အခန်း ၁၀[ကျိတ်ဆုံအလွတ် ၁]

3K 687 22
                                    

Unicode

လျိုအိမ်တော်၏ဖုန်းရွှေအစီအရင်သည် မည်မျှပင်ဝင်္ကပါဆန်အောင်ရှုပ်ထွေးနေပါစေ မည်မျှပင်ဆန်းပြားနေပါစေ သာမန်အတိုင်းလေးထောင့်ပုံစံရှိသော ခြံဝင်းပင်ဖြစ်သည်။ ဖန်ယွုင်းပုံစံချရာတွင် ခြံပိုင်ရှင်စိတ်ဝင်စားလေလေ ထိုခြံဝင်းသည် မူမမှန်သောနေရာချသည့်ပုံစံ ဖြစ်နိုင်ချေနည်းလေလေ ဖြစ်သည်။ မရေမတွက်နိုင်သောနံရံနှင့် တံခါးများရှိပေမဲ့လည်း အရပ်မျက်နှာရှစ်ခုရှာဖို့ရာလမ်းကြောင်းတော့ ဆုံးရှုံးသွားခြင်းမရှိ။ မြောက်အရပ်၊ တောင်အရပ်၊ အရှေ့အရပ်၊ အနောက်အရပ်၊ အရှေ့မြောက်အရပ်၊ အနောက်မြောက်အရပ်၊ အရှေ့တောင်အရပ်နှင့် အနောက်တောင်အရပ်တို့ဖြစ်ပြီး ထိုအရပ်မျက်နှာများတွင် နာကျင်ခြင်းဂိတ်ဝ၊ ကြောက်ရွံ့ခြင်းဂိတ်ဝ၊ အလင်းပေးသောဂိတ်ဝ၊ အနားယူခြင်းဂိတ်ဝ၊ ရပ်တန့်ခြင်းဂိတ်ဝ၊ သေဆုံးခြင်းဂိတ်ဝ၊ ရှန်သန်ခြင်းဂိတ်ဝနှင့် စတင်ခြင်းဂိတ်ဝတို့ရှိသည်။

ပုံမှန်အခြေအနေများအောက်တွင် ဂိတ်ဝရှစ်ပေါက်ထဲမှ စတင်ခြင်းဂိတ်ဝ၊ အနားယူခြင်းဂိတ်ဝနှင့် ရှင်သန်ခြင်းဂိတ်ဝတို့သည် မင်္ဂလာရှိသောဂိတ်တံခါးသုံးချပ်ဖြစ်၏။ သေဆုံးခြင်းဂိတ်ဝ၊ ကြောက်ရွံ့ခြင်းဂိတ်ဝနှင့် နာကျင်ခြင်းဂိတ်ဝတို့သည် အမင်္ဂလာဂိတ်တံခါးသုံးချပ်ဖြစ်သည်။ အလင်းပေးသောဂိတ်ဝနှင့် ရပ်တန့်ခြင်းဂိတ်ဝတို့သည် ကြားနေသဘောနှင့် မျှချေကိုထိန်းပေးထားသည်။

သို့ပေမဲ့ မင်္ဂလာ၊ အမင်္ဂလာနှင့် ကြားနေသဘောတရားများသည် တည်မြဲနေမည်တော့မဟုတ်။ ဆိုရိုးစကားတောင်ရှိသေးသည်။ 'မင်္ဂလာတံခါးပြောင်းလဲသွားလျှင် ကောင်းတာမရှိသလို အမင်္ဂလာတံခါးပြောင်းလဲသွားလျှင် အဆိုးများရှိတော့မည်မဟုတ်"။ ထိုအတိုင်း ရှင်သန်ခြင်းဂိတ်ဝသည် ရှင်သန်ဆဲသူများနှင့် လူနေထိုင်သောအဆောင်များအတွက် မင်္ဂလာရှိပေမဲ့ သေပြီးသောသူများနှင့် သင်္ချိုင်းဂူများအတွက် အမင်္ဂလာဖြစ်နေလိမ့်မည်။ ဤအတိုင်းပဲ သေပြီးသောသူများနှင့် သင်္ချိုင်းဂူများအတွက်တော့ သေဆုံးခြင်းဂိတ်ဝသည် လွန်စွာမင်္ဂလာရှိနေလိမ့်မည်။

ထို့ကြောင့် အသက်ရှင်နေဆဲဖြစ်သော ရွှဲရှန့်နှင့်ရွှမ်းမင်အဖို့ ရှင်သန်ခြင်းဂိတ်ဝကိုသာ ရှာတွေ့ရန်လိုအပ်သည်။ သို့မှသာ အစီအရင်ထောင်ခြောက်အတွင်းမှ ဘေးကင်းစွာထွက်လာနိုင်မည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဂိတ်တံခါးရှစ်ခုကို ဘယ်တံခါးကဘာဖြစ်ကြောင်း တွက်ချက်ရန်လွယ်ကူသည်။ တနည်းနည်းဖြင့် ရှင်သန်ခြင်းတံခါးသည် သေဆုံးခြင်းတံခါးဝဖြစ်လာခဲ့သည်။ ဤအစီအရင်အတွင်းမှ မလွတ်မြောက်နိုင်သေးသည့်အပြင် အနောက်ကလိုက်ဖမ်းနေသော ဝိညာဥ်လိုအရာတွေက ရှိလာပြန်သည်။ လွတ်မြောက်ဖို့ရန် မအောင်မြင်ခဲ့ပေမဲ့ မကောင်းဆိုးရွားလွှတ်ပေးသည့်နေရာတွင် အောင်မြင်ခဲ့ပုံရသည်။

ထိုကဲ့သို့အခြေအနေတွေဖြစ်နေတာတောင် နောက်တံခါးတစ်ခုဖွင့်ရန် ရွှမ်းမင်သည် တုံ့ဆိုင်းခြင်းအလျင်းမရှိ။ တားရန်အတွက်လည်း ရွှဲရှန့်လုပ်နိုင်တာဘာမှမရှိ။

ကောင်းကင်ယံကိုပိုင်စိုးသော အရှင်သခင်ရွှဲရှန့်သည် မူရင်းခန္ဓာကိုယ်သာရှိနေလျှင် လုပ်ချင်တာလုပ်တတ်သော စိတ်သဘောထားအရ ထို့သို့ပြောပါလိမ့်မည်။ 'ရှစ်ဂိတ်ဖြစ်ဖြစ် ကိုးဂိတ်ဖြစ်ဖြစ်..ရှင်ရှင်သေသေ၊ အကုန်လုံး-ီးပဲ..တစ်ခုချင်းဆီလိုက်ဖွင့်ပြမယ်..အဲ့လောက်ထိလုပ်တာတောင်ထွက်ပေါက်ရှာမတွေ့လဲမိုးကြိုးခေါ်ပြီးတစ်နေရာလုံးဖျက်ဆီးပစ်မယ်"

စွမ်းအားများပိုင်ဆိုင်နေဆဲဆိုလျှင် ဤကဲ့သို့ လူယုံကြည်အောင်ဖန်တီးထားသောနယ်မြေတွင် ပိတ်မိနေမှာမဟုတ်ဟု သူ့ကိုယ်သူယုံကြည်မှုရှိသည်။ သို့ပေမဲ့ အခြေအနေတွေက ကွာခြားနေ၏။ ဦးဆောင်ညွှန်ကြားသူသည်ရွှမ်းမင်ဖြစ်ပြီး ရွှဲရှန့်ကတော့ ပုခုံးပေါ်တွင်ကပ်တွယ်နေသော စက္ကူလူသားထက်မပို။

သူနှင့်ရွှမ်းမင်စတွေ့ခဲ့တာ နှစ်နာရီထက်တောင်မကျော်သေး။ လက်ဖက်ရည်နှစ်ခွက်သုံးခွက် သောက်ချိန်သာရှိသည်။ ထို့ကြောင့်လည်း ဤကတုံးတွင် ဘာစွမ်းရည်တွေရှိနေလဲ ရွှဲရှန့်မပြောနိုင်။ ထူးကဲသောဘုန်းတော်ကြီးဖြစ်သော အရိပ်အယောင်များ ရှိနေတတ်ပြီး တစ်ခါတစ်ရံ အတန်ငယ်ရှိန်စေတာကလွဲ၍ လက်ဆုပ်လက်ကိုင်ပြနိုင်သောလုပ်ဆောင်ချက်များ ရွှဲရှန့်မမြင်ဖူးသေးဘူး။

မိုးကြိုးမုန်တိုင်းတွေများဖန်ဆင်းနိုင်နေမလား? လမ်းပျောက်နေတဲ့တစ္ဆေကျန်းရှီနင်ကိုအစွဲချွတ်ပေးနိုင်မှာလား? ထိုးသတ်ရမယ်ဆိုရင်အမယ်အိုမိစ္ဆာနဲ့ယှဥ်နိုင်ပါ့မလား?

အဓိကအရေးကြီးဆုံးမေးခွန်းသည် အမယ်အိုမိစ္ဆာနှင့်ယှဥ်လျှင် နိုင်ပါ့မလားဖြစ်၏။ ရွှဲရှန့်ကတော့ သံသယဝင်မိသည်။

အမှန်ပဲ ထိုကိုယ်တော်သည် ကျန်းအိမ်တော်မှာတုန်းက စက္ကူလူသားနှစ်ဦးကိုဖမ်းရန် ကြေးပြားအပိုင်းအစကိုသာ အသုံးပြုခဲ့သည်။

ရွှဲရှန့်အတွေးပေါ်မိသည်။ 'မကောင်းဆိုးရွားကိုကလော်ပြီးဖမ်းတဲ့ပယောဂဆရာဆိုတာမြင်ဖူးကြရဲ့လား?

အဖြေကတော့ 'ဘယ်တုန်းကမှမမြင်ဖူးဘူး'

ကိုယ့်ကိုကိုယ်စကားတွေထိုင်ပြောနေပုံရသည့် ပုခုံးပေါ်ရှိမကောင်းဆိုးရွှားကို ရွှမ်းမင်မျက်မှောင်ကျုံ့ပြီး ကြည့်လိုက်သည်။ သွယ်လျလှပသောလက်ချောင်းများသည် တံခါးပေါ်တွင်ရပ်နားလျက်။ အခြားတံခါးများကိုဖွင့်သောအချိန်၌ အသံမထွက်အောင်ဂရုစိုက်ခဲ့သည်။ အခုအချိန်မှာတော့ မြင်သာအောင်ပြမိပြီးပြီဖြစ်တာကြောင့် ခိုးကြောင်ခိုးဝှက်သွားနေဖို့မလိုတော့။ တံခါးကိုအရှိန်ပြင်းစွာ ဖွင့်ချလိုက်သည်။

ကြက်သွေးရောင်တံခါးသည် နောက်ဘက်ရှိနံရံနှင့် ပြေးဆောင့်ပြီး ချိုင်းကနဲအသံထွက်ပေါ်လာ၏။

အတွင်းဘက်သို့ ခြေချရန်ပြင်ချိန်တွင် ပုခုံးပေါ်၌ရှိသော လက်ဖဝါးသာသာစက္ကူလူသားသည် တဖန်အငြိမ်မနေနိုင်ဖြစ်လာ၏။ စကားတစ်လုံးမှမဆို ဝတ်ရုံအတိုင်း အောက်သို့ဆင်းသွား၏။ ကြည့်ကွက်ကောင်းကောင်းအတွက် အမြင့်မှာနေချင်သည်ဟု မကျေမနပ်ပြောဆိုခဲ့သူသည် ယခုအခါမှာ ဘုန်းတော်ကြီး၏ခါးရှိရာသို့ ပြန်သွားနေ၏။ ရွှမ်းမင်ကိုတစ်ချက်ကြည့်ပြီး အိတ်ထဲပြန်ဝင်သွားကာ ရိုသေကျိုးနွံစွာနှင့် အိတ်ကိုတောင်ပြန်ပိတ်ပေးသွားသည်။

ဆိုလိုချင်တာကတော့ ရှင်းလင်းသည်။ 'မင်းသွားသေလို့ရပြီ..ငါကတော့အရင်ရှောင်ပေးပါရစေ'

ရွှမ်းမင် ; "......"

တံခါးနောက်တွင် ပုံမှန်ဖြစ်သောလသာဆောင်ဟင်းလင်းပြင်တစ်ခုရှိသည်။ အရှေ့မျက်နှာစာခန်းမနှင့် အဓိကခန်းမဆောင်တို့သည် တောင်အရပ်နှင့် မြောက်အရပ်အသီးသီးမှာရှိ၏။ စင်္ကြန်လမ်းများက အရှေ့နှင့်အနောက်အရပ်ကို ဦးတည်ထားသည်။ ထူးခြားသောအခြင်းအရာမှာ သိသာမြင်သာအောင် တံခါးကို ရွှမ်းမင်ကျယ်လောင်စွာဖွင့်လိုက်ပေမဲ့ ဘယ်သူမှသတိပြုမိသွားသောပုံမပေါ်။ ဘာခြေသံမှလည်းမကြားရ။ အိတ်ကပ်ထဲတွင်စောင့်နေသောရွှဲရှန့်လည်း မနေနိုင်တော့ပဲ လက်ပေါ်မေးထောက်ရင်း ချောင်းကြည့်ရန် ခေါင်းပြူထွက်လာသည်။

လသာဆောင်တွင် ဘယ်သူမှရှိမနေ။ ငြိမ်းချမ်းလှသည်ဟုဆိုလို့ရ၏။ သို့ပေမဲ့ အရှေ့မျက်နှာစာခန်းမဆောင်မှ ရယ်သံဖျော့ဖျော့ကထွက်ပေါ်လာသည်။ အကြံပေးလျိုဖြစ်ပုံရ၏။

အကြံပေးလျိုအပေါ် ကောင်းသောအမြင်မရှိပေမဲ့ အရှေ့မျက်နှာစာခန်းမဆောင်တွင် ဘာဖြစ်ခဲ့လဲဆိုတာတော့ ရွှဲရှန့်သိချင်မိသည်။

သူတွေးဆနေတုန်းမှာပဲ ရွှမ်းမင်သည် တံခါးလှေကားထစ်မှဆင်းကာ အရှေ့ခန်းမဆောင်သို့ ဦးတည်သွားနေပြီ။

အနောက်တံခါးမှ ချဥ်းကပ်ခဲ့တာဖြစ်၍ အတွင်းမှာဘာတွေဖြစ်နေလဲဆိုတာ မမြင်ရသေး။ ကြီးမားကျယ်ပြန့်သောလိုက်ကာသည် မြင်ကွင်းရှေ့တွင် ပိတ်ကာထား၏။ သတ္တိရှိလှသော ကတုံးသည် အခန်းတွင်းဝင်ကာ လိုက်ကာနောက်သွားရပ်တာကြောင့် ရွှဲရှန့်ပင်ထိတ်ပြာသွား၏။ သို့ပေမဲ့လည်း အခန်းအတွင်း၌ ဘာတွေပြောနေကြသလဲဆိုတာကို တစ်လုံးချင်းဆီ ပြတ်သားစွာကြားနိုင်၏။

အခန်းထဲတွင် လူဘယ်နှစ်ယောက်စုနေကြသလဲတော့ ရွှဲရှန့်မသိ။ ကြားရသလောက်တော့ လူနှစ်ဦးစကားပြောသံသာ။ တစ်သံမှာ အကြံပေးလျိုအသံဖြစ်ပြီး နောက်တစ်သံမှာ ဧည့်သည်၏အသံ ဖြစ်ပုံရသည်။ လေယူလေသိမ်းနှင့် စကားလုံးအသုံးအနှုန်းအရ အသက်ကြီးပိုင်းဖြစ်ပုံရသည်။

"ဒါနဲ့မြို့ထဲမှာကောလဟာလသတင်းတစ်ခုပြန့်နေတယ်..မှန်မမှန်တော့မသေချာဘူး"

အကြံပေးလျိုထံမှ အမေးစကားဆိုလာသည်။

"ဘာသတင်းလဲ?"

"ကျန်းအိမ်တော်မီးလောင်တာ..သိပြီးပြီလား?"

"ဒါပေါ့..ဒါပေါ့"

ဘာကြောင့်မှန်းရယ်တော့မသိ။ အကြံပေးလျိုအသံသည် သဘာဝမကျစွာ ခြောက်သွေ့နေ၏။ စကားဆိုပြီးသည်နှင့် လက်ဖက်ရည်ခွက်ကိုမြှောက်ကာ တစ်ငုံသောက်၏။

"ရုံးတော်ကတော့ဇာပနချရာမှာစီစဥ်ပေးခဲ့တယ်..အကုန်လုံးမီးကျွမ်းနေပြီ..မီးရှို့တဲ့တရားခံကသာဝန်မခံဘူးဆိုရင်လူခန္ဓာကိုယ်လို့တောင်ထင်မှာမဟုတ်ဘူး"

"စဥ်းစားကြည့်ရင်လွန်ခဲ့တဲ့နှစ်တွေတုန်းကမြို့ကိုတစ်ခါလာလည်ခဲ့ချိန်မှာကျန်းသမားတော်နဲ့တွေ့ဖို့ကံတရားရှိခဲ့ပါလျက်နဲ့မထင်ထားခဲ့ဘူး..ဟင်း!"

ဧည့်သည်သည် သက်ပြင်းချပြီး

"မြို့ထဲကလူတွေပြောတာတော့ကျန်းသမားတော်ကအသင့်မိခင်ရဲ့ရောဂါကိုအမည်မှားတပ်ပြီးဆေးမှားပေးလိုက်လို့အသင့်မိခင်အသက်ဆုံးရှုံးသွားတယ်..အဲ့ဒါက"

အကြံပေးလျို နောက်တစ်ငုံထပ်သောက်၏။ လက်ဖက်ရည်ကို မြိုချလိုက်သောအသံပင် ရွှဲရှန့်ကြားရသည်။

သူ့ပုံစံသည် ခံစားချက်တစ်စုံတစ်ရာကို ချုပ်တည်းထားသောပုံပေါ်သလို တစ်ခုခုကြောင့်လည်း ငြိမ်သက်အောင်လုပ်နေရပုံပေါ်သည်။ သို့ပေမဲ့ နှစ်ငုံမျှသောက်ပြီးချိန်တွင် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ဆောင့်ချပြီး ရုတ်ချင်းပင် အော်ပြောတော့သည်။

"အဲ့တာနဲ့ပတ်သတ်ပြီးငါဘာမှမပြောချင်ဘူး!ကျန်းမိသားစုကသူတို့နဲ့ထိုက်တန်တာသူတို့ရသွားတာပဲ..အာဃာတတွေလည်းငါ့ဆီမှာမရှိဘူး..ငါ့အမေကိုပဲငါသနားတယ်..သူ့မှာသက်တမ်းတစ်ဝက်လောက်ကခက်ခက်ခဲခဲနေလာခဲ့ရတယ်..နောက်ဆုံးအနားယူမယ်ကြံပြန်တော့လည်း..ဟင်း!"

အကြံပေးလျို အမျက်ထွက်အောင်လုပ်မိသွားကြောင်း နားလည်သွားသောဧည့်သည်သည် ပြန်၍အချိုသွေးလာ၏။

"ဟုတ်တယ်..သမားတော်လိမ်တွေအကြောင်းမပြောတာပဲကောင်းတယ်"

ရွှဲရှန့်မျက်မှောင်ကျုံ့သွား၏။

ကျန်းအိမ်တော်ကို ရောက်ခဲ့စဥ်ပထမညကို ရုတ်တရက်သတိရမိသည်။ ကြီးမားကျယ်ပြန့်သော ခြံဝင်းကြမ်းပြင်တွင် အကျိုးအပဲ့များက ပြန့်ကျဲနေသည်။ ပေါင်းပင်များသည် ပစ်ခွာခြင်းခံထားရသော ခြံဝန်းတစ်လျှောက် အပြည့်ပေါက်နေ၏။ လေထုအခြေအနေသည် မှုန်မှိုင်းလျက် စိတ်သောကရောက်ဖွယ်ရာ ကောင်း၏။ ခြံဝင်းသည် နေ့ဘက်အချိန်တွင် နေအလင်းရောင်ရသော်ငြားလည်း လေထုထဲတွင် ပူဆွေးမှုတွေကို ဆက်လက်ထိန်းသိမ်းထားဆဲ။ ခြံဝင်းထဲခြေချသည်နှင့် ထောင့်တွင်ထိုင်နေသောကျန်းရှီနင်နှင့် အကြည့်ချင်းဆုံသွားခဲ့၏။

ထိုအချိန်မှသာ နှစ်သိမ့်မစွမ်းနိုင်သော ပူဆွေးသောကတွေသည် အထီးကျန်နေသောတစ္ဆေထံမှ လာနေမှန်းသိတော့သည်။

ကံဆိုးလှသည်မှာ ကျန်းရှီနင်သည် မသေခင်တုန်းက အကြောင်းအရာအချို့ကိုသာမှတ်မိပြီး သေပြီးကိစ္စရပ်များကို မမှတ်မိသော ရှူပ်ထွေးနေသောတစ္ဆေဖြစ်၏။

ရွှဲရှန့်မေးခဲ့သည်။ 'ဒီမှာတစ်ယောက်တည်းဘာလုပ်နေတာလဲ?သေပြီးရင်တဖန်ရှင်သန်ဖို့သွားရတော့မှာလေ..အသက်ရှင်နေဆဲကမ္ဘာမှာအကြာကြီးနေမယ်ဆိုရင်ပြန်လည်မွေးဖွားဖို့အခွင့်အရေးကိုလွတ်ပြီးဒုက္ခများလိမ့်မယ်"

ကျန်းရှီနင်သည် တွေဝေသောအသွင်ဖြင့် ခေတ္တမျှကြည့်နေပြီး 'အော်..ငါ့မိဘတွေကိုစောင့်နေတာလေ..အတူတူသွားကြမလို့..အသက်ကြီးပြီဆိုတော့ငါဂရုစိုက်ပေးမှရမှာ"

အဲ့ဒီအချိန်တုန်းက စာဂျပိုးသည် အသက်ရှင်စဥ်အခါက စာအဖတ်လွန်ပြီး ဦးနှောက်ပျက်သွားတာလားလို့ ရွှဲရှန့်ထင်ခဲ့သည်။ သူပြောနေတဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုလည်းနားထောင်ကြည့်ပါဦး။

"အဲ့တာဆိုမင်းမိဘတွေကဘယ်မှာလဲ?"

ကျန်းရှီနင်သက်ပြင်းချသည်။

"အိမ်မှားဝင်သွားကြပြီထင်တယ်..ငါ့မှာခန္ဓာကိုယ်မည်မည်ရရမရှိတော့ဒီအိမ်တော်ကထွက်လို့မရဘူး..ဒီထဲကမထွက်နိုင်ရင်လိုက်ရှာနိုင်မှာမဟုတ်ဘူး"

"ကောင်းပြီ..ငါကူညီပေးမယ်..ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ်"

"ပြောလေ"

"ဒီမှာရက်အနည်းငယ်လောက်တော့နေမယ်"

ကျန်းရှီနင်အတွက် စက္ကူခန္ဓာကိုယ်လုပ်ပေးပြီးကတည်းက စာသင်သားသည် ညတိုင်းမြို့ထဲလမ်းလျှောက်ပြီး သူ့မိဘများကိုရှာခဲ့၏။ သုံးရက်အကြာမှာ မြို့နှစ်ပတ် ပတ်ပြီးပေမဲ့ ဘာမှရှာမတွေ့ခဲ့။

ရွှဲရှန့်ကတော့ ကျန်းမောင်နှံသည် ဦးစွာသွားနှင့်ပြီလို့တောင်ထင်ခဲ့၏။ ယခုအခါ အကြံလျိုပြောပုံအရ ရွှဲရှန့်ခေါင်းထဲ အတွေးသစ်တစ်ခုဝင်လာသည်။

ကတုံး၏ပုခုံးထက် ပြန်တတ်သွားပြီး သူ၏အကြံသစ်ကို နားထက်တိုးတိုးလေးပြောချင်နေတုန်း ခန်းမဆောင်မှ လှုပ်ရှားမှုတစ်ခုရှိလာသည်။

"အော်..အရင်တစ်ခါကငါစုဆောင်းဖို့ပစ္စည်းသစ်တစ်ခုရထားတယ်လို့ပြောဖူးတယ်မလား..အတော်တော့ထူးဆန်းတယ်..ဘယ်လိုထင်လဲကြည့်ခိုင်းမှာကိုမေ့သွားတော့မလို့..လာ!အနောက်ဘက်သွားရအောင်"

စကားကြားသည်နှင့် ရွှဲရှန့်လည်း ရွှမ်းမင်ကို နာသထက်နာအောင် ဆောင့်ထိုးလိုက်သည်။

စက္ကူနှင့်လုပ်ထားသည်ဖြစ်၍ အားအင်ကလည်းမရှိ။ ထိုးပေမဲ့လည်း ဖွဖွလေးကုတ်သလိုဖြစ်နေသည်။

ခါးတစ်ဝိုက်ကို လာကုတ်နေသော မကောင်းဆိုးရွားကြောင့် ရွှမ်းမင်မျက်မှောင်ကျုံ့သွားသည်။ ဒီနေရာမှထွက်ရန် တံခါးဆီသို့ပြန်လှည့်ရာ အနောက်တွင် တစ်စုံတစ်ယောက်ရပ်နေသည်ကို တွေ့ရှိလိုက်ရသည်။

••••••••••••

Copper Coins《铜钱龛世》Where stories live. Discover now