အခန်း ၅၈(အရိုးချည်မျှင် ၃)

2K 421 29
                                    

Unicode

ရထားလုံးတန်းရှည်သည် ချင်းဖင်၏လမ်းမတစ်လျှောက် ခပ်မှန်မှန်ရွရွ ပြေးဆင်းလာ၏။ ရထားလုံးတန်းကို ဦးဆောင်လာသော အမျိုးသားများမှာ ဤနယ်ပယ်တစ်လျှောက် တွေ့ရခဲဘိ တမူထူးစွာ ဝတ်စားဆင်ယင်ထားကြသည်။ ဝတ်ရုံများမှာ ပြန့်ကားပြီး ရှည်လျားသော လက်ထောင်များပါသည်။ သားရဲကောင်၏ဦးခေါင်းကို ရင်ဘတ်ခြမ်းနှင့် နောက်ကျောဘက်၌ ချည်ထိုးထားခြင်းမှာ ဆန်းပြားနေသည်တော့မဟုတ်။ ထူးဆန်းတာကတော့ ခေါင်းအစခြေအဆုံး ဖြူဆွတ်နေသော ဝတ်ရုံများနှင့် လှုပ်ရှားလိုက်တိုင်း တိမ်တိုက်များကို ဝတ်ဆင်ထားသည့်အလား ထင်မှတ်စေရာ ရက်စက်ခြင်းနှင့် တင့်တယ်ခြင်းအကြား လိုက်ဖက်ညီစွာ ရောယှက်လို့နေသည်။

နောက်ကျောမှ ကြည့်ရုံလေးနှင့် အသက်အရွယ်ကို မှန်းဆရန် ခဲယဥ်း၏။ အပြုအမှု အသွားအလာ လှုပ်ရှားပုံများကလည်း နှစ်ပေါင်းများစွာ လေ့ကျင့်ထားပုံရသည်။ မျက်နှာထက်တွင် သားရဲကောင်အသွင် မျက်နှာဖုံးများ ဝတ်ဆင်ထားကြသည်ဖြစ်ရာ မည်သို့ပုံပန်းရှိမှန်း မမြင်နိုင်ကြ။

ထိုရထားလုံးတန်း၌ လူပေါင်းဒါဇင်မက လိုက်ပါလာကြပြီး စုစုပေါင်းတစ်ရာခန့်ပင် ရှိလောက်မည်။ ထိုသူများအကြားတွင် မြင်းစီးသူရဲနှစ်တန်းနှင့် တံခါးများပိတ်ထားသော ရထားလုံးသုံးလုံး လိုက်ပါလာသည်။ ရထားလုံးတစ်လုံးစီ၏ တစ်ဖက်တစ်ချက်တွင် တံဆိပ်တူသော အမည်းရောင်နောက်ခံ အလံနှစ်လံကို လွှင့်ထူထားသည်။ နေရောင်ထိုးမှသာ သေချာမြင်ရသော တံဆိပ်တွင် အက္ခရာနှစ်လုံးကို  နဂါးအသွင် မြွေအလား လက်ရေးအလှဖြင့် ရေးဆွဲထားသည်။ ––ထိုက်ချောင်(နတ်သဘင်အခမ်းအနားကျင်းပရေးတာဝန်ခံ)

ယခင်မင်းဆက်များ၌ ထိုက်ချောင်တစ်ဦး၏ အခန်းကဏ္ဍမှာ နတ်ဘုံလူ့ပြည်တစ်လျှောက် တစ္ဆေသရဲ၊ နတ်မင်းများအထိ သက်ဆိုင်ပြီး ယင်းယန်မျှချေကို ထိန်းသိမ်းကြသောသူများ ဖြစ်ကြသည်။ ထိုက်ချောင်ကျောင်းဆောင်၌ ထိုက်ချောင်လက်အောက်တွင် လက်ထောက်ဝန်မင်းများမှ အမှုထမ်းရ၏။ သို့သော် ထိုက်ချောင်ကျောင်းဆောင်အား ကောရှီးလက်အောက်သွင်းလိုက်သော အချိန်မှစ၍ ဝန်အမတ်များ၏တာဝန်သည် ကန့်သတ်လာခဲ့ပြီး ထိုက်ချောင်ကိုယ်တိုင်တောင်မှ ကောရှီးထက် တစ်ဆင့်နိမ့်သွားခဲ့သည်။ ထို့အပြင် ကောရှီးသည် လွန်စွာအိုမင်းနေပြီဖြစ်သည့်အပြင် အသက်အရွယ် မည်မျှပင်ရှိကြောင်း မည်သူမှမသိတာကြောင့် ကောရှီးလက်အောက် တစ်ဆက်ပြီးတစ်ဆက် ခစားလာခဲ့သော ထိုက်ချောင်များမှာလည်း များပြားလို့နေပြီ။

Copper Coins《铜钱龛世》Where stories live. Discover now