အခန်း ၃[စက္ကူလူသား ၃]

4.6K 954 13
                                    

Unicode

ကောင်းကင်ထက်ခြမ်းခွဲကာ ကမ္ဘာမြေကြီးကိုကိုင်လှုပ်လာသော သမုဒ္ဒရာခုနှစ်စင်း၏အရှင်သခင်  ရွှဲရှန်သည် အဆင်းသာရှိပြီးအချင်းမရှိသော အနှီဘုန်းတော်ကြီး၏ ကော်ယူခြင်းခံလိုက်ရသည်။ ကော်ယူသည်မှာလည်း ကျပန်းကောက်လာသော ကြေးနီစနှင့်။

ဘုန်းတော်ကြီးကော်ယူလိုက်သည်နှင့် ရေညှိပြားနှစ်ချပ်လည်း အစီအရင်ပယ်ပျောက်သွားကာ စက္ကူလူသားအဖြစ် ပြန်လည်ပြောင်းလဲသွားတော့သည်။ ပုံစံမတူသော စက္ကူလူသားများမျက်နှာကို တစ်ချက်ကြည့်ပြီး သေးငယ်သွားအောင်ခေါက်ကာ ခါးထက်က အိတ်အတွင်းသို့ ထည့်လိုက်သည်။

မျက်နှာပေါ်သို့ တိုက်ရိုက်သွေးအန်ချချင်နေသော ရွှဲရှန်တစ်ယောက် လှုပ်ရှား၍ပင်မရ ကျပ်ညှပ်နေသော အိတ်အတွင်း မတင့်တယ်လှစွာ ထည့်ပိတ်ခံလိုက်ရသည်။

ဒေါသပုန်ထခြင်းကြောင့် သေရမည်ဆိုလျှင် ရွှဲရှန်အဖို့ အိတ်ထဲမှာ အကြိမ်နှစ်ရာလောက်တောင် သေနေလောက်ပြီ။ နဂိုကတည်းက ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတတ်သောသူဖြစ်ပြီး သူတစ်ပါးအား ရန်စတတ်ပေမဲ့ အခြားသူမှပြန်ပြီး ရန်စလာသည်ကို လက်ခံတတ်သူမဟုတ်။ မမျှတသည်မှာ အမှန်ပင်ဖြစ်သော်လည်း ကိုယ်ခံယူထားသည်များသာဖြစ်၍ မျှတစရာမလို။

ယခုအခါမှာတော့ အချိန်အခါမကိုက် ရေဆိုးမြောင်းထဲကျပြီထင်ပါရဲ့။ အစဦးစရည်ရွယ်ချက်မှာ ဘာပဲဖြစ်ဖြစ် ထိုဘုန်းတော်ကြီးနှင့် ရွှဲရှန်အကြားရှိ အာဃာတများမှာ ယခုတွင်တော့ စတင်ပြီဖြစ်သည်။

ရွှဲရှန်သည် သောင်းကျန်းတတ်သောသူ တစ်ယောက်ဖြစ်ပြီး ရိုးကျိုးလှသော ချဥ်းကပ်မှုကို လက်ခံတတ်ပေမဲ့ အတင်းအကျပ် အင်အားသုံးသည့်အခါတွင်လည်း ကြောက်တတ်သူမဟုတ်။ အခုအချိန်မှာ လက်ထဲ၌ဓားသာရှိလျှင် ဘုန်းတော်ကြီး၏ ခါးညှပ်ရိုးများအား တုံ့ဆိုင်းခြင်းမရှိ ထိုးစိုက်ပြီးနှင့်နေပြီ။ သို့ပေမဲ့ ဓားမဆောင်တတ်သော အကျင့်ကရှိနေသည်။

မည်သူကိုမှစကားမဆို မျက်နှာထားပြောင်းလဲခြင်းမရှိ ရေခဲထုတမျှတည်ငြိမ်အေးစက်လှသော ထိုသူ၏ခန္ဓာကိုယ်ကတော့ နွေးလျက်ရှိသည်။ ထိုပူနွေးမှုသည် ပါးလွှာသောအဝတ်စကိုဖြတ်ကာ စက္ကူလူသားခန္ဓာကိုယ်အား အနွေးဓာတ်လွှမ်းခြုံစေသည်။

စိတ်တိုစရာကောင်းလိုက်တာ!

ဝေဒနာကိုသယ်ဆောင်ထားသူအဖို့ အေးစက်လှသည့် ဆောင်းတွင်း၌ရရှိသောအနွေးဓာတ်သည် ဒေါသဖြစ်ဖွယ်ကောင်းလှ၏။ အောက်ပိုင်းသေနေသောကြောင့် သွေးလမ်းကြောင်းများပိတ်ဆို့နေပြီး သွေးများလည်းမစီးဆင်းနိုင်ခဲ့။ အပူဓာတ်မပေးသောခန္ဓာကိုယ်သည် ဆောင်းတွင်းတစ်တွင်းလုံး မခံမရပ်နိုင်အောင် ရေခဲတမျှအေးစက်နေရာမှ ရုတ်တရက်စီးဝင်လာသော အနွေးဓာတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတုံ့ဆိုင်းသွားသည်။ ခန္ဓာကိုယ်သည် စိတ်နှင့်ဆန့်ကျင်ပြီး ရရှိလာသောအနွေးဓာတ်ကြောင့် ပျော်ရွှင်မြူးတူးသာယာလျက်ရှိ၏။

နှစ်ခေါက်ခေါက်ခံထားသောရွှဲရှန်သည် ဒေါသဖြစ်လျက် လဲလျောင်းနေရာမှ နောက်ဆုံးတော့ ဘုန်းတော်ကြီး၏အိတ်ကပ်အတွင်း ဘာတွေများရှိနေမလဲ စစ်ဆေးရန် ကြံရွယ်လိုက်သည်။

ငယ်ရွယ်သော ဘုန်းတော်ကြီးနှင့် ပတ်သတ်၍ ရွှဲရှန်ဘာအကြောင်းမှသိသေးသည်မဟုတ်။

တကယ်ပဲအစွမ်းရှိနေတယ်ဆိုရင်တောင် အဝတ်စဖြဲပြီး ကြေးနီစနှင့် ရေညှိပြားတွေ ကော်ထုတ်တာဟာ အစွမ်းဟုမဆိုနိုင်။ ဖင်ပြောင်နဲ့လျှောက်သွားနေတတ်သော လမ်းလျှောက်တတ်စကလေးတောင် ရေညှိပြားကော်တတ်သည်။ တကယ့်အစွမ်းရှိသူဆိုလျှင် ကြမ်းပြင်မှတစ်ခုခုကောက်လိုပါက လက်ယမ်းလိုက်ရုံနှင့်ရသည်။ လက်တစ်ချက်ဝှေ့ရုံဖြင့် ဤခြံဝင်းကို မြေလှန်နိုင်သည်။

အခုတွင်တော့ ကိုယ့်လက်ကိုယ်သုံးကာ ဘယ်ကရမှန်းမသိတဲ့ကြေးနီစနှင့် ကော်ထုတ်တယ်တဲ့လား။ သို့ပေမဲ့လည်း အစွမ်းမရှိပဲနဲ့ ရွှဲရှန်ချထားသော အစီအရင်တွေကို မြင်နိုင်မည်မဟုတ်။

ရွှဲရှန်သည် ဂရုစိုက်လျက် ဘုန်းတော်ကြီးသတိမထားမိအောင် ပါးလွှာသောစက္ကူခန္ဓာကိုယ်ကို အသုံးချရင်း ပစ္စည်းများအားစစ်ကြည့်နေသည်။

သို့ပေမဲ့လည်း ဘုန်းတော်ကြီးမှ အာရုံထားသောပုံမပေါ်သည့်အတွက် သတိမထားတော့ပဲ ပစ္စည်းများကို လှန်လျောကြည့်နေလိုက်သည်။ နှစ်ထပ်ထပ်ထားသောအိတ်ကိုဖြတ်ကာ ခြံဝန်းအပြင်ကလာသောအသံများကို ရွှဲရှန်ဝိုးတဝါးကြားလိုက်ရသည်။ တစ်စုံတစ်ရာသောအကြောင်းကြောင့် ခြံဝန်းအပြင်၌ လူများစုလာပုံရသည်။

"မျက်နှာကိုဘာလို့ရိုက်တာလဲ?"

တစ်လျှောက်လုံးသည်းခံလာသော ကျန်းရှီနင်သည် ယခုတွင်တော့ သည်းခံနိုင်သည့် အဆုံးစွန်သို့ ရောက်နေဟန်တူ၏။

မတော်တဆထိမိလိုက်တာဖြစ်ကြောင်း ရှင်းပြလိုစိတ်မရှိသည့်အတွက် တိုးတိုးနေရန်သာ စာကြမ်းပိုးကို အချက်ပြလိုက်သည်။

လွန်ခဲ့သောနှစ်ဝက်ကတည်းက ရွှဲရှန်သည် အဆင်မပြေလှသော ခန္ဓာကိုယ်ကြောင့် တစ်နေရာသွားဖို့ပဲဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ပဲလိုလို အရှေ့အရပ်မှတိုက်ခတ်လာမည့်လေကို စောင့်တာပဲဖြစ်ဖြစ် အခြားတစ်ယောက်ကို ဆွဲ၍ပဲဖြစ်ဖြစ်သွားရသည်။ ယခုတွေ့သောဘုန်းတော်ကြီးသည် ဆရာယောင်ယောင်ဖြစ်နေရင်တောင် အများအားအရူးလုပ်ဖို့ အစီအရင်အချို့ကို အနည်းနဲ့အများတော့ ဆောင်ထားလောက်မည်။ အခြေအနေပေးသည်နှင့်  အသုံးဝင်သည်များဆွဲကာ ထွက်ပြေးမယ်ဟု ရွှဲရှန့်ကြံရွယ်ထားလိုက်သည်။

တစ်ယောက်တည်း အကြံများနေတုန်း ဘုန်းတော်ကြီးကတော့ ကျန်းဆေးဆိုင်တံခါးဝသို့ ရောက်နှင့်ပြီဖြစ်သည်။

ထူထဲလှသောတံခါးမသည် ပျက်စီးယိုယွင်းလျက် ကြေးတံခါးပတ္တာများက ပုံပန်းပျက်လို့နေ၏။ ပိတ်ထားတာဖြစ်ပေမယ့်လည်း သေချာမစိနိုင်ဘဲ ကြားတွင်ဟလျက်ရှိသည်။ ဘုန်းတော်ကြီးသည် တံခါးရှေ့တွင်ရပ်တန့်ကာ ဟနေသောကွဲကြောင်းကြားမှ ကြည့်လိုက်၏။

ပြိုကျယိုယွင်းနေသော တံခါးမအပြင်တွင် လူများစုဝေးနေသည်ကို မြင်လိုက်ရသည်။ စွန့်ပစ်ထားသောနေရာဖြစ်သည့်အတွက် တံခါးမထက်ကမီးအိမ်အား ထွန်းညှိပေးမည့်သူမရှိ။ သို့ပေမဲ့လည်း တစ်ဦးချင်းဆီသယ်လာကြသော မီးအိမ်များကြောင့် ထိုသူများမျက်နှာကို သေချာမြင်နိုင်ပြီး ကောင်းသောလာခြင်း မဟုတ်ကြောင်းက မျက်နှာထက်၌ ပေါ်လွင်လျက်ရှိသည်။

တစ္ဆေသရဲလာဖမ်းတာ မဟုတ်တာကတော့သေချာသည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို လာဖမ်းတာကတော့ ဖြစ်နိုင်သည်။

အမှားမလုပ်ထားလျှင် တံခါးလာခေါက်သောသရဲအား ကြောက်စရာမလိုဟုဆိုသော ဆိုရိုးစကားရှိပေမယ့်လည်း အခုလိုရုတ်တရက် ရောက်လာသောလူအုပ်ကြောင့် ဘယ်သူမဆို လန့်သွားမှာကတော့မလွဲပေ။ သို့ပေမဲ့လည်း ဘုန်းတော်ကြီးသည် လူအုပ်ဆီသို့အကြည့်အား ပြန်ရုတ်သိမ်းကာ တံခါးမှတစ်ဆင့် ထိုလူအုပ်ကြီးမရှိသည့်နှယ် ဖြတ်သွားသည်။

ကျန်းဆေးဆိုင်ရှေ့ လာစုသောသူများသည် ဖြတ်သွားဖြတ်လာများမဟုတ်။ ခဲပြာရောင်တူညီဝတ်စုံကို ဝတ်ဆင်ထားသော ရုံးတော်မှလူများဖြစ်ပြီး ခါး၌လည်းနှစ်ပေရှည်သောဓားရှည်က နေရာယူထားသည်။ ဆယ်ယောက်မျှရှိပြီး ဘုန်းတော်ကြီးဖြတ်သွားသည်နှင့် ခါးထက်ဓားကို တင်းတင်းဆုပ်ကိုင်ကာ သွားရာလမ်းကို ဖြတ်တားလိုက်ကြသည်။

ဘုန်းတော်ကြီးလည်း ဘာကြောင့်တားဆီးထားကြောင်း မသိသောမျက်နှာထားနှင့် လျှောက်လက်စခြေလှမ်းများကို ရပ်တန့်လိုက်သည်။

"မင်းပြောတာသူ့ကိုလား?"

အသံလာရာကိုကြည့်လိုက်သောအခါ အရပ်ပုပုသတ်လတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်ဖြစ်ပြီး မုတ်ဆိတ်မွှေးများရှိကာ အကြံပေးခေါင်းဆောင်းလည်း ဆောင်းထားသည်။ ပိန်သောပုံပေါ်ပေမဲ့လည်း ဗိုက်ကမသိမသာပူနေသည်။ နင်ရမ်းနယ်သားဖြစ်ပါက ထိုသူသည် နင်ရမ်းတိုင်းပြည်အကြံပေးလျိုရူ ဖြစ်ကြောင်း တပ်အပ်သိနိုင်သည်။

ဘုန်းတော်ကြီးမှာ နယ်ခံမဟုတ်တာကြောင့်လည်းပါသည်။ ထို့အပြင် နယ်ခံဖြစ်နေရင်တောင် သူ့စိတ်နေစိတ်ထားနှင့် အကြံပေးဆိုသူအား ဂရုပင်ထားမိမည်မဟုတ်သလို အများနှင့်တန်းမတူ ကွဲပြားခြားနားစွာ အလေးပေးဆက်ဆံမည်လည်းမဟုတ်၊

သို့ပေမဲ့ အကြံပေးမေးနေသောသူသည် ရသာကိုးပါးစားတော်ဆက်မှ စားပွဲထိုးဖြစ်ကြောင်း ဘုန်းတော်ကြီးမှတ်မိလိုက်သည်။

စားပွဲထိုးသည် အလိုရှိကြောင်းကပ်ထားသော စာရွက်အားကြည့်လျက် ကြာရှည်စွာစဥ်းစားခဲ့ပြီးနောက် နယ်မြေခံတရားရုံးသို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ရမည့်ဆုလာဒ်မှာ များလွန်းတာကြောင့် လုပ်ခဲ့သောလုပ်ရပ်များမှာ ကွင်းဆက်လူသတ်မှုများ ဖြစ်နိုင်သည်ဟု ထိုသူယုံကြည်ထားသည်။ ထို့ကြောင့်မဆိုင်းမတွပင် ဘုန်းတော်ကြီးအား တိုင်ကြားခဲ့ပြီး ရုံးတော်မှသူများကလည်း ဘာမေးခွန်းမှမဆို ချက်ချင်းပင်ထလိုက်လာကြသည်။

ဘုန်းတော်ကြီးမှကြည့်နေသဖြင့် စားပွဲထိုးလည်း လိပ်ပြာမသန့်လှတာကြောင့် နောက်သို့တိုးဝင်သွားပြီး

"ဆ..ဆရာတော်..ကျွန်တော်က"

စကားပင်မဆုံးလိုက် ဘုန်းတော်ကြီးသည် ဆက်မကြည့်တော့ပဲ နက်မှောင်သောအရာတစ်ခုကို လက်ထဲပစ်ပေးလိုက်တာကြောင့် စားပွဲထိုးလည်း အန္တရာယ်ရှိသောအရာဖြစ်မယ်ထင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ ကြေးပြားများ တစ်ချွင်ချွင်မြည်သောအသံကြောင့် မျက်လုံးပြန်ဖွင့်ကြည့်လိုက်ရာ

ပိုက်ဆံအိတ်!

ဘုန်းတော်ကြီးပစ်လိုက်သောအရာသည် အစကသူပေးထားခဲ့သော ပိုက်ဆံအိတ်ဖြစ်နေသည်။

အစကတည်းက ပြန်ပေးလိုက်ချင်သောအရာအား ပြန်ပေးပြီးပြီဖြစ်တာကြောင့် စိတ်သက်သာရသွားဟန်နှင့် ဆက်သွားရန်ပြင်တော့သည်။ ဤတစ်ခါတွင် ပိတ်ထားသောလူအုပ်အား စိတ်မရှည်တော့။

"လမ်းဖယ်ပေးပါ"

ပိတ်ထားသောသူများသည် ဘုန်းတော်ကြီးအားကြည့်လိုက် အကြံပေးအားကြည့်လိုက်နှင့်

"ဆရာ..ဒါက"

"နေဦး"

အကြံပေးသည် အိတ်အတွင်းမှ ပါးလွှာလှသောစာရွက်တစ်ရွက်ကို ထုတ်ကာ

"ကိုယ်တော်ဘယ်ကလာတာလည်းမသိဘူး?ဘယ်ကျောင်းဆောင်ကပါလဲ?ဘွဲ့အမည်လည်းသိပါရစေ"

ဘုန်းတော်ကြီးသည် ပြန်မဖြေချင်သောပုံစံနှင့် တစ်ခုခုအားတွေးတောကာ  မျက်မှောင်ကျုံ့လျက်ရှိသည်။

သံသယဝင်ဖွယ်ကောင်းတာကြောင့် အကြံပေးအသံသည် အရင်ထက်ပိုမာလာပြီး

"တစ်စုံတစ်ယောက်ကကိုယ်တော်ဟာအလိုရှိကြောင်းထုတ်ထားတဲ့ပုံကသူနှင့်တူကြောင်းအကြောင်းကြားလာလို့ပါ..ဒီလိုမျိုးသာမဖြေပဲဆက်နေမယ်ဆိုရင်ရုံးတော်ခေါ်သွားပြီးစစ်မေးရုံပဲရှိပါတော့တယ်"

အေးစက်လှသောအသွင်နှင့် ဘုန်းတော်ကြီးသည် အတော်ကြာတော့မှ

"ဘွဲ့အမည်ရွှမ်းမင်..ကျောင်းဆောင်မရှိ..တစ်ဦးတည်းလှည့်လည်သွားလာတယ်"

ပုံမှန်ဆိုလျှင် အဘယ်ဘုန်းတော်ကြီးကမှ ကျောင်းဆောင်အား ကွယ်ဝှက်လေ့မရှိ။ ကွယ်ဝှက်စရာ အကြောင်းလည်းမရှိ။ အကယ်၍ ကျောင်းဆောင်မရှိဘူးဆိုလျှင်လည်း ဆယ်ယောက်မှာ ကိုးယောက်က ဘုန်းတော်ကြီးအယောင်ဆောင်သူများသာ။

အကြံပေးလည်း သရော်သည့်မျက်လုံးများနှင့် ဘုန်းတော်ကြီးအား ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။ လက်မှာကိုင်ထားသော ကြော်ငြာစာရွက်အား တမင်ပင်ရှေ့ဆန့်ကာ ငယ်သားတစ်ဦးအား လက်ဆွဲမီးအိမ်ယူလာခိုင်းပြီး ရွှမ်းမင်နှင့်တိုက်စစ်တော့သည်။

အထဲတွင် အလုပ်များနေသော ရွှဲရှန်တစ်ယောက် အဖြစ်အပျက်များကိုကြည့်ရင်း အားရဝမ်းသာဖြစ်နေတော့သည်။ သူများတကာပုန်းအောင်းနေတဲ့နေရာကိုမွှေနှောက်ချင်ဦးလေ..အခုတော့ကိုယ်ဒုက္ခများနေရပြီ

အိတ်ကပ်ထဲတွင်တော့ ရွှဲရှန်အသုံးပြုလို့ရမည့်ဟာ ရေရေရာရာမရှိ။ မက်မွန်ကိုင်းတစ်ကိုင်း၊ မီးခတ်ကျောက်နှစ်ခုနှင့် အရွယ်အစားစုံသောအပ်များပါသည့် အိတ်ငယ်တစ်ခုကိုသာ တွေ့သည်။ ဘာပဲဖြစ်ဖြစ် လိုချင်တာများ ဟုတ်မနေသည့်အတွက် စောင့်ရတာပျင်းရိလာသောရွှဲရှန်သည် ဘုန်းတော်ကြီးအာရုံမထားသောအချိန်တွင် ထွက်ပြေးရန်ကြံရွယ်လိုက်သည်။

ထွက်ပြေးခြင်းအတွက် အနည်းနှင့်အများတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသည်။ သူသာသတိမပြုမိစေချင်လျှင် သာမန်သူဆိုမြင်နိုင်မည်မဟုတ်။ ထိုအကြံပေးစကားပြောနေဆဲမှာပင် ခန္ဓာကိုယ်အား ကျုံ့နိုင်သလောက်ကိုကျုံ့စေပြီး အိတ်ဝသို့ဦးတည်လိုက်သည်။

အချိန်ကိုက်ပဲ ရောက်ရှီလာသောလက်ညိုးကြောင့် ပြူထွက်လာသောခေါင်းလဲ တဖန်ပင် အိတ်ထဲပြန်ကျသွားတော့သည်။

နဂိုသဘောကိုက ဆိုးသွမ်းသောမိစ္ဆာသည် မထင်မှတ်ထားသောလုပ်ရပ်ကြောင့် ဒေါသပုန်ထလျက် အိတ်အတွင်း လူးလိမ့်နေတော့သည်။ ထို့နောက်အိတ်အတွင်းမှ အပ်တစ်ချောင်းဆွဲထုတ်ကာ ရှိသမျှအားအင်များစုစည်းပြီး ဘုန်းတော်ကြီး၏ခါးညှပ်ရိုးရှိရာသို့ စိုက်ထည့်လိုက်သည်။

ရွှမ်းမင် ; "…"

ထိုအချိန်မှာပဲ ကြော်ငြာစာနှင့် ယှဥ်တိုက်နေသော အကြံပေးသည် ခေါင်းခါယမ်းရင်း

"တစ်ခုခုတော့မှားနေပြီ"

"ဘာများမှားလို့လဲ?"

ရဲမက်များလည်း အလိုရှိကြောင်းကြော်ငြာစာကို အကြံပေးနည်းတူ ကဲကြည့်လိုက်ကြသည်။

"အသက်ကကွာနေတယ်..တခြားဆီပဲ..ပြီးတော့တူတာလည်းမဟုတ်ဘူး..အဝေးကကြည့်ရင်တော့ဆင်တူပုံပေါ်ပေမဲ့မီးအိမ်နဲ့အနီးကပ်ကြည့်လိုက်တော့အရမ်းငယ်လွန်းနေတယ်..ပြီးတော့ငါတို့ရှာနေတဲ့ဘုန်းတော်ကြီးကဘုန်းတန်ခိုးကြီးတယ်လို့ထင်ရှားကျော်ကြားတဲ့သူ..ဒီကိုယ်တော်ကျ.."

ပြောရင်းနှင့်ပင် ရွှမ်းမင်၏ခါးထက်ရှိ ကြေးနီဒင်္ဂါးပြားများကို ကြည့်လာသည်။ ပါးစပ်ကထုတ်မပြောပင်မဲ့လည်း မျက်နှာအမူအရာကတော့ သိသာလွန်းလှသည်။ အရောင်ပင်မရှိသော ကြေးနီဒင်္ဂါးပြားများနှင့် အနှီဘုန်းတော်ကြီးသည် ဘာအစွမ်းများရှိမှာတဲ့လဲ? လာနောက်နေတယ်!

တစ်ချက်ကြည့်လိုက်တာနဲ့တင် ဆရာယောင်သမားယောင်ဖြစ်နေသူအား ဘယ်သူမှမလေးစားကြ။

ကြေးနီဒင်္ဂါးပြားများအား ကြည့်ပြီးနောက် အကြံပေးသည် အထင်သေးသောအမူအရာနှင့် ရွှမ်းမင်အား

"ဘာမှမဟုတ်တော့ဘူး..သွားလို့ရပြီ"

သစ်ပင်မှကြွေကျလာသော သစ်ရွက်ကဲ့သို့ပင် ဖယ်လိုက်လျှင်ခန္ဓာကိုယ်နှင့် ဆက်နွယ်ခြင်းမရှိဟု သဘောထားရင်း ရွှမ်းမင်ဆက်သွားရန် ပြင်လိုက်သည်။ သို့ပေမဲ့လည်း နှစ်လှမ်းမျှလှမ်းပြီးနောက် အကြံပေးရှိရာသို့လှည့်ကာ

"ကြာကြာမနေရတော့ဘူး"

အိတ်အတွင်းမှရွှဲရှန်ကတော့ အကြံဥာဏ်အသစ်များထုတ်ကာ ခန္ဓာကိုယ်ထက်ပိုင်းပြတ်မတတ် တွန့်လိမ်သွားနေရာမှ ဘုန်းတော်ကြီးဆိုလိုက်သည့် စကားကြောင့် ရပ်တန့်သွားသည်။

ငါတောင်မသတ်ရသေးဘူး..သူကကိုယ့်ကိုယ်ကိုသေကြောင်းကြံနေပြီ!

ဝမ်းသာအားရ ပျော်ရွှင်မြူးတူးနေရာမှ ချော်ကျသွားတာကြောင့် ဘုန်းတော်ကြီး၏ခါးရိုးနှင့် ရိုက်ခတ်မိသွားသည်။ ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်မှ ရိုက်ခတ်လိုက်သကဲ့သို့ ဝမ်ဆိုသော ကျယ်လောင်စွာမြည်ဟီးသံအား တန်ပြန်ခံစားလိုက်ရသည်။

•••••

Copper Coins《铜钱龛世》Where stories live. Discover now