PART..53, Final Episode

33.3K 1.6K 122
                                    

With Zawgyi

တစ်ပတ်ကြာသော် ခွန်းသသည် အမှန်ပင် လားရှိုးသို့ရောက်ချလာတော့သည်။

သို့သော် သွန်းခေတ်ကို အသိမပေးဘဲ လာခဲ့ခြင်းဖြစ်လေသည်။ ခွန်းသသည် ဟိုတယ်တွင် ခဏနားပြီးသည့်နောက် ပထမဆုံးသွားသည့်နေရာသည် သွန်းခေတ်အမေ၏ဆိုင်ပင်ဖြစ်လေသည်။

ဆိုင်နေရာကိုတော့ သွန်းခေတ်နှင့်ဖုန်းပြောစဉ်က စကားဆက်စပ်မိရင်း မေးထားတာကြောင့် သိနေခြင်းဖြစ်လေသည်။

ဆိုင်ထဲသို့ခွန်းသ ဝင်လာလိုက်သည်နှင့် ဆိုင်ထဲရှိလူများ၏ အကြည့်တို့က သူ့ဆီရောက်လာလေသည်။ ဆိုင်ကောင်တာတွင် ထိုင်နေသော သွန်းခေတ်အမေသည်လည်း ခွန်းသကိုသေချာကြည့်နေလေသည်။ သူမ စိတ်ထဲတွင်တော့ ထိုကောင်လေးကို ရင်းရင်းနှီးနှီးမြင်ဖူးနေသလို ခံစားနေရတာကြောင့် ဘယ်နေရာတွင်မြင်ဖူးသလဲ သူအပြင်းအထန်စဉ်းစားနေမိသေည်။

''အရမ်းချောတယ်နော်။''

ကောင်မလေးများ၏ တီးတိုးပြောသံများကို ခွန်းသလျစ်လျူရှုလိုက်ပြီး လူတစ်ယောက်ကိုသာ လိုက်ရှာနေမိလေသည်။

... ကလေးက အိမ်မှာများလား?...

ခွန်းသတစ်ယောက်ဟိုပစ္စည်းကိုင်ကြည့်သလိုလို ဒီပစ္စည်းကိုင်ကြည့်သလိုလိုနှင့် သူ့ကလေးကို ရှာနေခိုက် ဆိုင်ရှေ့ကို လိုက်ထရပ်ကားတစ်စီးလာရပ်လေသည်။ ထိုကားပေါ်က ဆင်းလာသူကို ခွန်းသကြည့်လိုက်မိလေတော့ သူ့အလွန်အံ့အားသင့်သွားမိလေသည်။

သူ့ကလေးသည် တီရှပ်အဖြူလေးကို ဝတ်ဆင်ထားပြီး ကားသော့လေးကိုရမ်းကာ ကားပေါ်မှဆင်းလာလေသည်။ ထို့နောက် သူ့ဆံပင်များကြားသို့လက်ကိုထိုးဖွလိုက်ရာ ခွန်းသမှာသတိလက်လွတ်ငေးမိရကား လက်ထဲမှမုန့်ထုတ်ပင်အောက်သို့ပြုတ်ကျရလေသည်။
သွန်းခေတ်သည် ဆိုင်ကောင်တာသို့ လျှောက်လာလိုက်ကာ သူ့အမေကိုပြောလိုက်လေသည်။

''ကားဂိတ်က ပစ္စည်းတွေသယ်လာခဲ့ပြီးပြီ။ မားပြန်နားလိုက်တော့လေ။ ကျွန်တော်ဆိုင်ကိုဆက်ကြည့်...''

သွန်းခေတ်စကားမဆုံးခင်ခွန်းသကို မြင်သွားသဖြင့် ပြောလက်စစကားပင်ရပ်သွားလေတော့သည်။ ခွန်းသကတော့ သွန်းခေတ်ကို ပြုံးပြကာ လက်ပြလိုက်လေသည်။ ခွန်းသကိုလည်းမြင်ရော သွန်းခေတ်သည် ထခုန်မတတ်ပျော်သွားကာ ခွန်းသကို ပြေးဖက်လေတော့သည်။ ခွန်းသသည်လည်း သွန်းခေတ်ကိုပြန်လည်ဖက်ထားလိုက်လေသည်။ သူတို့နှစ်ဦးလုံးသည် ဘေးပတ်ဝန်းကျင်ကို သတိမထားကြသော်လည်း တစ်ဆိုင်လုံးကတော့ သူတို့ကိုကြည့်၍အမျိုးမျိုးထင်မြင်နေကြလျက်ရှိလေသည်။

Romance Is Dead (Completed)Where stories live. Discover now