Part 💭 16 (U&Z)

11.5K 307 9
                                    

True love 💭❤ အပိုင် - ၁၆
(Unicode)

မမလေးကရွှေကူနှင့်ခန္ဓာကိုယ်အတိမ်းမယိမ်းမို့ မမလေးဝယ်ပြီးမကြိုက်သည့်အင်းကျီဖြစ်စေ သုံးလေးခေါက်ဝတ်ပြီးမဝတ်တော့သည့်အင်းကျီတို့ဖြစ်စေ ရွှေကူအမြဲရ၍ ရွှေကူအတွက်ဝယ်စရာမလိုလောက်အောင် အင်းကျီတွေများပြားစွာတည်ရှိလေသည်။ အင်းကျီတွေကများပေမယ့်ရွှေကူ့ကိုယ်ပိုင်အင်းကျီတွေရယ်လို့ ရွှေကူတစ်ခါမှမခံစားမိပေ။ ဝယ်ဝတ်ရမှာလဲနှမြောတာကိုး။ ရှိပါလျှက်နှင့်ထပ်ဝယ်လျှင်အပိုကုန်ပြီး ဒေါ်လေးဆီပိုက်ဆံပြန်ပို့လျှင်နည်းမည်ဆိုး၍ ရွှေကူအင်းကျီဝယ်ဖို့ပိုက်ဆံမသုံးခဲ့ပေ။

ယခုလဲဘုရားသွားမည်ဖြစ်၍ မမလေးချုပ်တုန်းကပုံကရိုးလွန်းသည်ကြောင့်မဝတ်ချင်ဘူးဆို၍ ရွှေကူ့ကိုပေးထားသည့် ပန်းရောင်ဖျော့ဖျော့ချိတ်ထမိန်အင်းကျီလေးကို ရွှေကူထုတ်လိုက်တော့သည်။ ပန်းပွင့်လေးလိုလှလွန်းသည့်အင်းကျီလေးက ဝတ်ရက်စရာမရှိလှလွန်းနေသည်။ အင်းကျီလေးမြင်တော့ ရွှေကူအားတတ်သွားရတော့သည်မို့ အလှပြင်ရန်မှန်တင်ခုံရှေ့ထိုင်လိုက်တော့သည်။

မျက်နှာကိုမခြယ်လှယ်တတ်သည့်ရွှေကူ သနပ်ခါးလေးကိုမှုံမှုံလေးလူး၍ ပါးကွက်ပါးပါးလေးကွက်လိုက်သည်။ ဆံပင်လေးတွေကိုညကလိမ်ကာစီးပြီး အိပ်လိုက်သည်ကြောင့် အဖျားလေးတွေကအခွေအခေါက်လေးတွေဖြစ်နေကာ ပုံသွင်းထားသလိုလေးဖြစ်နေလေသည်။ သနပ်ခါးလေးခြောက်တော့အင်းကျီလေးလဲဝတ်ကာ ဆံပင်အပေါ်လွှာ​လေးကို​သေသပ်စွာစည်း၍ ဖဲပွင့်ပန်းရောင်ကလစ်ကလေးနောက်မှအယောင်ပြလေးတွယ်ပန်လိုက်တော့သည်။

ရွှေကူကိုယ့်ရဲ့ပုံစံလေးကိုမှန်ထဲတွင်ကြည့်၍ သဘောတွေကျနေရသည်။ ဒီလိုလေးကျတော့လဲ ရွှေကူကချစ်စရာလေးဖြစ်နေလေသည်။ မျက်မှန်လေးမတပ်လျှင်ပိုချစ်စရာကောင်းပေမယ့် ရွှေကူမျက်မှန်ကတပ်ရပေအုံးမည်။ သို့ပေမယ့်လဲအကိုလေးဝယ်ပေးထားသည့်မျက်မှန်လေးတွေထဲမှ ရွှေရောင်ဂိုင်းလေးနှင့် အလှမျက်မှန်လေးလိုဖြစ်နေသည့်မျက်မှန်လေးကို ရွေးကာရွှေကူတပ်လိုက်ပြီးအိမ်အောက်သို့ဆင်းခဲ့လိုက်တော့သည်။ အကိုလေးကဝရံတာတွင် စာဖတ်ရင်း Coffee သောက်နေသည်မို့ရွှေကူလဲနှုတ်မဆက်တော့ပဲ မေမေကြီးရှိလာသို့လာခဲ့လိုက်တော့သည်။

True Love 💭 (Completed)Where stories live. Discover now