"ပုဆိုးရွှေရောင်ပါလားလို့ကိုခွန်း"
"ဟေ အေးမပါဘူးထင်တယ်ကွ"
"ဟားဗျာ.. ဘာလို့မထည့်ခဲ့တာတုန်းဗျ"
"ဟ ငါ့ဘာသာမဝတ်ချင်လို့မထည့်တာပေါ့ကွ "
ဒီကောင်ဘာရူးတာလဲမသိဘူးဟုတွေး၍ ခွန်းဘောက်ဆက်ဆက်ဖြေရင်းခေါင်းတွေခါနေမိတော့သည်။
"ကိုသတို့သားဆီမှာရော ရွှေရောင်ပုဆိုးရှိလား"
"မရှိဘူးကွ ပုဆိုးကဒါနဲ့မှသုံးထည်ပဲရှိတာအကို့ဆီမှာလဲ"
ကွန့်မြူးစိတ်ပျက်သွားရတော့သည်။ သို့ပေမယ့်အားမလျှော့လူစေ့မေးရန်အားခဲ၍ အဝတ်လဲနေကြသည့်အကိုတွေဆီမြှားဦးလှည့်လိုက်တော့သည်။
"အကိုဆီမှာကရှိတော့ရှိတယ်ကွ"
"ဟုတ်လားကိုဇေလင်းရာလုပ်ပါအုံးဗျ"
"ဒါပေမယ့်အကွက်ကျဲကြီးကွ တာဇံအဆင်ကြီးနော်"
"ရတယ်ဗျာ ရွှေရောင်ဆိုရပြီ"
ယခုမှစိတ်အေးသွားရကာ ကွန့်မြူးပြုံးနိုင်တော့သည်။ကောင်မလေးနဲ့အခုဆို အရောင်တူတွေဖြစ်သွားကြပြီလေ ဘယ်လိုနေနေမင်္ဂလာပွဲမှာ ကိုယ်တို့ကိုစုံတွဲတွေလို့ထင်ကုန်ကြဖို့ပဲအရေးကြီးတယ် ကောင်မလေးရယ်။
"ဟား.. အဲ့တာဘာကြီးလဲကွာ"
"သူကြီးသားလားဟ"
"တောသားမြို့ရောက်ဆိုတာပဲကြားဖူးတာပါကွာ မြို့သားတောရောက်မှဘာပုံဖြစ်သွားတာလဲဟ.."
ဝေဖန်သံတွေမကြားသည့်လူတစ်ယောက်ကတော့ ရွှေရောင်တလဲ့လဲ့ပုဆိုးကြီးနှင့်မော့ကန်းကာ မာန်ပါပါလှမ်းလာလေတော့သည်။
"ကြည့်စမ်းကြည့်စမ်း ဂေါ်ချက်က 9+ ပဲ ဟ.."
ရွှေကူမနေနိုင်တော့ တစ်ခစ်ခစ်နှင့်ရယ်နေမိတော့သည်။ အကိုလေးရယ် ရွှေကူနဲ့တွေ့တုန်းကဒီပုံစံလေးမဟုတ်ပါဘူး အခုတော့ပုဆိုးအကွက်ကြဲကြီးက နေရောင်ကြားတစ်လဲ့လဲ့နှင့် ကြည့်ရတာလုံးဝသူကြီးသားစတိုင်နှင့်ပါလားအကိုလေးရယ်။
ကွန့်မြူးကိုအုပ်စုလိုက်ကြည့်၍ပြုံးတိပြုံးစပ်တွေနှင့်ရှိကြသည့်နေရာသို့ ရောက်လာတော့ မထင်မှတ်ထားလောက်အောင်ဝါးလုံးကွဲထရယ်ကြပါလေတော့သည်။