အခန်း ၇[ရွှေချောင်းများ ၃]

3.7K 830 30
                                    

Unicode

အသိခေါက်ခတ်အဝင်နက်လှသောကတုံးသည် တစ်ချက်မျှသာတည်းနဲ့ နားမလည်မှာကို ရွှဲရှန့်စိုးရိမ်မိသည်။ ထို့ကြောင့် အရူးကောင်အကြည့်လွှဲသွားချိန်တွင် တိတ်တိတ်လေး နောက်ဘက်လှန်လိုက်ပြီး ရွှမ်းမင်ကိုမော့ကြည့်လိုက်၏။

ပြောရလျှင် ဆေးချက်များသည် သက်ရှိလူလိုတော့ အသက်မဝင်နေ။ ရွှဲရှန့်ရေးဆွဲထားသည်ကို မှတ်ချက်ပေးရလျှင် အဆင်ပြေသည်ဟု ပြောရမှာလည်း လွန်နေပြီဖြစ်ပြီး ပြီးပြည့်စုံဖို့ကတော့ အဝေးမှာရှိ၏။ မင်နှင့်အစက်ချထားသော မျက်လုံးများတွင် တစ်ခုခုကတော့ လိုအပ်နေသည်။ ဖော်ပြချင်သောအချက်က ပျောက်ဆုံးလျက်ရှိသည်။

ခပ်တင်းတင်းလိမ်ဆွဲလာတာကြောင့် ရွှမ်းမင်၏အေးစက်စက်အကြည့်များ အောက်သို့ရောက်လာသည်။ ဥမှပေါက်သော ရိုင်းစိုင်းသည့်အကောင်ကို သတိပေးရန် ပြင်လိုက်ပေမဲ့ အိတ်ကပ်အဝတွင်တင်လျက် ကြည့်နေသော ရေးဆွဲထားသည့်မျက်လုံးအစုံကြောင့် တွေဝေသွားသည်။

ခံစားချက်မရှိသော မျက်ဝန်းနက်အစုံနှင့် လှန်လျက်ကြည့်နေသည်မှာ မျက်လုံးဖွင့်ပြီး သေနေသလားလို့ပင် ထင်ရ၏။

ရွှမ်းမင် ; "..............."

လမ်းတစ်လျှောက်တွင် မကောင်းဆိုးဝါးနှင့် ဥမှပေါက်သောအကောင်များကို ဖမ်းမိခဲ့သည်မှာ အများအပြားတော့မရှိပေမဲ့လည်း အနည်းအကျဥ်းမျှသာတော့မဟုတ်။ အများစုသည် အဖမ်းမခံရခင်မှာတော့ ခေါင်းမာကျပေမဲ့ ဖမ်းမိသွားချိန်မှာ ငြိမ်ကျသွားကြသည်။ မန္တန်မရွတ်ခင်အချိန်အထိ သတိရှိစွာနှင့် ကြောက်ရွံ့နေတတ်ကြ၏။ ရွှဲရှန့်ကတော့ အဖမ်းခံထားရတာတောင် ရိုရိုကျိုးကျိုးနှင့် အပြင်လူလိုမနေနိုင်ပဲ မငြိမ်မနေ လှုပ်ရွနေသေးသည်။

ရွှမ်းမင်ကတော့ အနှီဥမှပေါက်သောအကောင်၏ အပြုအမူများသည် အရောင်စုံလွန်းလှ၍ သူကိုယ်တိုင်ပင် ပြဇာတ်တစ်ဇာတ်ကနိုင်သည်ဟု ထင်မိသည်။

စက္ကူလူသားအားကြည့်နေရင်း လက်နှစ်ချောင်းနဲ့ညှပ်ဆွဲကာ အပြင်ထုတ်လိုက်သည်။

ရွှဲရှန့် ; "............"
ငါမင်းကိုဘယ်တော့မှမခွင့်လွှတ်ဘူး

ရွှမ်းမင်လက်ချောင်းများသည် လမ်းပေါ်တွင်လှည့်လည်သွားလာနေသူဟု ထင်စရာတောင်မရှိ။ ရှည်မျောသွယ်လျသန့်ရှင်းသော လက်ချောင်းများသည် ညစ်ပတ်သောအရာကို ဘယ်တုန်းကမှ မထိထားဘူးသော ပုံပေါ်နေ၏။ တောင်ပေါ်ရှိကျောင်းဆောင်၌ ကြီးပြင်းလာသောပုံမပေါ်သလို လမ်းပေါ်တွင် လှည့်လည်သွားလာခဲ့သောပုံလည်းမပေါ်လှ။ ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝသောဘဝနှင့် ဖြတ်သန်းလာခဲ့သော ဆွေကြီးမျိုးကြီး သို့မဟုတ် မင်းသားတစ်ပါးလို့တောင် ထင်ရသည်။

သို့ပေမဲ့ ရွှဲရှန့်သည် သတိမမူမိသလို ထိုကဲ့သို့အရာကို အာရုံထဲထားဖို့လည်း စိတ်ကူးမရှိ။

စက္ကူကို လက်ကြားထဲတွင်ညပ်ရင်း လျိုချုံရှိရာသို့ တစ်လက်မရွေ့လိုက်သည်။

ရွှဲရှန့် ; "............"
ငါမိုးကြိုးလျှပ်စီးတွေကိုပြန်ဖန်ဆင်းနိုင်တဲ့အချိန်ရောက်ရင်မင်းဘယ်မှာနေနေဘယ်နေရာသွားသွားမိုးကြိုးလိုက်ပစ်ပြမယ်!

"ဒါလား?"

ရွှဲရှန့် ; "..............."
မင်းကိုတူးခြစ်နေအောင်မိုးကြိုးမပစ်နိုင်ရင်ခြေထောက်လေးဖက်ပါတဲ့ကြမ်းပိုးလို့ငါ့နာမည်ငါပြောင်းလိုက်မယ်!

"အင်း"

လျိုချုံခေါင်းငြိမ့်ရင်းရူးနှမ်းစွာပြုံးပြလာသည်။

ရွှဲရှန့် ; "..........."
ဘာကိုလာရယ်နေတာလဲ?

လက်တွင်းမှဆွဲယူတော့မည့်လျိုချုံအား ရွှမ်းမင်သည် လှုပ်ခါ၍တောင် ပြိုကျသွားမည်မဟုတ်သော မျက်နှာထားနှင့် ခေါင်းခါပြလိုက်သည်။

"မရဘူး"

ရွှဲရှန့် ; ကောင်းတယ်

စောလျှင်တုန်းက စိတ်အတွင်းထဲမှ အော်ဟစ်ဆူညံနေသောရွှဲရှန့်လည်း စိတ်သက်သာရာ ရသွားတော့သည်။ တောင့်တင်းနေသောစက္ကူခေါက်သည် ပြေလျော့ကျသွားပြီး ရွှမ်းမင်လက်များကြားတွင် ဖလပ်ဖလပ်ဖြစ်နေ၏။

ရွှမ်းမင်စကားကြောင့် လျိုချုံတစ်ယောက် ပူဆွေးဝမ်းနည်းသွားသောပုံစံနှင့် ခေါင်းငြိမ့်ပြလာသည်။ လောကကြီးအကြောင်း မသိသောသူဖြစ်သလို သိုဝှက်ခြင်းဖုံးကွယ်ခြင်းဆိုတာကိုလည်း နားမလည်တာကြောင့် ဝမ်းနည်းနေသည်ဆိုသောစကားက မျက်နှာထက် ရေးထိုးထားသလိုပင် သိသာလှ၏။

စိတ်ပုံမှန်မဟုတ်သောသူများ၏ လှုပ်ရှားမှုများသည် သာမန်သူများနှင့်ယှဥ်လျှင် စက္ကန့်ဝက်မျှလောက်တော့ နှေးနေပေလိမ့်မည်။ မဖျတ်လတ်ပေမဲ့လည်း အားပိုပါ၏။ အခြားသူများကို ကြည့်တာပဲဖြစ်ဖြစ်၊ စကားဆိုတာပဲဖြစ်ဖြစ်၊ ခေါင်းငြိမ့်ခေါင်းခါတာပဲဖြစ်ဖြစ် အားအင်ပိုသုံးလေ့ရှိသည်။

ကို့ရိုးကားယားနိုင်ပေမဲ့လည်း ထိရောက်မှုရှိ၏။

မကောင်းတော့သော ခေါက်ဆွဲများကဲ့သို့ ရွှမ်းမင်လက်ချောင်းများကြားတွင် ရွှဲရှန့်တန်းလန်းဖြစ်နေသည်။ လျိုချုံထံရောက်ရှိနေသော အကြည့်များကလည်း မမှိတ်မသုန်ရှိနေဆဲ။ ရွှဲရှန့်စိတ်ထဲမှာတော့ ဤအရူးသည် အဆိပ်ရှိ၍ အခြားသူများကို သူ့လိုရူးစေနိုင်သည်ဟု ထင်နေမိသည်။ ဤအရူးအား ကြာကြာကြည့်မိကာမှ စိတ်တွေလွတ်ပြီး အရူးလက်တွင်း ခုန်ဝင်မိလေမလား ရွှဲရှန့်စိုးရိမ်မိပြန်သည်။

ဘယ်လိုမြင်ကွင်းများဖြစ်သွားမလဲ?

ကြည့်ရသည်မှာ ကတုံးသည် အရူးထက်တောင်ပိုပြီးတော့ တဲ့တိုးပြောဆိုလုပ်ကိုင်တတ်ပုံရသည်။ ပူဆွေးဝမ်းနည်းနေသောအရူးမျက်နှာကို မသိကျေးကျွန်ပြုရင်း အိမ်ရှင်မှအိမ်ထဲဝင်တာကိုတောင် မစောင့်ပဲ ရိုင်းပြလှစွာ အဆောင်တွင်းဝင်ဖို့ပြင်သည်။

ကံကောင်းသွားပြီး အခန်းတွင်းမဝင်ခင် လောကကျင့်ဝတ်နှင့် အရှက်တရားများကို ကတုံးမှတ်မိသွားပုံပေါ်သည်။ အရူးကိုခေါင်းငြိမ့်ပြလာ၏။

ရွှဲရှန့် ; "............"
စကားတစ်ခွန်းထက်ပိုပြောရင်သေသွားမှာမလို့လား?ခေါင်းငြိမ့်ပြတာအဲ့အရူးနားလည်ရင်မင်းရဲ့မျိုးရိုးနာမည်ငါယူလိုက်မယ်

လှောင်ပြောင်သရော်စကားများ ပါးစပ်ကထွက်မကျလာခင် လျိုချုံသည် အခန်းထဲပြေးဝင်သွားပြီး ရွှမ်းမင်ရှိရာသို့ ကစားဖော်တွေ့သွားသည့် ကလေးတစ်ဦးနှယ် လက်ပြလာ၏။

"လာလေ!"

ရွှဲရှန့် ; "............"
နှုတ်ခမ်းများတွန့်လိမ်လာပြီး နောက်ဆုံးမှာတော့ ဣန္ဒြေရသွားတော့သည်။ ရွှမ်းမင်လက်တွင်းမှ ဥမှပေါက်သောအကောင်သည် ငြိမ်ကျသွားပြီဖြစ်သည်။

လျိုချုံတွန်းဝင်သွား၍ ပွင့်သွားပြီဖြစ်သော တံခါးကြောင့် ကြည့်သူအပေါင်းအား ရှင်းလင်းသောမြင်ကွင်း ပေးလျက်ရှိသည်။ အဝါရောင်ဆီဆွတ်စက္ကူချောင်းပုံများသည် ရွှဲရှန့်ပထမမြင်ခဲ့သည်ထက်တောင် ပိုများ၏။ တံခါးနောက်တွင်သာမဟုတ်ပဲ တစ်ခန်းလုံးတွင်ဖြစ်ရာ ရပ်စရာနေရာတောင် များများစားစား မကျန်တော့။

အကြံပေးလျိုသည် အတော်ပင် စိတ်မလိုမကျ ဖြစ်နေပုံရသည်။ သားအကြီးဆုံး၏အခန်း ဘယ်လိုဘယ်ပုံဖြစ်နေသည်အား မြင်သည်နှင့် ခေါင်းလွှဲသွားကာ အခန်းထဲဝင်ချင်စိတ် စိုးစဥ်မျှမရှိသည့်ပုံပေါ်၏။ တံခါးဆီမှ ခြေတစ်လှမ်းဆုတ်ကာ လက်များကိုနောက်ပစ်ပြီး ရပ်စောင့်နေသည်။

ဤအခြင်းအရာတွေကို ကြည့်နေရခြင်းသည် စိတ်အားပင်ပန်းဆင်းရဲစေ၏။ တစ်ဖက်တွင်လည်း ရွှမ်းမင်ကို အိမ်တော်၏ဖုန်းရွှေအနေအထား ပြန်လည်နေရာချရာမှာ အကူအညီပေးစေလိုသည်။ သို့ပေမဲ့ တစ်ဖက်ကလည်း မိသားစုအတွင်းမှ မူမမှန်သောအခြေအနေများကို မြို့ထဲ၌ သတင်းပျံ့သွားမှာ စိုးရိမ်သည်။

အခြေအနေသည် ဘယ်လိုဖြစ်နေပြီလဲဆိုတာ သိသူများအဖို့ အကြံပေးစိတ်အနှောင့်အယှက်မဖြစ်စေရန် လုပ်လက်စများ ရပ်တန့်ကာ အောင့်အီးသည်းခံသွားပေလိမ့်မည်။

သို့သော်ငြားလည်း ဤကိုယ်တော်သည် အရိတ်အမြွတ်ပြသည်ကို သိသောပုံမပေါ်။

မသိရုံတင်မက အကြံပေးကို လှည့်တောင်မကြည့်။

အကြံပေးလျိုတစ်ယောက်တည်းသာ ဒေါသကြောင့် သေတော့မလို ဖြစ်နေရသည်။

အကြံပေးလျိုသည် ဘယ်မှာရပ်နေရပ်နေ ရွှမ်းမင်ဂရုစိုက်သည်မဟုတ်။ အခန်းတွင်းဝင်ဖို့ရန်အတွက် ဘယ်အရာကမှ ရွှမ်းမင်ကို ဟန့်တားနိုင်မည်မဟုတ်။

အကြမ်းထည်မျှသာ ဆင်ယင်ထားသော လျိုချုံအဆောင်သည် အကြံပေးအိမ်တော်၏ အကြီးဆုံးသားအိပ်ဆောင်လို့ ထင်ဖွယ်ရာတောင်မရှိ။ စားပွဲတစ်ခုံ၊ ကုလားထိုင်နှစ်လုံးနှင့် လျိုချုံကိုယ်လုံးနှင့်ယှဥ်လျှင် ပို၍သေးငယ်သော ခုတင်သာရှိပြီး အစေခံ၏အခန်းလို့တောင် ဆို၍ရသည်။

အဆောင်ကိုယ်တိုင်က လက်ဝါးစာလောက်သာရှိနေတာကို စားပွဲနှင့်ကုတင်ကြား အခန်းနှစ်ခုရအောင် ထပ်ခွဲထားတာကြောင့် ပို၍ပင်ပြည့်သိပ်ကျပ်ညပ်နေသည်။

ဘယ်နှနှစ်ကြာအောင် အသုံးပြုခဲ့တဲ့ပစ္စည်းများလို့ ဘယ်သူကသိနိုင်မှာတဲ့လဲ? ပစ္စည်းများသည် မွဲပြာရောင်ပေါက်နေပြီး အဟောင်းဆန်လှကာ အရောင်ရှိသည့် တစ်ခုတည်းသောအရာသည် အဝါရောင်စက္ကူချောင်းများသာဖြစ်၏။

ရွှမ်းမင်တစ်ချောင်းကောက်ယူပြီး ထိပ်မှအောက်ခြေအထိ ကြည့်လိုက်သည်။

ရွှမ်းမင်လက်ချောင်းများကြားတွင် တွဲလဲကျနေသော ရွှဲရှန့်သည် အပေါ်ဘက်မျက်နှာမူနေတာမလို့ စက္ကူချောင်း၏အောက်ခြေကို မြင်နေရသည်။

စာလုံးသုံးလုံးရေးသားထားသည်၊ 'အ..ေ..ဖ'
(TN/တရုတ်လိုအဖေကိုသုံးလုံးပေါင်းပြီးစက္ကူချောင်းမှာဒေါင်လိုက်ရေးထားတာပါ)

ရွှဲရှန့် ; "........."
ဒါကဘာတွေလဲ?

ငေါက်ငမ်းဖို့ပြင်လိုက်ချိန်တွင် တစ်လုံးချင်းစီ အဓိပ္ပာယ်တစ်မျိုးစီနှင့် ဒေါင်လိုက်ရေးထားတာမဟုတ်ပဲ သုံးလုံးပေါင်း၍ အဖေဟုရေးထားတာဖြစ်ကြောင်း နားလည်သွားသည်။ ဤအရူးကိုယ်တိုင် ကပျက်ကချော်နိုင်သောလက်များနှင့် ရေးထားတာဖြစ်နိုင်သည်။ စာလုံးတစ်လုံးနှင့်တစ်လုံးကြား အတော်ဝေးကွာလျက်ရှိသည်။

စက္ကူချောင်းများကို မြင်ပြီးချိန်မှာတော့ သားဖြစ်သူအပေါ် အကြံပေးလျိုဘာကြောင့် စိတ်ကောင်းမထားသလဲ နားလည်စပြုလာသည်။ သေသူများနာမည်ကိုရေးပြီး မီးရှို့ပြာချလေ့ရှိသော စက္ကူချောင်းများပေါ်တွင် အသက်ရှင်နေဆဲသူနာမည် ရေးထားခြင်းသည် ကျိန်ဆဲခြင်းသက်သက်သာဖြစ်၏။ သို့ပေမဲ့လည်း လျိုချုံလိုစိတ်မမှန်သောသူကတော့ အပျော်သတ်သတ်သာ ရေးခဲ့သည်မှာ သိသာလှ၏။

သို့ပေမဲ့လည်း မကြာခင်မှာပဲ ရွှဲရှန့်၏တွေးလက်စများ ပပျောက်ကုန်ပြီဖြစ်သည်။

ရွှမ်းမင်ကောက်လိုက်သမျှ စက္ကူချောင်းအောက်ခြေတိုင်းတွင် တစ်ခုခုကတော့ ရေးသားထားတာရှိသည်။ ကလေးဆန်စွာပင် ရေးသားထားတာကြောင့် အဓိပ္ပာယ်တစ်မျိုးအား အပိုင်းများခွဲထားလျက်ရှိသည်။

ရွှဲရှန့်လည်း ဘာမှလုပ်စရာမရှိ၍ စက္ကူချောင်းများတွင် ရေးထားသည်များကို အဓိပ္ပာယ်ဖော်ရေတွက်နေမိ၏။ စက္ကူချောင်းခုနှစ်ချောင်းတွင် အဖေကနှစ်ခု၊ အမေကသုံးခု၊ အလွတ်နှစ်ခု ပါလာသည်။

ဘယ်လိုဝါသနာမျိုးပါလိမ့်?

ရွှမ်းမင်ကောက်လိုက်သော စက္ကူချောင်းခုနှစ်ချောင်းကိုကြည့်ပြီး ရွှဲရှန့်အံ့သြသင့်မိတာက လျိုချုံသည် ရူးသာရူးနေတယ် ဘယ်လိုအမျိုးအစားခွဲရမလဲတော့ သိနေ၏။ တံခါးနားမှအပုံသည် ဖခင်ဖြစ်သူ အကြံပေးလျိုအတွက်ဖြစ်ပြီး စားပွဲနားမှအပုံသည် မိခင်ဖြစ်သူအတွက်ဖြစ်သည်။ ကြမ်းပြင်တွင် ပြန့်ကျဲနေသည်များကတော့ မရေးရသေးသော စက္ကူချောင်းများ ဖြစ်သည်။

ဒါဆို..အိပ်ရာနားကအပုံကဘယ်သူ့ဟာလဲ?

ရွှဲရှန့်တစ်ယောက်တည်းတင်မက ရွှမ်းမင်လည်းသတိပြုမိပြီး အပြင်ခန်းမှနေ အိပ်ရာရှိရာအတွင်းခန်းသို့ လှမ်းဝင်လိုက်သည်။ အခန်းထဲခြေချလိုက်သည်နှင့် မျက်နှာရှေ့တန်းအပ်သော ယင်ဓာတ်ကြောင့် ရွှဲရှန့်နှာချေမိသွားသည်။

လျိုချုံ ; "........??"

အမူအရာပြောင်းလဲခြင်းမရှိသော ရွှမ်းမင်မျက်နှာကိုကြည့်လိုက် နှာချေသံထွက်လာသော ရွှမ်းမင်လက်ချောင်းများကိုကြည့်လိုက်နှင့် လျိုချုံနားမလည်နိုင်ဖြစ်နေသည်။

သို့သော်ငြားလည်း ရွှမ်းမင်ကောရွှဲရှန့်ပါ လျိုချုံလုပ်နေသည်များကို သတိထားမိရန် အချိန်မရှိကြ။ အခန်းထဲမှထွက်လာသော မကောင်းသောအငွေ့အသက်များသည် ထူထဲလှတာကြောင့် နှစ်ဦးစလုံး အံ့သြသွားကြ၏။ နှစ်ယောက်စလုံး၏အကြည့်တွေသည် အိပ်ရာဘေးတွင်ပုံထားသော စက္ကူချောင်းများဆီသို့ ရောက်ရှိနေ၏။

ရွှမ်းမင်မျက်မှောင်ကျုံ့ရင်း စက္ကူချောင်းတစ်ချောင်းကို စစ်ဆေးလိုသောအနေဖြင့် ကောက်ယူလိုက်သည်။

အောက်ခြေမှာတော့ အဖေလို့ကောအမေလို့ပါ ရေးထားတာမဟုတ်ပဲ မင်အကွက်လိုက်က ရှိနေသည်။ အဖေနှင့်အမေဆိုသော စကားလုံးများထက် ပို၍ရှုပ်ထွေးသည်ကို ရေးထားသည့်ပုံပေါ်ကာ စကားလုံးများသည် တစ်ခုတည်းအနေနှင့် စုပြုံနေ၏။

ရွှမ်းမင်နောက်တစ်ချောင်းကို ထပ်ယူကြည့်ရာ ပထမအတိုင်းပဲ ရေးထားလျက်ရှိသည်။
အောက်ခြေတွင်တော့ လွန်စွာရောထွေးမနေတာကြောင့် လျိုဆိုသောစကားလုံးကို ရွှမ်းမင်သတိထားမိသည်။ အကြံပေးလျိုမိသားစုအကြောင်း အကြမ်းဖျဥ်းသာသိသောရွှမ်းမင်သည် လျိုနှင့်ဆိုင်သောလူသုံးဦးကိုသာ စဥ်းစားမိ၏။ သို့ပေမဲ့ မင်ကွက်အရ လျိုရူဟုရေးထားတာမဟုတ်သလို လျိုချူံနှင့်လျိုကျင်းလည်းမဟုတ်။

အခြားတစ်ခုကောက်ယူရန် ကိုယ်ကိုကုန်းလိုက်ချိန်တွင် အိတ်ကပ်အတွင်းမှ တစ်စုံတစ်ရာက ထွက်ကျလာသည်။

ထိုအရာသည် 'အားယိုး'ဟုအော်ပြီး စက္ကူချောင်းများပေါ်သို့ လိမ့်ကျသွားသည်။ အောက်ခြေနဲ့ထိသည်နှင့် နွားအရေခွံအိတ်လိုပြန့်ကားလာပြီး သက်ရှိလူတစ်ဦးအသွင်သို့ ပြောင်းလဲသွား၏။

ဖြူရော်သောအသားရေနှင့် မျက်ဝတ်အိတ်အောက်တွင် စိမ်းရောင်သန်းနေသော စာသင်သားသည် ကျန်းရှီနင်မှလွဲပြီး အခြားမရှိ။

ရုတ်တရက်စက္ကူကနေ လူသားအဖြစ် ပြောင်းလဲသွားသည်ကို မတွေးတတ်နိုင်တော့ပဲ ဖြစ်နေပုံပေါ်သည်။

"ငါဘယ်လိုလုပ်လိမ့်ကျလာတာလဲ"

ဘယ်ကနေမှန်းမသိ လူတစ်ယောက်ပေါ်လာတာကိုပင် မထိတ်လန့်သော လျိုချုံကြောင့် ရွှဲရှန့်ဆက်ဟန်ဆောင်မနေတော့ပဲ

"ယင်ဓာတ်ကအရမ်းများနေလို့လေ"

ယင်ဓာတ်ကို တစ္ဆေသရဲများသည် အလွန်နှစ်ခြိုက်ကြ၏။ ထို့ကြောင့်ပဲ ယန်ဓာတ်များသောနေ့အချိန်တွင် ကျန်းရှီနင်မလှုပ်ရှားနိုင်ခြင်းဖြစ်သည်။ အခန်းအတွင်းရှိ ယင်ဓာတ်သည် သချိုင်းမြေပုံများတွင်ရှိတတ်သော ပမာဏထက်ပင် ပိုအန္တရာယ်များနေသေးသည်။ အားမထုတ်ရပဲ ရရှိလာသော ကျန်းရှီနင်အတွက်တော့ ကောင်းကျိုးများသာဖြစ်သည်။

သို့ပေမဲ့လည်း ဤမျှများပြားလှသော ယင်ဓာတ်အောက်တွင် လျိုချုံအသက်ရှင်နေနိုင်သည်မှာ ထူးခြားဆန်းပြားလှ၏။

"မင်းကျတော့ဘာလို့လိမ့်ကျမလာတာလဲ?

မယုံကြည်နိုင်ပဲ မေးခွန်းပြန်လာသော ကျန်းရှီနင်ကို

"ငါမှမသေသေးတာ..နင်နဲ့တတန်းစားတည်းမဟုတ်ဘူး..လူအိုရဲ့"

"အဲ့တာဆိုလည်းဘာလို့စက္ကူအပိုင်းအစမှာလိုက်တွယ်ကပ်နေသေးတာလဲ"

ကျန်းရှီနင်ကတော့ ရွှဲဟုဆိုသောသူသည် ရူးနေတယ်လို့ပဲထင်၏။ တစ္ဆေမဟုတ်လျှင် ခန္ဓာကိုယ်ရှိရမည်။ ခန္ဓာကိုယ်ရှိရဲ့သားနဲ့ ဝိညာဥ်ခွာပြီး ဘာလို့စက္ကူမှာကပ်နေတာလဲ?ရူးနေတာမဟုတ်ရင်ဘာများဖြစ်နိုင်ဦးမှာလဲ?

ရွှမ်းမင်လက်ထဲတွင် တွဲလဲခိုနေဆဲဖြစ်သော ရွှဲရှန့်သည်

"ဘာတွေဂရုစိုက်နေတာလဲ?စကားပြောပြီးအချိန်ဖြုန်းမဲ့အစားထကြည့်ပါဦး"

စိတ်ဆင်းရဲစရာကောင်းသော စာသင်သားသည် လူအဖြစ်ပြောင်းသွားပြီဖြစ်တာကြောင့် သစ်သားချောင်းမျှ ပိန်သောသူဖြစ်ပေမဲ့လည်း စက္ကူချောင်းများ ခံနိုင်ရည်ရှိသည်အထိတော့ ပေါ့ပါးမနေ။ စက္ကူချောင်းများအပေါ်သို့ ကျန်းရှီနင်လိမ့်ကျသွားသည်ဖြစ်၍ တစ်ဝက်မျှပိပြားကုန်ပြီဖြစ်၏။ ရွှေတောင်ကြီးသည် မြေပြင်ထက် ပြားပြားဝပ်ခဲ့လေပြီ။

ဘေးဘီဝဲယာကိုကြည့်ရင်း စက္ကူချောင်းပုံအပေါ် ထိုင်နေမိသည်အား သဘောပေါက်သွားကာ အမြန်ပင်ထခုန်တော့သည်။ လျိုချုံရှိရာသို့လည်း တောင်းပန်သည့်အနေနှင့် လက်နှစ်ဖက်စုကာ

"တောင်းပန်ပါတယ်..တောင်းပန်ပါတယ်"

ဘေးနားတွင်ရပ်ကာ တွေဝေမိန်းမောစွာကြည့်နေသော လျိုချုံလည်း အသိပြန်ဝင်လာပြီး ကြမ်းပြင်တွင် ပြားချပ်နေသော စက္ကူချောင်းများကြောင့်

"အား....!"

ကျန်းရှီနင်ကို ဘေးသို့တွန်းပစ်ကာ ဒူးထောက်လျက် ပြားသွားသောစက္ကူချောင်းများကို အသေအချာ ပြန်ခေါက်နေတော့သည်။

အရူးကောင်၏ခွန်အားသည် သာမန်သူများထက် ပိုများတာကြောင့် တစ်ချက်ကလေးတွန်းတာကိုပင် ကျန်းရှီနင်ခန္ဓာကိုယ်သည် ခံနိုင်ရည်မရှိ။ ဘေးသို့လိမ့်သွားပြီး အနားတွင်ရှိသော သစ်သားဗီဒိုနှင့် တိုက်မိသွားသည်။

သစ်သားဗီဒိုလည်း လက်မအနည်းငယ်ခန့်ရွေ့သွားပြီး နံရံနှင့် ဘန်းကနဲမြည်အောင် တိုက်မိသည်။

လဲကျရာမှ ဘိုသီဘတ်သီဖြစ်နေသော ကျန်းရှီနင်သည် တောင်းပန်သည့်အနေနှင့် စက္ကူချောင်းများ ကူခေါက်ပေးဖို့ရာ ထရပ်လိုတာကြောင့် ကြမ်းပြင်ကိုထောက်ကာ အားပြုလိုက်သည်။ သို့ပေမဲ့ ရုတ်ချင်းပင် ဖိထောက်ထားသောလက်တွေကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

နာကျင်သည့်ပုံနှင့် ရှုံမဲ့နေပြီး လက်ဖဝါးတွင် အပေါက်တစ်ခု ပါလာသည်။ သွေးတော့မရှိ။

စက္ကူနှင့်လုပ်သော ခန္ဓာကိုယ်သည် ဤအတိုင်းပင်ဖြစ်သည်။ တစ္ဆေများသည် လူကဲ့သို့ လမ်းပေါ်တွင်လျှောက်နိုင်ပြီး ပစ္စည်းများကို ကိုင်တွယ်နိုင်ပေမဲ့ ထိခိုက်ဒဏ်ရာရဖို့လည်း လွယ်ကူသည်။

"ဗီဒိုအောက်ကကြမ်းခင်းမှာဘာလို့သံတွေရှိနေတာလဲ?"

ကျန်းရှီနင်ညည်းတွားရင်း ရွှဲရှန့်ရှိရာဘက်ကြည့်ကာ

"နောက်တစ်ခါ..တကယ်လို့နောက်တစ်ခါများရှိလာရင်စက္ကူအစားသားရေနဲ့လုပ်ပေးလို့မရဘူးလား"

"လူအရေခွံနဲ့လုပ်ပေးရင်ရော"

ကျန်းရှီနင် ; ".............."

ရွှမ်းမင်မျက်နှာသည် မပြောင်းလဲပဲရှိနေဆဲဖြစ်ပေမဲ့ လက်ချောင်းများကတော့ ဖွင့်လိုက်တိုင်း မဟုတ်တရုတ်တွေသာပြောနေသော ရွှဲရှန့်ပါးစပ်ရှိရာတည့်တည့်ကို ဖိကိုင်ထားလိုက်သည်။

ရွှဲရှန့် ; ".............."

"အာ..ထူးဆန်းလိုက်တာ..စာရွက်တစ်ရွက်ကိုသံနဲ့ရိုက်ထားတယ်"

ကျန်းရှီနင်ထပြီး လက်ပေါက်ခဲ့ရာကြမ်းပြင်ကို ကြည့်လိုက်ချိန်တွင် မူမမှန်သောတစ်စုံတစ်ရာကို သတိထားမိသွားသည်။

ရွှမ်းမင်လည်း မျက်မှောင်ကျုံ့သွားပြီး ဝတ်ရုံအတန်ငယ်သိမ်းကာ ကိုယ်ကိုကိုင်းလိုက်သည်။

ဗီဒိုဘေးသို့ရောက်သွားပြီးနောက် ပေါ်လာသောနေရာလွတ်၌ အစွန်းတစ်ခုက ချွန်ထွက်လျက်ရှိသည်။ ရွှမ်းမင်သည် ဝတ်ရုံအစွန်းစဖြဲ၍ ပါလာသောပိတ်စဖြူနှင့် ချွန်ထွက်နေသောအစွန်းကို ဖိပွတ်လိုက်၏။ အညစ်အကြေးများ ကင်းသွားချိန်တွင် ချွန်ထက်နေသောအပိုင်းသည် တဖြည်းဖြည်း ပုံပေါ်လာတော့သည်။

အညိုရောင်ဖြစ်ရာ ဘေးဘက်တွင် ဒေါင်လိုက်အမြောင်းသုံးချောင်းပါသည့် ကြေးနီချောင်းတစ်ချောင်း ဖြစ်နေသည်။ ရွှံ့များနှင့်ဖုံးအုပ်ထားသည်ဖြစ်၍ ဤနေရာတွင်ရှိနေသည်မှာ သုံးနှစ်မကလောက်ဘူးထင်ရပေမဲ့ သံချေးတက်သော လက္ခဏာတော့ရှိမနေ။ တောက်ပြောင်လျက်ရှိဆဲဖြစ်ရာ သာမန်သံချောင်းမဟုတ်သည်မှာ သိသာလှသည်။

ပိုအရေးကြီးသည်က ညစ်ပတ်ပေရေနေသော စက္ကူချပ်ကို ကပ်ရိုက်ထားခြင်းဖြစ်၏။

ရွှမ်းမင်မျက်လုံးအိမ်များ ကျဥ်းသွားသည်။ ပိတ်စအဖြူနှင့်ပဲ ပေရေနေသောဖုန်ထုကို ဖယ်ရှားလိုက်သည်။ အဝါရောင်စာရွက်တစ်ရွက်ဖြစ်ပြီး ရှုပ်ထွေးသောပုံများကို အနီရောင်ဆေးဖြင့် ရေးဆွဲထားသည်။

စာရွက်တွင်ပါရှိသည်များကို နားမလည်လျှင်တောင် ဤသည်မှာဘာမှန်း လူတိုင်းသိသည်။ အချိန်တစ်ခုအထိ ငြိမ်နေသော ကျန်းရှီနင်သည် မြေကြီးထပ်ပေါ်လာရန် ဗီဒိုကိုဘေးသို့ ထပ်တွန်းလိုက်၏။

ဗီဒိုအောက်ခြေတွင် ဖုံးလျက်ရှိသော မြေကြီးတွင်တော့ အနောက်တောင်၊ အရှေ့မြောက်နှင့် အနောက်မြောက်အသီးသီးကို ညွှန်ပြနေသော အဝါရောင်စာရွက်သုံးရွက်ကို ကပ်ရိုက်ထားသည့် ကြေးနီချောင်းစုစုပေါင်း သုံးချောင်းရှိနေသည်။

"ဒါက..ဒီအင်းစာရွက်တွေကဘာအတွက်များလဲ?အသက်ရှည်ဖို့လား?ကျန်းမာဖို့လား?"

ကျန်းရှီနင်လည်း အင်းစာရွက်များသည် ထူးဆန်းလှတာကြောင့် ကြောင်တောင်တောင်နှင့် ကြည့်နေမိရင်း တစ်ကိုယ်လုံး နွေးထွေးလာတော့သည်။ တစ္ဆေဖြစ်လာခဲ့စဥ်ကတည်းက နွေးထွေးမှုဆိုသည်အား တစ်ခါမှမခံစားဖူးခဲ့။ အေးစက်သောနေရာ၌သာ ကျင်လည်ခဲ့ရတာမလို့ နေသားလည်းကျနေပြီဖြစ်သည်။ ရုတ်တရက်နွေးထွေးလာမှုသည် စိတ်မသက်မသာဖြစ်စေ၏။ ထို့ကြောင့်ပဲ ကြောက်လန့်ပြီး ဘေးသို့တွန့်ဆုတ်တွန့်ဆုတ်နှင့် ခြေနှစ်လှမ်းဆုတ်သွားသည်။

ကျန်းရှီနင်ကိုဆိုလျှင် အမြဲတမ်းစချင်နောက်ချင်နေသောရွှဲရှန့်သည် ပါးစပ်ကိုဖိကိုင်ထားသောလက်ကြောင့် စကားဆိုမရဖြစ်နေ၏။ ထို့ကြောင့်ကျန်းရှီနင်လည်း အမေးစကားကို အချိန်အတော်ကြာသည်အထိ မည်သူမှအဖြေမဆိုလာတဲ့အတွက် ရှက်ကိုးရှက်ကန်းဖြစ်လာသည်။

အင်းစာရွက်သုံးခုတွင် ပါဝင်သည်များကို ဖတ်ပြီးသွားသော ရွှမ်းမင်သည် သာမန်မျှသာသော စကားဆိုလာသည်။

"ဖုန်းရွှေအစီအရင်"

ရွှဲရှန့် ; ".........."
ဪ။

အခန်းအတွင်းရှိ အဆက်မပြတ်သော လှုပ်ရှားမှုများသည် အပြင်တွင်ရပ်စောင့်နေသော အကြံပေးလျိုကို စိတ်မရှည်ဖြစ်စေ၏။ တံခါး၌ရပ်စောင့်နေရသည်မှာ ကြာပြီဖြစ်၍ အနားလျှောက်သွားကာ

"ကိုယ်တော်..တစ်ယောက်ယောက်ကတစ်ခုခုနဲ့ဝင်တိုက်မိသွားတာလား?ဦးနှောက်မရှိတဲ့ကျွန်တော့်သားပြဿနာရှာနေတာလား?"

ဤအခန်းကို အတော်ပင် မုန်းတီးနေပုံရသည်။ ဘာကြောင့်ပဲဖြစ်ဖြစ် အခန်းထဲမဝင်ဘူးတေးထားပြီး အပြင်ကသာ ရပ်ကြည့်နေသည်။ တံခါးနားမှာရပ်ရင်းပင် စက္ကူချောင်းများကို အလွန်တရာရွံရှာသော အကြည့်နှင့်လည်း ကြည့်နေသေးသည်။

ရွှမ်းမင်သည် အသံကြားသောအခါ အပြင်ခန်းတံခါးထစ်ကိုကျော်၍ ထွက်ရပ်လိုက်၏။ ပြီးနောက် အကြံပေးလျိုအား စကားဆိုလာသည်။

"အနောက်မြောက်အရပ်မှာဘယ်သူနေတာလဲ"

တွေဝေစွာဖြင့် အနောက်မြောက်ထောင့်ကို ကြည့်ပြီး

"ကျွန်တော်မျိုးပါ"

ရွှမ်းမင်တစ်ချက်ကြည့်ပြီး နောက်ထပ်စကားဆိုလာသည်။

"အရှေ့မြောက်အရပ်"

"ဟမ်?အရှေ့မြောက်ဘက်မှာလား?ကျွန်တော်မျိုးရဲ့သားလျိုကျင်းကအရှေ့မြောက်ဘက်ကအခန်းမှာနေတာ..ဒီနေ့မနက်ရေတွင်းထဲပြုတ်ကျသွားတဲ့သားအငယ်ပါ...ကိုယ်တော်ဘာလို့မေးတာလဲ?အဲ့နှစ်ခန်းမှာတစ်ခုခုများမှားယွင်းနေလို့လား"

ရွှမ်းမင်ချက်ချင်းမဖြေ စကားမဆိုခင် တအောင့်မျှခြားပြီး

"ပင်လယ်အတွင်းမြစ်စီးဆင်းခြင်းဆိုတဲ့အစီအရင်ကိုကြားဖူးလား"

မျက်နှာကိုကြည့်လျှင် ပျော်ရွှင်နေသလား ဒေါသဖြစ်နေသလား ဘယ်သူမှမခန့်မှန်းနိုင်။ အမြဲတစေအေးစက်ပြီး ခံစားချက်မရှိသော အမူအရာသာပြသည်။ မသိလျှင် သာမန်မျှသာဖြစ်သော ထမင်းစားမလား ရေသောက်မလား မေးနေသည်နှင့်တောင်တူသည်။ သို့သော်ငြားလည်း အကြံပေး၏မျက်နှာကတော့ ဖြူဆုတ်လာသည်။

စောင့်ရလွန်း၍ တောင့်တင်းနေပြီဖြစ်သော လည်တိုင်သည် အတွင်းသို့ငင်လာပြီး အကြည့်သည်လည်း ဗီဒိုရှိရာသို့ ရောက်ရှိသွား၏။ နဂိုနေရာမှ ရွေ့သွားပြီဖြစ်သောဗီဒိုကို တွေ့သွားသောအခါ မျက်နှာသည် ပို၍ပင်ဖြူဆုတ်လာတော့သည်။

"အဲ့..အဲ့တာက..အမှန်တိုင်းပြောရရင်..ဒီနှစ်နှစ်တာမှာကျွန်တော်မျိုးခန္ဓာကိုယ်ကမကျန်းမာခဲ့ဘူး..အဲ့..အဲ့တာမလို့"

အကြံပေးလျိုထစ်ငေါ့စွာစကားဆိုနေတုန်း ကျန်းရှီနင်သည် နဂိုနေရာမှရွေ့နှင့်ပြီးပြီ။ အကြံပေးလျိုမေးလာကတည်းက မမြင်တွေ့သွားအောင် ကျန်းရှီနင်နောက်နှစ်လှမ်းဆုတ်နေခဲ့သည်။ ထို့သို့လုပ်ရခြင်း၏ အကြောင်းရင်းနှစ်ချက်ရှိသည်။ ပထမတစ်ချက်မှာ မြင်လျှင်မှတ်မိနိုင်သော သေပြီးသားသူသည် မျက်စိရှေ့ပေါ်လာလျှင် ပြဿနာတွေသာ တိုးသွားလိမ့်မည်။ ဒုတိယတစ်ချက်မှာ အကြံပေးလျိုကို တွေ့လိုက်ချိန်တွင် ငယ်ထိပ်တိုင်အောင် ထိုးတတ်လာသော ဒေါသများကြောင့်ဖြစ်သည်။ မိဘများအသက်ရှင်စဥ်က ခံစားခဲ့ရသော ဒုက္ခတရားများကို တွေးမိချိန်တွင်တော့ မတက်သာပဲ အံတင်းတင်းကျိတ်ထားမိသည်။

မိဘများဆုံးပါးသွားသောနေ့က ဖြစ်ရပ်များကို စဥ်းစားမိချိန်တွင်ကျန်းရှီနင်အံတင်းတင်းကြိတ်ထားမိ၏။

အခန်းတွင်းတွင် ကျန်းရှီနင်သည် ဒေါသများမြိုချနေခိုက် စက္ကူချောင်းတွေနှင့်အလုပ်များနေသော လျိုချုံသည် အင်းစာရွက်များကို မြင်တွေ့သွားတော့သည်။

စိတ်မမှန်သူ၏အာရုံသည် အလွယ်ပင်ပျံ့ကျဲတတ်၏။ အဝါရောင်အင်းစာရွက်များကိုငေးရင်း လက်တွင်းမှ စက္ကူချောင်းများကို ဘေးချပြီးနောက် အင်းစာရွက်များရှိရာသို့ နှစ်လှမ်းရွှေ့လာကာ အရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။

ကလေးများသည် အသစ်တစ်စုံတစ်ရာတွေ့လျှင် ညစ်ပတ်နေလား သန့်ရှင်းနေလား ဂရုမစိုက် အန္တရာယ်ရှိလား ဘေးကင်းရဲ့လားလည်း စိတ်မဝင်စား လက်နဲ့ကိုင်ကြည့်တတ်ကြ၏။ လျိုချုံသည် မရေရာသော အသက်အရွယ်အပိုင်းအခြား၌ ပိတ်မိနေဆဲဖြစ်၏။ ကြေးနီချောင်းသုံးချောင်းကို ငေးကြည့်နေရင်း ထိပ်ဖျားဆီသို့ လက်လှမ်းလိုက်တော့သည်။

ကြေးနီချောင်း၏ထိပ်သည် ယခုလတ်တလောမှ ချွန်အောင်လုပ်ထားသည်ဟု ထင်ရလောက်အောင် ချွန်ထက်နနေ၏။ မှုတ်ထုတ်လိုက်သောလေကြောင့် လွင့်ပါလာသောဆံစကိုတောင် ပြတ်အောင်ဖြတ်နိုင်သော သံချောင်းသည် အသားဆိုရင်တော့ မဆိုထားနှင့်။

ထိမိသည်နှင့် အရူးအရေပြားကို ထိုးခွဲသွား၏။

"အာ..မထိနဲ့"

ကျန်းရှီနင်တားချိန်သည် နောက်ကျသွားနှင့်ပြီ။

သွေးစက်သည် ကြေးနီချောင်းတစ်လျှောက်လိမ့်ဆင်းပြီး အဝါရောင်စက္ကူအတွင်း စိမ့်ဝင်သွား၏။

ကျန်းရှီနင်အော်သံကြောင့် လျိုချုံခေါင်းမော့ကြည့်လာပြီး နားဝေတိမ်တောင်ဖြစ်နေတော့သည်။

ဤအချိန်တွင် တစ်ခန်းလုံးကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်သွားတာကြောင့် နံရံကိုဆန်ကာ တိုက်ခတ်နေသော လေအေးသည် ရုတ်တရက်ရပ်တန့်သွားပြီလို့တောင် ကျန်းရှီနင်ထင်မိသည်။

ဦးတည်ချက်မရှိ လှည့်လည်သွားလာနေတတ်သောတစ္ဆေသည် သာမန်လူသားများထက်ပိုပြီး နားပါး၏။ အနီးအနားတွင် အသက်ရူသံပင်မရှိတော့သလို ခံစားနေရပြီး အခန်းကလည်း ထူးဆန်းလှစွာ ငြိမ်သက်နေ၏။

တံခါးဘေးတွင်ရပ်ကာ အကြံပေးနှင့်စကားပြောနေသော ရွှမ်းမင်သည် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်၏။

လေငြိမ်နေသည်ဖြစ်၍ တိမ်များရှိနေ၏။

လျိုအိမ်တော်သည် တိတ်ဆိတ်မှု၏လွှမ်းမိုးခြင်းကို ခံထားရ၏။

တိတ်ဆိတ်ငြိမ်သက်မှုသည် များစွာတော့မကြာလိုက်။ မျက်တောင်ခတ်တမျှသာကြာပြီး အော်သံလိုက်ပါလာသောလေသည် တဖန်ပြန်လည်တိုက်ခတ်လာ၏။ ဤတစ်ကြိမ်မှာတော့ လေသည် နာကျင်၍အော်ညည်းနေသံနှင့် ဆင်တူလှ၏။ မတိုင်မီတိုက်ခတ်ခဲ့သည်များနှင့် ခြားနားလှစွာ ခါးသီးခြင်းအမုန်းတရားတွေက ကပ်ပါလာသည်။

အရှေ့အနောက်တောင်မြောက် လှန်ပြန်တိုက်ခတ်နေပြီး အော်ညည်းသံများကလည်း တစ်ဆတစ်ဆနှင့် ဆူညံလာသည်။ အရပ်လေးမျက်နှာရှိ တစ္ဆေသရဲများ ငိုကြွေးနေကြသံနှင့်တူသောအသံသည် ကြားရသူအပေါင်း ခေါင်းမွှေးများ ထောင်စေနိုင်သည်။

တမူထူးစွာ အော်ညည်းသံကပ်ပါလာသောလေများ တိုက်ခတ်နေသည့်ကြားတွင် တစ်စုံတစ်ရာမှ ဒေါင်ကနဲမြည်သံ ထွက်ပေါ်လာ၏။ သံထည်နှစ်ခုတိုက်မိရာမှ ထွက်ပေါ်လာသောအသံနှင့် ဆင်ပေမဲ့လည်း သိပ်မနီးစပ်လှ။

ရွှမ်းမင်လက်ချောင်းကြားတွင် ငိုက်စိုက်ကျနေသောရွှဲရှန့်သည် ရုတ်ချင်းဆိုသလို တောင့်တင်းသွား၏။ အခြားသူများကတော့ ထိုအသံအား ခွဲခြားမသိနိုင်ပေမဲ့ ရွှဲရှန့်ကတော့ အလွန့်အလွန်ကိုသိသည်။

အဘယ်ကြောင့်ဆိုသော် ရှာနေခဲ့သောအရာ၏အသံနှင့် တူနေခြင်းကြောင့်သာ။

အရှေ့မြောက်အရပ်မှာ!

ခက်ခက်ခဲခဲဖြင့် အရှေ့မြောက်အရပ်သို့ ရွှဲရှန့်ခေါင်းလှည့်လိုက်သည်။

အရှေ့မြောက်ဘက်အခန်းမှာဘယ်သူနေတာလဲလို့အခုလေးတင်ကတုံးမေးလိုက်တာမလား?

ရွှဲရှန့်ပြန်လည်စဥ်းစားနေတုံးမှာပဲ အော်ညည်းနေသောလေထုထဲတွင် လိုက်ပါလာသော ထူးဆန်းသည့်အသံသည် ပို၍ပင်ကျယ်လောင်လာ၏။ စက္ကန့်ဝက်မျှအချိန်အတွင်းမှာ အားလုံးလည်း နောက်စေ့ကိုတုတ်နဲ့ရိုက်ခံရသလို ခံစားလိုက်ရသည်။ နားထက်လည်းဒူကနဲမြည်သွား၏။ မဆိုင်းမတွပဲ အမြင်အာရုံများ မည်းမှောင်သွားပြီး သတိလစ်သွားကြတော့သည်။

•••••••

Copper Coins《铜钱龛世》Where stories live. Discover now