True Love 💭❤ အပိုင်း - ၁၀
(Unicode)နွေးထွေးလိုက်လေခြင်း။ တစ်ခါမှယခုလို စိတ်ဖြောင့်ဖြောင့်နှင့်အိပ်ခွင့်မရသည့်ရွှေကူမှာ မေမေကြီးရဲ့ပေါင်ပေါ်မှာမို့ပို၍ စိတ်လုံခြုံစွာ အိပ်ပျော်ခဲ့ခြင်းဖြစ်မည်။ ငယ်ငယ်လေးထဲကတောင့်တခဲ့ရသည့်မိခင်ရဲ့နွေးထွေးမှု ချစ်ခင်မှုတွေကဒီလိုမျိုးများလားဟုလဲ တွေးဆခဲ့ပါသည်။ လုံခြုံလိုက်သည့်အဖြစ်ကို ရွှေကူသဘောတွေကျရ၍ နိုးနေသည်တောင်မထချင်ဖြစ်နေရသည်။ ဆက်အိပ်မည်ဟုကြံကာ ဖိထားသည့်ဆံနွယ်လေးတွေကိုနေရာလေးပြင်ကာ ပြန်အိပ်လိုက်သည်။
"ကောင်မလေးဆက်အိပ်မလို့လား"
မျက်လုံးကမဖွင့် ခေါင်းငြိမ့်ပြလေသည်။ ဒီကောင်မလေးကိုယ့်ပေါင်ပေါ်မှာအိပ်နေတယ်ဆိုတာ အခုထိမသိသေးတာလားဗျာ။
အိပ်တစ်တဝက်နိုးတစ်ဝက်မို့ အကိုလေးအသံကိုအိမ်မက်ထဲမှာများလား အပြင်မှာများလားဟု ဝေခွဲရခက်စွာရွှေကူမှေးရင်းတွေးနေမိသည်။ တွေးနေရင်းကလဲ မေမေကြီးရဲ့ပေါင်ကိုလိုက်စမ်းမိလိုက်သေးသည်။
"ဟေ့ အိပ်မှာဆိုလဲအသာအိပ်လေ ဘယ်နှယ့်လိုက်စမ်းနေတာလဲကွ"
ပေါင်ကိုလိုက်စမ်းနေသည်မို့ ယားနေရသည်မို့ကွန့်မြူးလက်ခလေးကို ဖမ်းဆုတ်၍ပြောလိုက်တော့ အားယူ၍ကြည့်လာသည့်မျက်လုံးလေးနှင့်အကြည့်စုံသွားလေတော့သည်။ မျက်မှန်မတပ်ထားရင် မင်းလေးမျက်ဝန်းကြောင့် ကိုယ့်စိတ်တွေက ကပြောင်းကပြန်တွေဖြစ်ဖြစ်နေရတာကို မင်းလေးသိရင်မျက်မှန်ပဲအမြဲတပ်ထားလောက်မလား ကောင်မလေးရယ်။
"အကိုလေးလား "
"ဒီအိမ်မှာမာမီ့အပြင်ဘယ်သူရှိသေးလို့လဲ ဟွန်.."
"အား.."
ရွှေကူအကိုလေးမှန်းသိ၍ ကုန်းထလိုက်တော့ ငုံ့နေသည့်အကိုလေးနဖူးနှင့်တိုက်မိလေတော့သည်။ အကိုလေးကတော့မသိရွှေကူတော့ အတော်နာသွားရသည်ကြောင့် ကြယ်တွေလတွေပါမြင်လာရကာ မျက်မှန်တောင်အရင်မရှာနိုင် ခေါင်းကိုအရင်ပွတ်နေရသည်။
"အကိုလေးနာသွားလား"
"နာတာပေါ့ကွ ကျွတ်..."