PART..48

17.7K 1.6K 209
                                    

With Zawgyi

"ငါသူ့နောက်လိုက်သွားမယ်။"

ခွန်းသ စကားကြောင့် မှူးကြောင်သွားလေတော့သည်။ သူမလည်း ထရပ်လိုက်ကာ မေးလာလေသည်။

"ဘာလို့လဲ? ငါနားမလည်နိုင်တော့ဘူးခွန်းသ။ ဒီကိစ္စက ဘာများအရေးကြီးလို့လဲ? ပြီးတော့ ခေတ်လေးကရော ဘာလို့ ရုတ်တရက်ပေါ်လာပြီး နှုတ်တောင်မဆက်ဘဲ ပျောက်သွားရတာလဲ?"

ခွန်းသက ပြန်ဖြေလာလေသည်။

"အဲဒါတော့ငါလည်းမသိဘူးမှူး။ နင့်အမေက အံ့ဩသွားစေချင်လို့ သွန်းခေတ်ကိုခေါ်လိုက်တာဆိုတာတော့ ငါသိတယ်။ ဒါပေမယ့် သူက ဘာလို့ချက်ချင်းပြန်သွားလဲငါမသိဘူး။ ငါသူ့ကိုရှင်းပြချင်တယ်။ ဒါတွေက အမှန်မဟုတ်ဘူးဆိုတာသိစေချင်တယ်။"

"ဘာလို့သိစေချင်တာလဲ? သူက ကျောင်းမှာလျှောက်ပြောမှာစိုးလို့လား?"

ခွန်းသခေါင်းရမ်းလိုက်သည်။

"နောက်မှ ငါနင့်ကိုပြောပြပါ့မယ်မှူး။ အခုတော့ မဖြစ်နိုင်သေးလို့ပါ။"

ခွန်းသထိုသို့ပြောလိုက်ကာ ထိုနေရာမှထွက်သွားသည်အထိ မှူးအခြေအနေတို့ကို နားမလည်နိုင်ပါ။ သို့သော်လည်း သူမစိတ်ကိုသာ အတတ်နိုင်ဆုံးငြိမ်အောင်ထိန်းထားလိုက်လေသည်။ သူမအချိန်တန်လျှင်သိရမည့်ကိစ္စတွေပဲလေ။

ပွဲပြီးလို့သိမ်းဆည်းစရာရှိသည်များကို စီမံနေရတာကြောင့် တစ်ညလုံးခွန်းသကို ဒေါ်ကြည်ဖြူမတွေ့။ သို့သော်... နောက်တစ်နေ့မနက်ရောက်သည်နှင့် ခရီးဆောင်အိတ်အသေးစားလေးကိုဆွဲကာ ဧည့်ခန်းသို့ထွက်လာသော သားဖြစ်သူကိုမြင်လိုက်ရတာကြောင့် ဒေါ်ကြည်ဖြူလန့်သွားမိလေသည်။

"ဘာဖြစ်လို့လဲmy son?"

ခွန်းသက တစ်စုံတစ်ခုကိုပြောဖို့ အားယူနေဟန် တိတ်ဆိတ်နေသည်။ ထို့နောက် သက်ပြင်းကိုချကာ စိတ်ကို အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထားလိုက်မိလေသည်။ သူ့စိတ်နှင့်ပတ်သတ်၍ သူ့အမေဘယ်လိုတုန့်ပြန်မလဲဆိုတာကို သူစိုးရိမ်နေမိလေသည်။

"အမေ..."

ပြောစရာစကားတို့ကို သူအသည်းအသန်ရှာဖွေနေမိလေသည်။

Romance Is Dead (Completed)Where stories live. Discover now