True love 💭❤ အပိုင်း - 39
(Unicode)အိမ်၏ တံခါးမကြီးဖွင့်လိုက်သည့်အခါ လေတစ်ချက်တိုးဝေ့သွားသလို အမှောင်ကျနေသည့်အိမ်ကြီးကလဲ ညနေခင်းအလင်းလေးကြောင့် လင်း၍လာလေ၏။ အိမ်ကြီးက သားနားနေလေပြီး လူမနေသည်ကြောင့်ကြည့်ရတာတစ်မျိုးဖြစ်နေသည်။ စိတ်ထဲစိမ်းနေသည့်ခံစားချက်နှင့်အတူ အကိုလေးနောက်မှရွှေကူလိုက်သွားလိုက်တော့ ဆိုဖာပေါ်ထိုင်ခိုင်းလာသည့်အကိုလေးက အပြင်ပြန်ထွက်သွားကာ အထုတ်တွေသွားယူလေတော့သည်။
"ဘာလို့လိုက်လာတာလဲကွ အထဲမှာထိုင်နေတာမဟုတ်ဘူး"
ကွန့်မြူးစကားကို ပြုံးပြကာပြန်မဖြေပဲ အထုတ်လေးဆွဲယူနေသည့်ကြောင့် ကောင်မလေးလက်ထဲမှအထုတ်လေးကို ပြန်၍ဆွဲယူလိုက်သည်။
အကိုလေးကတစ်ယောက်ထဲ သိမ်းကျုံးမကာ အိမ်ထဲဝင်သွားသည့်အခါရွှေကူနောက်မှ လက်ဗလာလေးနှင့်လိုက်ခဲ့ရပြန်တော့သည်။
"အကိုလေး အိမ်ကလူမနေတာကြာပြီဆိုပြောတော့ "
"အင်းလေ"
"သန့်ရှင်းနေတာပဲလေ ရွှေကူဖုန်လေးတစ်စတောင်မတွေ့ဘူးနော်အခု"
ဘေးပတ်ပတ်လည်ကြည့်ကာ ပြောလာသည့်ကောင်မလေးကို ခေါင်းလေးတစ်ချက်ပုတ်လိုက်သည့်အခါ မျက်လုံးဝိုင်းလေးက ကွန့်မြူးဆီအကြည့်ရောက်လာတော့သည်။
"ကိုယ်သန့်ရှင်းခိုင်းထားတာလေ တစ်အိမ်လုံးအားလုံးပြင်ဆင်ပြီးသား ကြည့်လိုက် မီးဖိုခန်းရောအကုန်အဆင်သင့်ပဲ "
ခန္ဓာကိုယ်ပေါ်ကပ်ကျနေသည့် ဂါဝန်နီညိုရောင်လေးနှင့် သေးသေးသွယ်သွယ်ကောင်မလေးက မီးဖို့ထဲ မပြေးရုံတမယ်လေးလှမ်းသွားသည့်အခါ ကွန့်မြူးသဘောတွေကျသွားရတော့သည်။
"ဟီး ဟုတ်နေတာပဲ ရွှေကူဒယ်အိုးတွေမယူခဲ့ရလို့စိတ်မကောင်းဖြစ်နေတာ အခုတော့အဆင်ပြေသွားပြီပေါ့"
"ဟားဟား ခင်များလေးကတော့လေ"
ရွှေကူ့အနားသို့တိုးလာသည့်အကိုလေးလက်မောင်းကို ရွှေကူချိတ်၍တွဲလိုက်တော့ သဘောတွေကျနေသည့်အကိုလေးက ပြုံး၍နေလေတော့သည်။ သိသာလှပါသည်။ ဘာလို့ဆိုရွှေကူအနားရှိနေသည့်အချိန်တို့တွင် အတောက်ပဆုံးပြုံးနေတတ်သည့်အကိုလေးက ယခုမှာလဲ အလှဆုံးအပြုံးလေးနှင့်ရွှေကူ့ကို ကြည့်နေလေတော့သည်။