၏။ တစ်စုံတစ်ရာအမှားလုပ်မိပြီး တုန်လှုပ်သွားသောလျိုချုံကို စိတ်သက်သာရအောင် ဖျောင်းဖျနေပုံရသည်။

သိပ်တောင်မကြာလိုက်၊ အမယ်အိုနှင့်အတူ လျိုချုံပြန်ထွက်လာပြန်သည်။ အမယ်အိုသည် ဝတ်ရုံအရှေ့ပိုင်းနှင့် ကွဲသွားသောအပိုင်းအစများကို ထုတ်ထားပြီး လျိုချုံကိုင်ထားတာကတော့......

ရွှဲရှန့် တိုင်နောက်ကနေအားစိုက်ပြီးကြည့်နေရာမှ တွေ့ရသည်မှာ ကြေးနီကြည့်မှန်ငယ်တစ်ချပ်ဖြစ်သည်။

ကြည့်မှန်ကဘာအတွက်လဲ?

အမှန်တိုင်းဆိုရလျှင် ရွှဲရှန့်အတော်ပင်စိတ်ရှူပ်ထွေးနေပြီ။

နံရံဘေးတွင်ရှိသော အပင်အိုအောက်မှမြေကြီးကို လျိုချုံအားတူးခိုင်းနေသည်။ ထို့နောက် အပိုင်းအစများနှင့်အတူ ကြည့်မှန်ကိုလည်း မြေကြီးအတွင်း မြုပ်လိုက်သည်။ ကြည့်မှန်မြေမြုပ်ခြင်းခံလိုက်ရပြီးနောက် အမယ်အိုသည် ခပ်တိုးတိုးရေရွတ်ပြန်၏။

"ကြည့်မှန်ကိုမြုပ်ခြင်းဖြင့်အဆိုးတွေသည်အကောင်းအဖြစ်ပြောင်းသွားပြီးနှစ်များစွာအေးချမ်းနိုင်ပါစေ"

ရွှဲရှန့် ; "...."

ပြီးနောက် ထိုနှစ်ဦးသည် အခန်းတွင်းပြန်ဝင်သွားလေ၏။

လျိုချုံသည် စိတ်မမှန်သော်ငြားလည်း ကြီးသူကိုရိုသေရမည်အားတော့နားလည်၏။ အမယ်အိုဝင်ရောက်ရန် အရင်ကူညီပေးပြီးမှ သူလိုက်ဝင်သွားသည်။

ရွှဲရှန့်နောက်ပြန်လှည့်ပြီး ရွှမ်းမင်ကိုတိုးတိုးလေးစကားဆို၏။

"ရှင်သန်ခြင်းတံခါးဝကထူးဆန်းလိုက်တာ..မဖြတ်သွားခင်အတိတ်ကဖြစ်ရပ်တွေကိုပြန်ကြည့်နေရမှာလား"

ရွှမ်းမင်မျက်မှောင်ကျုံ့သွားပြီး တိုးတိုးနေရန် နှုတ်ခမ်းထက်လက်ညိုးတင်ကာအချက်ပြလိုက်သည်။

သို့ပေမဲ့လည်း နောက်ကျသွားပြီ။ အခန်းတွင်းရောက်သွားတော့မည့်လျိုချူံသည် တစ်စုံတစ်ရာကိုကြားမိတာကြောင့် ရပ်တန့်သွား၏။ နားမလည်သလိုနှင့် ခေါင်းပြူလာသည်။ တမူထူးကာကောင်းမွန်လှသောကံတရားကြောင့် တိုင်နောက်မှခေါင်းထွက်နေသောရွှဲရှန့်နှင့် အကြည့်ချင်းဆုံလေသည်။

တကယ်တမ်းဆိုလျှင် သေးငယ်သောစက္ကူအပိုင်းအစဖြစ်၍ ထိုနေရာလောက်ကနေ ဆွဲထားသောဆေးများကို မြင်နိုင်မည်မဟုတ်။

သို့ပေမဲ့ လျိုချုံကတော့ မြင်သွားသည်။

ရွှဲရှန့်ကတော့ သူထင်ယောင်ထင်မှားမြင်မိတာလားတောင် ထင်မိသည်။ လျိုချုံထံတွင် အမြဲတမ်းတွေ့ရတတ်သောရူးနှမ်းသည့်အကြည့်သည် ရုတ်ချင်းပင် တည်ကြည်လေးနက်သွား၏။ မမှိတ်မသုန်ရှိနေသော မျက်ဝန်းနက်တို့သည် ဘယ်သူမဆိုကို ကြက်သီးမွှေးညင်းထစေနိုင်သည်။

တစ်ချိန်တည်းမှာပဲ အိမ်ဝင်းအနှံ့ပတ်တိုက်နေခဲ့သောလေသည် အော်ညည်းသံနှင့် ပြန်လည်ရောက်ရှိလာ၏။ ဦးတည်ချက်ပြောင်းသွားသည့်အပြင် မကောင်းသောနိမိတ်လည်း လိုက်ပါလာပုံရသည်။ အခန်းအပြင်သို့ ခြေလှမ်းလိုက်သောလျိုချုံနှင့်အတူ အခန်းအတွင်းမှလည်း မူမမှန်သောခြေသံများက ထွက်ပေါ်လာသည်။ အမယ်အို၏ ခြေသံများတော့မဟုတ်။

ရွှမ်းမင်လည်း တိုင်နောက်မှာပုန်းနေသည်မှထွက်ကာ နံရံထက်တွင်ရှိသောတံခါးငယ်ကို ဖြတ်၍ထွက်လိုက်၏။

နိမိတ်မကောင်းသော ရှုပ်တိုက်သံများသည် မရပ်တန့်သွားပဲ ပို၍ပင်နီးလာသည်။

ရွှမ်းမင်ဘေးဘီဝဲယာကိုတစ်ချက်ကြည့်ပြီး ညာဘက်တွင်ရှိသော စင်္ကြန်လမ်းကိုသာ ရွေးချယ်လိုက်သည်။ ဥယျာဥ်ငယ်ကိုဖြတ်ပြီးနောက် တံခါးမကြီးကိုကျော်ကာ ထောင့်တစ်နေရာတွင်ရှိသော တံခါးငယ်ဆီသို့ တဖြောင့်တည်းလျှောက်သွားသည်။

"ရုတ်တရက်ဘာဖြစ်သွားတာလဲ?"

ရွှမ်းမင်ဝတ်ရုံကို အားတင်းဆုပ်ကိုင်ရင်း ရွှဲရှန့်နောက်တကြည့်ကြည့်လည်း ဖြစ်နေသည်။ လူငယ်ကောအမယ်အိုပါ တံခါးငယ်ကိုဖြတ်ပြီး လိုက်လာသည်ကိုမြင်လေ၏။ လမ်းလျှောက်လာပုံနှင့် မျက်နှာအမူအရာသည် လစ်ဟာနေသောခံစားချက်နှင့် သတ်ဖြတ်ရန်ရည်ရွယ်လာကြောင်း ဖော်ပြနေ၏။

"ဘာကြောင့်လဲတော့မသိပေမဲ့ရှင်သန်ခြင်းတံခါးဝကသေဆုံးခြင်းတံခါးဝအဖြစ်ပြောင်းသွားပြီ"

တံခါးငယ်ရှေ့တွင် ရပ်နေသောရွှမ်းမင်သည် ရွှဲရှန့်ကိုပြန်ဖြေရင်း တံခါးကိုဆွဲဖွင့်လိုက်၏။

"အဲ့တာဆိုတံခါးရှစ်ခုကမင်းတွက်ထားတာနဲ့ထပ်တူမကျဘူးလား?"

"အင်း"

"သေဆုံးခြင်းတံခါးဝကိုမှားပြီးဝင်မိရင်ဘာဖြစ်သွားမှာလဲ?"

"အစီအရင်နယ်ပယ်တစ်ခုလုံးရိုက်ခတ်သွားပြီ..တံခါးတွေအကုန်လုံးမှာအတိတ်ကပုံရိပ်တွေထင်ဟပ်လာလိမ့်မယ်..အဲ့ဒီလူတွေမြင်ကွင်းထဲမရောက်အောင်နေရင်ရတယ်..မြင်သွားတာနဲ့လိုက်လံဖမ်းဆီးလိမ့်မယ်"

အမယ်အိုနှင့်လူငယ်၏ ပြောင်းလဲသွားသောအမူအရာများကို စဥ်းစားမိပြီး ရွှဲရှန့်အမေးဆိုလာသည်။

"လိုက်ဖမ်းမယ်? ဘယ်လောက်ကြာကြာလဲ?"

"သေတဲ့အထိ"

ရွှဲရှန့် ; "......"

စကားဆိုပြီးသည်နောက် ပွင့်သွားသောတံခါးကနေ ရွှမ်းမင်လှမ်းဝင်သွား၏။ ခန်းမဆောင်ဖြစ်နေသည်။ အစေခံသုံးလေးယောက်လောက်သည် စားပွဲအနားတွင် စုနေကြ၏။

"သခင်မကြီးကြည့်ရတာသက်သာလာပုံမပေါ်ဘူး..ပိုတောင်ဆိုးလာသလိုပဲ..ကျန်းသမားတော်ကများဆေးအမှားတွေပေးနေတာလား?အဲ့ဒီသမားတော်အလိမ်ကသေအောင်လုပ်လိမ့်မယ်"

မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမှပြန်ဖြေလာ၏။

"ငါလည်းမသိဘူး..ဆေးနှင့်ပတ်သတ်ပြီးနားမှနားမလည်တာ..သခင်မကြီးကိုပဲဂရုစိုက်ပေးရမယ်..မနေ့ညတုန်းကကြောက်လိုက်ရတာ.အသက်မရူတော့ဘူး..ငါအရဲစွန့်ပြီးကျောကိုပုတ်လိုက်လို့တော်သေးတယ်..ဒီနေ့နင်တို့နှစ်ယောက်စောင့်ရမယ့်အလှည့်မလား..သေချာကြည့်ထားကြဦး"

စကားပြောနေကြတုန်း အစေခံတစ်ဦးသည် အနောက်မှထိတ်ထိတ်ပျာပျာပြေးလာပြီး

"အမြန်! အနောက်ကိုသွားကြပါဦး! သခင်မကြီး....."

အရိပ်များကြားတွင် ပုန်းနေသောရွှမ်းမင်သည် စကားဆုံးအောင်ပင်မစောင့်၊ နောက်ပြန်ဆုတ်ကာ တံခါးငယ်မှပြန်ထွက်လိုက်သည်။ ရွှဲရှန့်လည်းအနောက်ကိုလှည့်ကြည့်ရင်း မြင်လိုက်ရသောအခြေအနေကြောင့် ရွှမ်းမင်မျက်နှာကို တစ်ဖျတ်ဖျတ်ရိုက်ပြီး

"တွေ့သွားပြီ!ငါတို့ကိုတွေ့သွားပြီ!အမြန်ပြေး"

အခန်းတွင်းမှ ခြေသံများသည် ပြောင်းလဲကုန်ကာ တံခါးဆီသို့ တိုးကပ်လာ၏။

တံခါးနှစ်ချပ်သာ ဖွင့်ရသေးသည်။ အနောက်ကလိုက်ဖမ်းနေသော လူလိုလိုသရဲလိုလိုအကောင်များက ခုနှစ်ကောင်ရှစ်ကောင်မျှတောင်ရှိနေပြီ။ ကိုင်တွယ်နိုင်သော အခြေအနေထက်တောင် ကျော်လွန်လာသည်။

လသာဆောင်သို့ ပြန်လည်ရောက်ရှိသွားသောကတုံးသည် တတိယတံခါးကို ရွေးချယ်ပြီးသွားနှင့်ပြီ။

ရွှဲရှန့် ; "......"

အဘိုးရယ် မဖွင့်ခင်လေးစဥ်းစားပါဦးလား!

•••••••••

Copper Coins《铜钱龛世》Where stories live. Discover now