အခန်း ၈[ရွှေချောင်းများ ၄]

3.7K 778 35
                                    

Unicode

မြည်နေသောအသံရပ်တန့်သွားပြီး အမှောင်ထုသည် မှိန်ကျသွား၏။ တစ်ခုခုတော့လွဲနေပြီဖြစ်ကြောင်း ရွှဲရှန့်ရိပ်စားမိလိုက်သည်။

သူ၏အောက်ဘက်ရှိကြမ်းပြင်ထက် ကျောက်တုံးများဖြင့် ခင်းကျင်းထားပြီး အစိမ်းရောင်ရေညှိများက ဖုံးလွှမ်းနေ၏။ ကြမ်းပြင်ပေါ်ပြုတ်ကျမလာခင် ရွှဲရှန့်အားလက်ဖြင့်ကိုင်ထားသော ကတုံးကိုတော့ ဘယ်မှာမှမတွေ့တော့။

ကတုံးတင်မက ၊ ဘေးဘီဝဲယာကိုတချက်ကြည့်ရာ အကြံပေးလျိုလည်းရှိမနေ။ အနည်းဆုံးတော့ နောက်ကျောဘက်က အဆောင်ငယ်ကျန်ရှိနေသေးသည်။ သို့ပေမဲ့ ရွှဲရှန့်မြင်နေရသောအဆောင်သည် သင့်တင့်လျောက်ပတ်သောမျက်နှာစာနှင့် အကွေးအကောက်ပုံဖော်ထားသောတံခါးရှိ၏။ လျိုချုံနေသောအခန်းတော့မဟုတ် ၊ အခန်းအတွင်းမှ ကျန်းရှီနင်နှင့်အခြားသူများ ထွက်လာလိမ့်မည်မထင်။

သူရောက်နေသောနေရာသည် အမှန်ပင် အလွန်အမင်း တိတ်ဆိတ်နေ၏။ တိုးညှင်းလှသောအသံပင်မကြားရ။ လူသူမရှိကျယ်ပျောသော စံအိမ်တော်တစ်ဆောင်ရှိရာသို့ ပို့ဆောင်ခြင်းခံလိုက်ရပုံပေါ်သည်။

"ဒါဘယ်နေရာလဲ"

သူ၏မှန်းဆချက်များသည် စိုးရိမ်စရာတော့ရှိ၏။ ဘယ်သူမဆို ဤနေရာသို့ရောက်လာလျှင် အဘယ်နေရာဖြစ်ကြောင်း သိရှိနိုင်ရန် ဟေဠိဆန်သောစံအိမ်အနှံ့ စူးစမ်းရှာဖွေပေလိမ့်မည်။ ဒါပေမဲ့ရွှဲရှန့်သည် အောက်ပိုင်းသေနေသောသူဖြစ်တာကြောင့် လမ်းလျှောက်၍မရ။

စက္ကူလူသားအနေနဲ့ရှိနေဆဲရွှဲရှန့်သည် တွန့်ကျေနေသောစက္ကူကို ပြန့်သွားအောင်ဆွဲဖြန့်လိုက်၏။ လက်နှစ်ဖက်ဖြင့် ကြမ်းပြင်ကိုထောက်ကာ ခေါင်းငဲ့စောင်းရင်း တွေ့မြင်ရသောရူခင်းအား လှည့်ပတ်ကြည့်တော့သည်။

ဘယ်ဘက်ခြမ်းရှိနံရံပေါ်တွင် နွယ်ပင်အိုများ ဖုံးကာထားသည်။ သစ်ပင်ကြီးတစ်ပင်ရှိပြီး ခြံဝန်းအတွင်းကော အပြင်ကောပါ အရိပ်ပေးလျက်။ ညာဘက်ခြမ်းတွင် စင်္ကြံလမ်းတစ်လမ်း၊ ခြံဝန်းကိုခွဲထားသောနံရံနှင့် နံရံတွင်ကျဥ်းမြောင်းသောတံခါးငယ်တစ်ခုရှိသည်။ တံခါးကိုဖြတ်သွားလျှင် ဥယျာဥ်ငယ်တစ်ခုဆီကိုတော့ ရောက်မည်ထင်သည်။

သာမန်ကာလျှံကာကြည့်တာတောင် လှပသောခြံဝန်းသည် အမြင်ရှိရှိပုံစံချထားကြောင်းသိသာ၏။ သို့ပေမဲ့လည်း ထိုလှပမှုကိုချီးမွမ်းခန်းဖွင့်ရန် တစ်ဦးတစ်ယောက်မှရှိမနေ။ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုနှယ်ပင်။

ရွှဲရှန့်သည် ကောင်းကင်ယံထက်ကျက်စားခဲ့သော ဒဏ္ဋာရီလာသတ္တဝါတစ်ကောင်ဖြစ်၏။ ထို့ကြောင့်လည်း ကြောက်ရွံ့ထိတ်လန့်ခြင်းဆိုတာဟာ သူ့အဘိဓာန်တွင်ပါမလာခဲ့။ နည်းနည်းသာသတိထားရုံနှင့်ပင် လုံလောက်သည်။

"ငါ့အရှေ့မှာကမြောက်ဘက် ငါ့အနောက်မှာကတောင်ဘက်"

ရွှဲရှန့်သည် မြင်ကွင်းကိုသာ ရူစားနေခြင်းမဟုတ်။ ကျောက်တုံးအက်ကြောင်းတစ်လျှောက် ရေညှိနှင့်နွယ်ပင်များ ကြီးထွားရာလမ်းကြောင်းကို အခြေခံပြီး ဤအဆောင်ဝန်းသည် ဘယ်အရပ်ကို မျက်နှာမူနေကြောင်း ရွှဲရှန့်ကောက်ချက်ချနိုင်သည်။

သူတွတ်ချက်တာသာမှန်လျှင် ယခုရောက်ရှိနေသောနေရာသည် အိမ်ဝန်း၏အရှေ့မြောက်ဘက်ခြမ်း ဖြစ်ရမည်။

အရှေ့မြောက်ဘက်!

"ကြားဖူးသလိုပဲ"

အကြံပေးလျိုခြံဝန်းအတွင်း ရှိနေဆဲဆိုလျှင် အရှေ့မြောက်ဘက်အခြမ်းသည် ရေတွင်းထဲပြုတ်ကျခဲ့သော အကြံပေး၏သားငယ်လျိုကျင်းအဆောင်ရှိရာဘက် ဖြစ်ရမည်။
စောနကတုန်းကကြားခဲ့သော မြည်သံသည် ဤနေရာမှလာခဲ့ဟန်တူသည်။

ရှာနေခဲ့တဲ့အရာက.........ဒီမှာလား?

အသိနှင့်အတူ ရွှဲရှန့်ထထိုင်လိုက်သည်။ အသက်အောင့်ရင်း ထိုင်မြဲထိုင်ကာ အာရုံစိုက်ပြီးနားထောင်ကြည့်သည်။ အမာထည်ပစ္စည်းများ ထိခတ်သံကို မကြားရသည့်အပြင် ဘာသံမှတောင်မကြားရ။

ရွံရှာသောမျက်နှာထားနှင့် ရေညှိများကိုဖယ်ရှားပြီး ကျောက်သားကြမ်းပြင်ထက်မျက်နှာအပ်ကာ နားနှင့်ကြမ်းပြင်နဲ့ ဖိကပ်ထားလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ လှုပ်ရှားမှုစိုးစိမျှကို သူကြားရ၏။ ထူးဆန်းတာက အသံများသည် တစ်ခါကျနီးလာသလို တစ်ခါကျဝေးသွားသည်။ တိကျသောတစ်နေရာတည်းမှ လာတာမျိုးမဟုတ်။

အသံသည် တိုးညှင်းလှတာကြောင့် ကြာကြာနားထောင်ဖို့ရန်တောင်ခက်ခဲ၏။ နား၌ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေသည်။ နောက်ပြောင်နေသလို ပြောင်းလဲနေသောအသံကြောင့် ရွှဲရှန့်စိတ်မရှည်တော့။ တစ်အိမ်လုံးကိုသာ မြေကြီးပေါ်မှမြှောက်ပြီး ဓားနှင့်ထိုးမွှေလို့ရရင်ကောင်းမည်ဟု ရွှဲရှန့်ဆန္ဒရှိမိသည်။

ဒါပေမဲ့ အခုလိုစက္ကူခန္ဓာကိုယ်နှင့် လုပ်လို့ရတာဘာမှမရှိ။

ဒေါသပုန်ထရန် ရွှဲရှန့်နီးကပ်လာနေတုန်း နံရံထက်တန်ဆာဆင်ထားသော ပြတင်းပေါက်ဆီိမှ လေနုအေးက တိုး၍ဝင်ရောက်လာသည်။ ပါးလျသော ဆောင်းတွင်းလေပြေဖြစ်ပေမဲ့လည်း အားအင်အချို့တော့ပါ၏။ ရောက်ရှိလာသောအခွင့်အရေးကို ရွှဲရှန့်လက်လွတ်ခံမည်မဟုတ်။
လေ၏သယ်ဆောင်ခြင်း ခံလိုက်ရပြီးနောက် မျက်တောင်တစ်ခတ်အချိန်မှာ သူပျံသန်းနေပြီဖြစ်သည်။

နွယ်ပင်ရိုးတံတစ်ချောင်းကို ဆုပ်ကိုင်ကာ အားယူလွှဲခုန်ပြီးနောက် အရိပ်ပေးနေသောသစ်ပင်ထက်သို့ ရောက်ရှိသွားသည်။

ကိုယ်ထည်သည် မားမားမတ်မတ်ရှိနေဆဲဖြစ်ပေမဲ့ အကိုင်းအခတ်များကိုတော့ ချိုင်ထားသည်ဖြစ်ရာ နံရံနောက်ကျော်ထွက်နေသော အကိုင်းတစ်ကိုင်းသာကျန်၏။ ရွှဲရှန့်သည် အသုံးမကျသောလေနောက် လိုက်ပါစီးနင်းမိပုံရ၏။

စက္ကူသည် ပေါ့ပါးသလို ပါးလွှာ၏။မှုတ်ထုတ်လိုက်ဖို့ လွယ်ကူသလို သစ်ပင်ပေါ်ကလည်း မြင်ကွင်းကောင်းကောင်းမပေး။

ထို့ကြောင့် လွှင့်ထုတ်ရန်ကြိုးပမ်းနေသော လေညင်းတိုက်ခတ်နေသည့်ကြားတွင် လူအဖြစ်သို့ ရွှဲရှန့်ပြန်ပြောင်းလိုက်သည်။ သစ်ပင်ကိုယ်ထည်ကို လက်တစ်ဖက်ဖြင့်ဖက်ပြီး ကျန်လက်တစ်ဖက်က သစ်ကိုင်းကိုဆွဲကာ နံရံပေါ်၌ နေရာယူလိုက်သည်။

စူးရှသောနေရောင်ခြည်ကြောင့် မျက်မှောင်ကျုံ့သွားရာ ပို၍ပင်ချောမောကြည့်ကောင်းနေသေးသည်။ ရေအိုင်အသွင် ရောင်ပြန်ဟပ်နေသော နက်မှောင်သောမျက်ဝန်းအစုံတွင် မြူခိုးမြူမှုန် စိုးစဥ်မျှမရှိ။ ရေခဲအလွှာခပ်ပါးပါးအောက်၌ စိတ်အားထက်သန်မှုများက ရောင်ပြန်ဟပ်နေသည်။

ထိုင်ချပြီးသည်နှင့် နံရံနောက်ဘက်အား ကြည့်လိုက်၏။ ကြည့်ပြီးသည်နှင့် နောက်ပြန်လှည့်ပြီး နံရံအတွင်းခြံဝန်းအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် တဖန်အပြင်သို့ပြန်ကြည့်၏။

အရှေ့ကြည့်လိုက် အနောက်ကြည့်လိုက် အပြန်ပြန်လုပ်ရင်း သူ့အမူအရာသည် ဖိအားအောက်၌ အက်ကြောင်းထလာပုံရ၏။ ကြွေထည်သည် အအေးဒဏ်မခံနိုင်၍ ကွဲရာပေါ်လာသည့်ဟန်။

ရွှဲရှန့် ; ".........."
နံရံရဲ့နှစ်ဖက်လုံးက ဘာလို့တစ်ထေရာတည်းဖြစ်နေတာလဲ?

ရွှဲရှန့်ကတော့ စိတ်ဝင်စားစရာကောင်းသည်ဟုမြင်၏။ လမ်းကြောင်းမှ သွေဖယ်နေသော သရဲလက်ချက် မိခဲ့ဟန်တူသည်။ တစ္ဆေသရဲများ၏ဝင်္ကပါ၌ ပိတ်မိသွားသူသည် စက်ဝိုင်းအတွင်း လမ်းလျှောက်ရသလို ဖြစ်နေလိမ့်မည်။

သို့ပေမဲ့ အကြောင်းပြချက်မရှိပဲနဲ့ ဖြစ်မည်မဟုတ်။ ဖြစ်ရသောအကြောင်းရင်းကတော့ရှိမည်။ ရွှဲရှန့်မှတ်ဥာဏ်တွေကိုပြန်လှန်ရင်း သူတွေးမိတာက ကတုံးပြောခဲ့ဖူးသော "ပင်လယ်အတွင်းမြစ်စီးဝင်ခြင်း" အစီအရင် တစ်ခုတည်းရှိ၏။

ဖုန်းရွှေအစီအရင်သည် တစ်စုံတစ်ရာကြောင့် ရှုပ်ထွေးသွားပြီး အဆိုးများဖြစ်ကာ ဤနေရာသို့ အကုန်လုံးရောက်ရှိလာကြတယ်ထင်သည်။

ဝန်းတံတိုင်းတစ်ခုလုံး တိတ်ဆိတ်နေတာက တစ္ဆေသရဲနဲ့ဆိုင်တဲ့ဖြစ်စဥ်တွေကြောင့်လား? ဒါမှမဟုတ် သူတစ်ဦးတည်းရောက်လာတာလား?

နံရံပေါ်ကမြင်ကွင်းသည် မြေကြီးပေါ်က ကြည့်ရတာထက်တော့သာပေမဲ့ အကောင်းကြီးတော့မဟုတ်။ အိမ်တော်တစ်ဝိုက် ကာရံထားသော မီးကာသည့်နံရံများကြောင့် ရွှဲရှန့်သေချာမမြင်ရ။ ကျောက်သားမြေကွက်လပ်နှင့် တံခါးငယ်များသာတွေ့သည်။ ဖြတ်သွားလို့ရမရတော့ သူသေချာမသိ။

လေးမျက်နှာလုံးမှာရှိနေသော တံခါးငယ်များနှင့် အနိမ့်အမြင့်မညီသောနံရံများကို ကြည့်ကာ ရွှဲရှန့်ဆုံးဖြတ်ချက်ချလိုက်သည်။

တိတ်ဆိတ်ငြိမ်သက်နေသော စံအိမ်တော်အတွင်းတွင် တစ္ဆေသရဲ၏ပြုစားခြင်းခံလိုက်ရသောသူသည် ဤအစီအရင်ကို ချေဖြတ်လိုလျှင် ဇီဝကမ္မဂိတ်ပေါက်ရှစ်ခုအား ရှာတွေ့ရန်လိုအပ်၏။

စတင်ခြင်းဂိတ်ဝ၊ အနားယူခြင်းဂိတ်ဝ၊ ရှင်သန်ခြင်းဂိတ်ဝ၊ နာကျင်ခြင်းဂိတ်ဝ၊ ရပ်တန့်ခြင်းဂိတ်ဝ၊ အလင်းပေးသောဂိတ်ဝ၊ ကြောက်ရွံ့ခြင်းဂိတ်ဝ၊ သေဆုံးခြင်းဂိတ်ဝတို့ဖြစ်၏။ ဂိတ်ဝတစ်ခုခြင်းဆီတွင် ကွာခြားမှုရှိ၏။ ဂိတ်ဝမှားပြီးထွက်မိလျှင် ကံအကောင်းဆုံးဖြစ်ရပ်မှာ ဤအခြေအနေ၌ တစ်သက်လုံးပိတ်မိနေမှာဖြစ်သည်။ အဆိုးဆုံးဖြစ်နိုင်ချေမှာတော့ သေဆုံးသွားသည်သာ။

အိမ်တော်ဝန်း၏တည်ဆောက်ပုံအရ ဂိတ်ဝတံခါးပေါက်မှာ ရှာတွေ့ရန်ခက်ခဲမည်ဖြစ်ကြောင်း သံသယဝင်စရာတောင်မရှိ။ ကြိုးစားပြီးတော့ အားစိုက်ထုတ်ရတော့မည်ထင်သည်။

ရွှဲရှန့်သည် သာမန်လူသားတစ်ဦးမဟုတ်သလို တစ်ခုခုကိုချိုးဖေါက်ရန် လုံ့လဝီရိယထုတ်ခဲ့ရသည်ဆိုတာ သမိုင်းမှာမရှိခဲ့။ ဟိုးယခင်တုန်းက ဤသို့အရာတွေအပေါ် စိတ်အနှောင့်အယှက်ဖြစ်ခံသည်မဟုတ်။ တစ်ရက်တွင်တော့ ဒီလိုသရဲခြောက်ခံရမည်ဟူ၍လည်း စိတ်ကူးထဲပင် တွေးထင်ခဲ့သည်မဟုတ်။

သူ့အတွက်ကတော့ ဘယ်ဟာကရှင်သန်ခြင်းတံခါးဝလည်း ဘယ်ဟာကသေဆုံးခြင်းတံခါးဝလည်းဆိုတာ ထိုင်ရင်းရှာဖွေတွေးတောနေတာထက်စာရင် ဓားယူပြီးကိုယ့်ကိုယ်ကိုအဆုံးသတ်လိုက်တာမှ တော်ဦးမည်။

"သုံးစားမရတဲ့ခြေထောက်နှစ်ချောင်းကိုပဲတရွတ်တိုက်ဆွဲပြီးလိုက်ရှာသင့်လား"

ရွှဲရှန့် ; ငါ့ကိုငါဘာလို့အဲ့လောက်တောင်မုန်းနေရတာလဲ

ရွှဲရှန့်သည် လွန်စွာဂုဏ်ယူဝံ့ကြွားတတ်သူဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုဆင်းရဲဒုက္ခခံပြီး ဂုဏ်ကျရာကျကြောင်း ကိစ္စရပ်များ လုပ်မည့်သူမဟုတ်။ ရွေးချယ်စရာမရှိလျှင်.......သေတာကမှပိုကောင်းဦးမည်။

လေပြေလေညင်းသာသာရှိသော စံအိမ်အနှံ့ပတ်တိုက်နေသောလေသည် အားပျော့လှတာကြောင့် ရွှဲရှန့်တစ်နေရာမှတစ်နေရာသွားဖို့ရာ အကူအညီမဖြစ်။ ထွက်ရမည့်တံခါးဝတွေ့ခဲ့သည်ထားဦး၊ ဘယ်လိုသွားရမလဲ?တွားသွား သွားရမှာလား?

အတွေးနှင့်တောင် သွားတွေကျဥ်တတ်လာသည်။

အိမ်မက်မက်နေလိုက်၊ အခြားသူတော့သွားလိမ့်မယ်၊ ငါတော့ဖြစ်မှာမဟုတ်ဘူး။

ရွှဲရှန့်သစ်ပင်ကိုမှီပြီး စိတ်ရှုတ်မှုနှင့်အတူ လျှာထိပ်ဖျားကို လှိမ့်ဝါးရင်းဖြင့် တွေးတောနေ၏။ ဝတ်ရုံရှိအိတ်ကပ်အတွင်းမှ အဝါရောင်စာရွက်ကိုဆွဲထုတ်လိုက်သည်။

အဘက်ဘက်မှကောက်ကွေးပြီး တွန့်ကျေနေပုံအရ ရွှဲရှန့်သေချာမသိမ်းထားသည်မှာ သိသာလှ၏။ မနှစ်သက်သောမျက်နှာထားနှင့် အစွန်းမှကိုင်ကာ ပြန့်ကျလာအောင် လှုပ်ခါနေ၏။ စာရွက်သည် အဓိပ္ပာယ်ဖော်မရသောစုတ်ချက်များနှင့် ရှုပ်ထွေးလှ၏။ ဘယ်သူမှပင်နားလည်နိုင်မည်မဟုတ်။

ဒါပေမဲ့ ရွှဲရှန့်ကတော့ နားလည်သည်။

ရာကျိုးစီရင်စုနယ်မြေကို ဖြတ်သွားခဲ့စဥ်က တာအိုဆရာတော်တစ်ဦးထံမှ ခိုးယူခဲ့ခြင်းဖြစ်သည်။

တွန့်ကွေးနေသော နှုတ်ခမ်းမွေးရှည်နှစ်ခုနှင့် မသေသပ်သောမုတ်ဆိတ်မွှေးများရှိပြီး ပိပြားနေသောအဝတ်ခေါင်းဆောင်းကို ဝတ်ဆင်ထားသည်။ မျက်လုံးနားတွင် အစိမ်းရောင်အမာရွတ်တစ်ခုရှိပြီး မွေးရာပါလည်းဖြစ်နိုင်သလို ဒဏ်ရာရတာလည်းဖြစ်နိုင်သည်။ သူ့ပိုင်နက်သည် တံတားဘေးတွင်ဖြစ်ပြီး တစ်နေ့လုံးထိုင်ကာ မျက်လှည့်လည်းပြသလို ကိုယ်တိုင်လုပ်အင်းစာရွက်များလည်းရောင်း၏။ အနှီလူသားသည် ထူးဆန်းတယ်ဆိုလို့ရ၏။ အင်းစာရွက်ရောင်းရလိုလျှင် တကယ့်ဟာနှင့်တူအောင်တော့ ရေးသင့်သည်။ ကြုံရာကျပန်း ဆွဲလိုက်ရင်တောင်ရသည်။ သို့ပေမဲ့ ထိုမိမစစ်ဖမစစ် ရေးဆွဲထားသောအမှိုက်သည် အင်းစာရွက်လို့ ယုံနိုင်စရာတောင်မရှိ။ အလိမ်အညာတွေကို ဝယ်သူများမြင်သွားလေမလား စိုးရိမ်ပူပန်ပုံလည်းမရ။

ရွှဲရှန့်လည်း ထိုသူ့ဆိုင်အတွင်း ရက်အတော်ကြာအချိန်ဖြုန်းရင်း အင်းစာရွက်တွေကို လျှောက်ကြည့်နေခဲ့၏။ အများစုမှာပုံပြသက်သက်ဖြစ်ပေမဲ့ အသုံးဝင်တာ တစ်ရွက်နှစ်ရွက်တော့ရှိသည်။

အရမ်းကြီးအသုံးဝင်လှသည်တော့မဟုတ်၊

မကောင်းသောဝိညာဥ်များကို မောင်းထုတ်ပေးနိုင်သောအင်းစာရွက်သည် ကြမ်းပိုးသာသာအကောင်သာ နှင်နိုင်လိမ့်မည်။ အသက်ရှည်စေနိုင်သောအင်းစာရွက်သည် နှာစေးချောင်းဆိုးအအေးမိတာလောက်သာ ကုပေးနိုင်လိမ့်မည်။

ရွှဲရှန့်ဝတ်ရုံတွင်း သိမ်းထားသောအင်းစာရွက်သည် တာအိုဆရာတော်အနုစိတ်ရေးဆွဲထားသောလက်ဖွဲ့ဖြစ်၏။

"မိုးကြိုးတိမ်တိုက်များအတွင်းနေထိုင်ပါသောတောင်အရပ်နဂါးမင်းအတွက်"

ရွှဲရှန့်မျက်ဝန်းတွေ ကျဥ်းမြောင်းလာပြီး ပျင်းရိစွာရေရွတ်လိုက်သည်။

အခေါက်ခေါက်အခါခါ ရေးသားထားတာဖြစ်ပြီး တီကောင်များသဖွယ်စာရွက်ထက် တွန့်လိမ်နေသည်။ ဘာရေးထားမှန်း ရွှဲရှန့်သိနေတာက အံ့သြဖွယ်ဖြစ်ရပ်ပင်။

စာသားအရ မိုးကျရန်ရည်ရွယ်ထားသော အင်းစာရွက်ဖြစ်ကြောင်းသိသာ၏။ သို့ပေမဲ့လည်း ထိုတာအိုဆရာတော်သည် ဘာကြောင့်များရေးခဲ့လေသလဲတော့မရှင်းလှ။

မုန်တိုင်းအားလိုလျှင် အင်းစာရွက်လေးလောက်နဲ့တော့ ဆုတောင်းသံများကို နဂါးမင်းကြားမည်မဟုတ်။ နေကာရန်တိမ်မည်းအချို့သာ ရောက်လာလိမ့်မည်။ ဒါပေမဲ့ ဤအင်းစာရွက်သည် ရွှဲရှန့်လက်ထဲရောက်နေပြီဖြစ်၍.......

အင်းစာရွက်ဦးတည်နေသော တောင်ဘက်နဂါးမင်းသည် ရွှဲရှန့်မှလွဲ၍အခြားမရှိ။

ဝတ်ရုံအတွင်း လက်ထပ်ထည့်ကာ မြေအိုးငယ်တစ်အိုးကို ထုတ်ယူလိုက်၏။ အဖုံးကိုဖွင့်လိုက်ချိန်တွင် မွန်ထူလှသောညှီနံ့က လေထုအတွင်းပျံ့နှံ့သွားသည်။

ရွှဲရှန့်မျက်မှောင်ကျုံ့မိ၏။ တကယ့်ကိုသူ့သွေးဖြစ်သော်ငြားလည်း အနံ့မကောင်းတာကတော့အမှန်ပင်။

လက်ဖဝါးထက်တွင် အင်းစာရွက်ကို ပြန့်သွားအောင်ဖြန့်ကာ ပုလင်းအတွင်းမှ သွေးစက်ချလိုက်သည်။ သွေးစက်သည် အဝါရောင်စာရွက်အတွင်းသို့ စိမ့်ဝင်သွား၏။

ပုလင်းကိုပြန်သိမ်းပြီး စာရွက်အားလက်ဖြင့်တောက်လိုက်သည်။ လက်ပေါ်မှမြောက်တတ်သွားသော စာရွက်ပေါ်ရှိ သွေးစက်သည် စတင်မီးလောင်ကျွမ်းလာ၏။ ရုတ်ချင်းပင်စာရွက်သည်လည်း မီးတောက်၏ဝါးမြိုခြင်းကို ခံလိုက်ရ၏။

ချက်ချင်းဆိုသလို လေပြင်းများတိုက်ခတ်လာပြီး မိုးသတ်မုန်တိုင်းဆင်မည့် တိမ်စိုင်တို့သည် ကောင်းကင်ယံထက်လိမ့်တတ်လာကြသည်။ မင်အိုးပြုတ်ကျခဲ့သလို ကောင်းကင်တစ်ခုလုံးလည်း မည်းမှောင်သွားပြီဖြစ်သည်။ ကောင်းကင်ယံထက် ပင့်ကူအိမ်ဖြာကျဲသကဲ့သို့ ပြိုးပြိုးပျက်ပျက်ဖြစ်နေသော လျှပ်စီးတန်းတို့သည် မိုးခြိမ်းသံတို့အား အဖော်ပြုလျက်ရှိ၏။

မိုးကြိုးသည် အိမ်တော်၏အစွန်အဖျားကိုပစ်လိုက်သလို အိမ်တော်သည်လည်း လှုပ်ခါသွား၏။

ကြီးမားသော ကမ္ဘာမြေအား ထပ်ခြမ်းခွဲနိုင်သော အသံနှင့်အတူ လျှပ်စီးတန်းသည် ကွေးကွေးကောက်ကောက်နှင့် ကောင်းကင်ယံမှ ဆင်းသက်လာ၏။

နံရံပေါ်တွင်ထိုင်နေဆဲဖြစ်သောရွှဲရှန့်သည် မိုးကြိုးပစ်သွားခြင်းကြောင့် တစ်စစီကွဲကြေသွားသော ကျောက်သားကြမ်းပြင်ကို ပျင်းရိစွာကြည့်နေမိ၏။

အိမ်ဝင်းတစ်ခုလုံးသည် အတော်ကြာတဲ့အထိ တုန်ခါနေပြီး ပြန်လည်ရပ်တန့်သွား၏။

ရွှဲရှန့်လည်း ကောင်းကင်ယံအား စိတ်ပျက်လက်ပျက်အမူအရာဖြင့် ကြည့်လိုက်သည်။ အင်းစာရွက်သုံးတာတောင် လျှပ်စီးတန်းအချို့သာ လုပ်နိုင်သည်။

ဒါပေမဲ့လည်း မိုးချုန်းပြီးဆူဆူညံညံဖြစ်ခဲ့ရာမှ အသုံးဝင်တာအချို့တော့ ပေါ်လာပုံရသည်။ တစ္ဆေကျက်စားသောစံအိမ်ဝင်းသည် အက်ကြောင်းထင်သွားခဲ့၏။ နဂိုကတိိတ်ဆိတ်မှုသည် သေးငယ်သောအက်ကြောင်းလောက်နှင့် ပြိုကွဲသွား၏။

အက်ကြောင်းကိုဖြတ်၍လာသော မှိန်ပြပြအသံသည် အိမ်ဝင်းအတွင်းလွှမ်းခြုံသွား၏။

သူတစ်ယောက်တည်းရှိနေသည်မဟုတ်တာကတော့သေချာပြီ။

ဤအစီအရင်အတွင်း ပိတ်မိနေသော အခြားသူတစ်ဦးလည်းရှိနေသည်။ ထောင့်တစ်နေရာစီ ကျသွားခဲ့သည်ဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် ဘယ်မှာရှိနေမှန်းမသိခဲ့ကြ။

နံရံပေါ်ကပ်တွယ်နေသောနွယ်ပင်မှ တွန့်လိမ်နေသောအကိုင်းတစ်ကိုင်းကို ရွှဲရှန့်ဆွဲဖြုတ်လိုက်သည်။ သစ်ကိုင်းအားမှီပြီး နွယ်ပင်ကိုအကြောင်းမဲ့သတ်သတ် လက်ချောင်းများ၌ ရစ်ပတ်နေ၏။ မျက်လုံးများကိုမှိတ်ကာ သူရှိရာသို့တဖြည်းဖြည်းရွေ့လာသောအသံကို အာရုံစိုက်နားထောင်လိုက်သည်။ ရှုပ်ထွေးလှသောအသံလှိုင်းများကြားမှ ထူးခြားသောတစ်စုံတစ်ရာကို ကြားလိုက်ရသည်။

အချိန်အတော်ကြာတဲ့အထိ နားထောင်ပြီးနောက် ထိုအသံအားသူသိသလိုရှိသွား၏။

ခေါင်းလောင်းသံ?

"မဟုတ်လောက်ဘူး"

ရွှဲရှန့်ချောင်းဟပ်ရင်း မျက်မှောင်ကျုံ့သွားသည်။

အသံသည်လေထုအတွင်းမှာတော့ တီးတိုးလှ၏။ အဝေးမှလာသောအသံဖြစ်တာကြောင့်ပဲလား ဒါမှမဟုတ် သေးငယ်သောအက်ကြောင်းရာသည် အသံကိုဆွဲဆန့်လိုက်တာကြောင့်ပဲလား။

ကြေးခေါင်းလောင်း...

ကြေးနီဒင်္ဂါးပြား?

ရုတ်တရက်ဆိုသလို အသံ၏အသွင်အပြင်သည် ပို၍ပင်ကြည်လင်လာ၏။ အမှန်ပင်ကြေးနီဒင်္ဂါးပြားများ တစ်ပြားနှင့်တစ်ပြား ဖြည်းညင်းစွာတိုက်မိသော အသံဖြစ်သည်။

နွယ်ပင်သည် လက်တွင်း၌ထက်ပိုင်းကျိုးသွားသလို ရွှဲရှန့်မျက်လုံးများလည်း ပြန်ပွင့်လာသည်။

တကယ်ပင် တမဟုတ်ချင်းအချိန်အတွင်းမှာ ကြေးနီဒင်္ဂါးပြားများအသံက ပို၍နီး နီးလာသည်။

ကြားရသလောက်တော့ အသံသည်တံတိုင်းဝန်းနောက်ကွယ်မှ လာပုံရသည်။

စင်္ကြန်လမ်းအဆုံး၌ရှိသော တံခါးငယ်ထံမှ ကျိကနဲအသံ ကြားလိုက်ရသည်။ ဖျက်ဆီးခံလိုက်ရသောနွယ်ပင်ကို ကိုင်ထားဆဲဖြစ်သည့် ရွှဲရှန့် မော့ကြည့်လာ၏။

အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော ဘုန်းတော်ကြီးတစ်ပါးသည် သူရှိရာသို့လှမ်းလျှောက်လာ၏။

ရေခဲမတတ်ချမ်းနေတဲ့ဆောင်းကာလကြီးမှာဘာလို့ဝတ်ရုံအပါးလေးဝတ်ထားတာလဲ?

ထိုသူ၏ပုံစံသည် အေးစက်လှသည်ဟု မြင်ရသည့်အပြင် ဆီးနှင်းတစ်ထပ်ဖုံးအုပ်ထားသည်လို့တောင်ထင်ရ၏။
ကြေးနီဒင်္ဂါးပြားများကို ခါးထက်ပြန်ချိတ်ဆွဲလိုက်ပြီး နံရံအောက်ခြေနားသို့ ရွှမ်းမင်လျှောက်လာတော့မှ ရွှဲရှန့်သတိထားမိသွားသည်။ ဤကတုံးသည် လမ်းလျှောက်လျှင် အသံစိုးစဥ်မှမထွက်ဘူးဆိုတာ။

ဒါဆိုခုနကကြားရတဲ့ဒင်္ဂါးပြားသံကတမင်အသံပေးတာလား?

ရွှမ်းမင်သည် နံရံနားတွင်ရပ်ပြီး ရွှဲရှန့်ကိုစိတ်မဝင်စားသောအကြည့်နှင့် ခေါင်းအစခြေအဆုံး ကြည့်လာ၏။

နံရံပေါ်တွင်ထိုင်နေသောအမျိုးသားသည် ပင်ကိုယ်သဘာဝကျသော ကြည့်ကောင်းသည့်အသွင်ရှိ၏။ ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သောဓားရှည်တစ်ချောင်းနှယ် ဖြစ်သည်။ သို့ပေမဲ့ ပိန်ပါးလှတဲ့အပြင် ဝတ်ထားသောအမည်းရောင်ဝတ်ရုံသည် သူ့အားဖြူရော်ရော်နိုင်စေတာကြောင့် မမာသောအသွင်ပေါ်နေ၏။ ရှင်းလင်းပြတ်သားသောအသွင်ပါ ထပ်ပေါင်းလိုက်လျှင် မြင်ရသူအပေါင်း ဝီရောဓိဖြစ်စေကာ ပဟေဠိဆန်လှသည်။

ရွှဲရှန့်၏ မယုတ်မလွန်သောမျက်နှာအမူအရာသည် ပုံပန်းအားဖြင့် လွန်စွာတည်ငြိမ်သောပုံစံကိုပေး၏။
ထိုအမူအရာအတိုင်းနှင့်ပင် ရွှမ်းမင်နှင့်အကြည့်ချင်းဆုံသွားသည်။ ပြီးနောက်မျက်ဆံလည်သွားပြီး

"ဘာလို့မင်းဖြစ်နေတာလဲ"

စကားဆုံးသည်နှင့် လက်တွင်းမှကျိုးပြတ်နေသောနွယ်ပင်ကို ဒေါသတကြီးလုံးချေလိုက်သည်။

ဤပုဂ္ဂိုလ်သည် ကောင်းကောင်းလေးအရိုက်အနှက်ခံဖို့ရာ ထိုက်တန်လှ၏။ နံရံပေါ်ထိုင်နေတာကိုပင် ဣန္ဒြေရရမရှိ။ ရွှမ်းမင်ကိုစိုက်ကြည့်ပြီး လက်တွင်းရှိလုံးချေထားသောနွယ်ပင်ကို ရွှမ်းမင်ရှိရာသို့ပစ်လိုက်၏။

ရွှမ်းမင်ခေါင်းခါရင်း လမ်းတစ်ဝက်မှာတင် အနှီလက်နက်ကို ဖမ်းယူလိုက်သည်။

"ခုနကမိုးခြိမ်းတာဘာအတွက်လဲ"

ရွှဲရှန့်မျက်ခုံးများတွန့်လာပြီး

"ငါဘယ်သူလဲလို့မမေးတော့ဘူးလား"

ကတုံးဖမ်းမိစဥ်အခါက မြေကြီးပေါ်ကရေညှိအနေနှင့်ဖြစ်ပြီး စက္ကူအဖြစ် နောက်ပိုင်းပြောင်းသွားခဲ့သည်။ အစကနေအဆုံးအထိ လူသားပုံစံနှင့် ပြဖူးခဲ့သည်မဟုတ်။

ရွှမ်းမင်လက်ဖဝါးဖြန့်လိုက်၏။ သွယ်လျသောလက်ချောင်းများကြားတွင် ရွှဲရှန့်ဆိုးသွမ်းမှု၏ သက်သေပြချက်ဖြစ်သော နွယ်ပင်အလုံးကရှိနေသည်။ သူသည် ဘယ်တော့မှ စကားပြောရခြင်းအပေါ် နှစ်သက်သောသူမဟုတ်သလို အမြဲတမ်းရေခဲတစ်မျှအေးစက်သော မျက်နှာအမူအရာသာရှိ၏။ လက်အတွင်းရှိသောပစ္စည်းသည် စကားမဆိုသော်လည်း ရှင်းလင်းသောအဖြေကိုပေး၏။ ဤမျှလောက်ထိ ဆိုးသွမ်းရိုင်းစိုင်းသောသူသည် တစ်ဦးတည်းသာရှိ၏။ ပြာဖြစ်သွားရင်တောင် ရွှမ်းမင် ထိုသူမှန်းမှတ်မိနိုင်သည်။

ရွှဲရှန့် ; "........."

လက်တွင်းမှနွယ်ပင်ကိုလွှတ်ပစ်ပြီး ရွှမ်းမင်စကားထပ်ဆိုလာ၏။

"မိုးခြိမ်းသံနဲ့ပတ်သတ်ပြီးမဖြေလာသေးဘူး"

"ဪ..ဘာမှတော့မဟုတ်ပါဘူး..ငါဒီမှာဆိုတာအခြားသူတွေကိုသိစေချင်လို့..အဲ့ဒါမှလဲတစ်ယောက်ယောက်ငါ့ကိုလာရှာမှာပေါ့"

ရွှမ်းမင် ; "..........."

မိုးကြိုးသည် ကောင်းကင်နှင့်မြေကြီးအား ထက်ခြမ်းခွဲလုမတတ် ပြင်းထန်ပြီး လျိုအိမ်တော်ကို ပြာအဖြစ်ပင်ပြောင်းသွားစေနိုင်သည်။

ထိုအခြင်းအရာအားလုံးသည် သူဒီမှာရှိနေသည်ကို အခြားသူများသိသွားရုံသတ်သတ်သာဖြစ်၏။

ကြားရသောစကားကြောင့် မပြောင်းလဲသောရွှမ်းမင်မျက်နှာပင် ပထမဆုံးအနေနှင့် အံ့သြသင့်သောအသွင်ပေါ်လာ၏။

ရွှဲရှန့်အနေဖြင့် ထိုအမူအရာကိုသဘောကျလှတာကြောင့် ပြုံးရယ်ရင်း

"ဟမ်?မိုးခြိမ်းသံနောက်လိုက်လာတာလား?ငါလုပ်ခဲ့တာတွေအချိန်ဖြုန်းရာသတ်သတ်မဟုတ်တော့ဘူးပေါ့..အမြန်ရောက်လာလို့တော်သေးတယ်..ငါကနောက်တစ်ခါထပ်လုပ်ဖို့စဥ်းစားနေတာ"

ပြောစရာစကားတောင်မရှိ။ အတော်ကြာသည်အထိ ရွှမ်းမင်ကြည့်နေပြီး အေးတိအေးစက်နှင့် စကားဆိုလာပြန်၏။

"ဒီလိုဆိုရင်လည်းအပြင်ထွက်ဖို့ဂိတ်ဝရှစ်ခုရှာနေစရာတောင်မလိုတော့ဘူး..ပြာဖြစ်သွားတော့လည်းအခေါင်းဖိုးမလိုတော့ဘူးပေါ့"

"ဘုန်းတော်ကြီးကဘယ်လိုဖြစ်ပြီးအလွယ်လေးငွေစကားပြောနေတာလဲ...က-"

မျက်နှာရှုံ့မဲ့သွားကာ ကတုံးလို့ထွက်လာတော့မည့်စာသားကို မြိုချလိုက်ရသည်။

"မင်းတို့ဘုရားကိုစော်ကားရာမကျဘူးလား"

ရွှမ်းမင် ; "........"
မောက်မာသောသတ္တဝါသည် ထိုစကားမျိုးဆိုလာရဲသေးသည်။

"ခုနကပြောတဲ့ရှစ်နေရာကရှာတွေ့သွားပြီးလား?တွေ့ပြီးသွားရင်တော့အဆင်ပြေတာပဲ..ငါ့ကိုခေါ်သွားပါလား?မတွေ့သေးဘူးဆိုရင်လည်းနောက်ထပ်မိုးကြိုးတွေငါထပ်ဆင့်ခေါ်လိုက်မယ်..ဒီတစ်ခါတော့အစီအရင်ကိုထပ်ခြမ်းကွဲအောင်ပစ်နိုင်လောက်မှာ"

ပါးစပ်က ထိုသို့ပြောသော်လည်း အတွင်းထဲမှာတော့ "ကတုံးရယ်၊တွေ့ပြီးသွားပြီပြောစမ်းပါ..ငါ့မှာမိုးကြိုးဆင့်ခေါ်တဲ့အင်းစာရွက်ကတစ်ခုတည်းရှိတာ..သုံးလည်းသုံးပြီးသွားပြီ"

ကံကောင်းလှစွာ ရွှမ်းမင်သည် သူစိတ်ပျက်သွားအောင်မလုပ်။ ခေါင်းငြိမ့်ပြပြီး

"နံရံပေါ်ကဆင်းလို့ရပြီ"

ပြောပြီးသည်နှင့် လှည့်ထွက်သွား၏။ တိမ်စိုင်တွေကဲ့သို့ လွင့်ပြန်နေသော အဖြူရောင်ဝတ်ရုံရှည်နှင့်အတူ ခြေလှမ်းအနည်းငယ်မျှနဲ့ အဝေးသို့ရောက်သွားသည်။

သို့သော်လည်း ရွှမ်းမင်ခြေလှမ်းများရပ်တန့်သွားပြီး တစ်လက်မတောင်မရွေ့သေးသော ရွှဲရှန့်ထံသို့လှည်ကြည့်လာ၏။

အေးဆေးတည်ငြိမ်သောအသွင်နှင့် ခြေထောက်များကိုရိုက်ပြပြီး

"အောက်ပိုင်းသေနေတာ..လှုပ်လို့မရဘူး"

တမင်ဟန်ဆောင်နေပြန်ပြီထင်ပြီး ရွှမ်းမင်မျက်မှောင်ကျုံ့သွားသည်။

"အရင်တုန်းကတော့နှေးကွေးမနေပါဘူး..ရွံစရာသတ္တဝါ"

အစေခံလည်ထောင်ပေါ်ကို သုံးလေးခါလိမ့်ပြီး ရောက်သွားသေးသည်။ အတော်ကိုလျင်မြန်ဖျတ်လတ်နေတာများ။

"ကတုံး..မင်းကန်းနေတယ်ထင်တယ်..ငါ့ခြေထောက်နဲ့ငါရွေ့တာတွေ့ဖူးလား?အစေခံရဲ့ခြေထောက်ကိုငါငှားသွားတာလေ"

သနားဂရုဏာစိတ်မရှိသော ကိုယ်တော်နှင့် ယဥ်ကျေးမှုမရှိသော ရွံစရာသတ္တဝါတို့ အတော်ကြာသည်အထိ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်နေကြ၏။ နောက်ဆုံးတော့ အရင်လူပဲအရှုံးပေးကာ နံရံရှိရာသို့ပြန်လျှောက်လာသည်။

အမည်းရောင်ဝတ်ရုံအောက်တွင် ဒူးခေါင်းအစုံ၏ကောက်ကြောင်းသည် ငေါ၍ထွက်နေ၏။ အိပ်ရာထက်တွင် အချိန်အတော်ကြာသည်အထိ လဲနေသူအများစုတွင် သေးသွယ်ပိန်လျသော ခြေထောက်များရှိတတ်ကြသည်။ ဒါပေမဲ့ ရွှဲရှန့်ကတော့ကွာခြား၏။ အကြမ်းဖျဥ်း အပေါ်ကကြည့်လျှင် သာမန်သူခြေထောက်များနှင့် အတူပင်ဖြစ်ပြီး အောက်ပိုင်းသေနေသောသူဟုထင်ဖွယ်ရာမရှိ။

ရွှမ်းမင်တစ်ချက်ကြည့်ပြီး ခြေကျင်းဝတ်ရှိရာသို့ လက်လှမ်းလိုက်၏။

မမျှော်လင့်ထားသောရွှဲရှန့်အဖို့ ဆတ်ကနဲ ထိတ်လန့်သွား၏။ အောက်ပိုင်းသေနေတာမဟုတ်လျှင် ရွှမ်းမင်ကို ကန်ပြီးနေပြီ။

ပြောစမ်းပါဦး?နဂါးလက်သည်းဆိုတာမင်းအလွယ်တကူကိုင်လို့ရတဲ့အရာလား?ဟမ်?သေချင်နေပြီလား?

ရွှဲရှန့်တုံ့ပြန်မှုကို ရွှမ်းမင်မှတ်သားလိုက်သည်။ အောက်ပိုင်းသေနေသည်ဟု ဟန်ဆောင်နေလျှင် အပေါ်ပိုင်းခန္ဓာကိုယ်ပဲ တုန့်ပြန်မည်မဟုတ်၊ ထိတ်လန့်သွားလျှင် အောက်ပိုင်းကပါတုံ့ပြန်လိမ့်မည်။

အနှီရွံစရာသတ္တဝါဆိုလာသည့်အတိုင်းအမှန်ပင် အောက်ပိုင်းသေနေလေ၏။

ရွှမ်းမင်မျက်လုံးများမော့ကြည့်လာပြီး လက်တစ်ဖက်ဖြင့် ဗုဒ္ဓနည်းအတိုင်း အရိုအသေပေးဟန်ပြသည်။ အခြားလက်တစ်ဖက်သည် ရွှဲရှန့်ရှိရာသို့ဆန့်တန်းလာကာ

"ဆင်းလာခဲ့"

•••••••

Copper Coins《铜钱龛世》Where stories live. Discover now