အပိုင်း(၇)

12.7K 1.6K 35
                                    

ဟံသာကတော့ ဦးလေးနိုင်နဲ့အတူ ပင်းတယမြို့ပေါ်က ရိုးရာစားသောက်ဆိုင်တစ်ဆိုင်မှာ မနက်စာစားကြသည်။

ရှမ်းအစားအစာတွေနဲ့ မရင်းနှီးသေးတာကြောင့် ရန်ကုန်မှာစားနေကြအတိုင်း အဆင်ပြေလောက်မယ့် ရှမ်းခေါက်ဆွဲတစ်ပွဲသာမှာလိုက်၏။

"အိမ်မှာနေရတာအဆင်ပြေလား"

"ပြေပါတယ် .... မနက်ကမှကျွန်တော်တွေ့တာ ရွာကတော်တော်လှတာပဲ"

"ရွာကလှတာတင်မဟုတ်ဘူးကွ .... ရွာသူရွာသားတွေကလည်း သဘောကောင်းတယ် ဓနုတိုင်းရင်းသားတွေအများဆုံးနေကြတာ .... တကယ့်ရိုးရိုးအေးအေးကြီးတွေ"

ဟံသာကတော့ ကံကောင်းတယ်မှတ်ယူသည်။ တစ်နယ်တစ်ကျေးကို တစ်ကိုယ်တည်းထွက်လာရတော့ နေရာထိုင်ခင်းနဲ့ ပတ်ဝန်းကျင်လူမှုအသိုင်းအဝိုင်းအတွက် အနည်းငယ်တော့စိတ်ပူခဲ့သည်။

ဦးလေးနိုင်ရှိတာပဲဆိုပြီး ပေါ့ပေါ့လေးတွေးခဲ့ပေမယ့် တကယ်တမ်းတော့ ဟံသာက တစ်ယောက်တည်းနေရမည်သာ။

ရှမ်းခေါက်ဆွဲအရသာကတော့ ဟံသာလျှာနဲ့စိမ်းသေး၏။

ရန်ကုန်ကဆိုင်တွေမှာရနေကျအရသာမဟုတ်တဲ့အရသာမျိုး။ ပိုပြီးကောင်းလာသလားမပြောတတ်။

မြိန်ရေယှက်ရေစားခဲ့သည်။

"ဆေးရုံသွားရအောင်"

မနက်ခင်းရဲ့လမ်းတစ်လျှောက်ဟာ လူတွေတိုးမပေါက်အောင်များလွန်းသည်။ တသက်ကြီးခေါင်းပေါင်းတဲ့အမျိုးသမီးတွေ၊ ပလိုင်းတောင်းကြီး ခေါင်းမှာချိတ်ဆွဲထားတဲ့အမျိုးသားတွေ၊ ကလေးတွဲလောင်းနဲ့လူငယ်တွေ။

နေ့တဓူဝကိစ္စဝိစ္စအဖုံဖုံကို မရိုးနိုင်အောင် ခြေလှမ်းမှန်မှန်လျှောက်လှမ်းလုပ်ဆောင်နေကြသူတွေ။

ပင်းတယရဲ့မနက်ခင်းကတော့ ဟံသာ့ကိုဆွဲဆောင်လိုက်ပြန်ပါပြီ။

ပင်းတယဆေးရုံကတော့ ဧရိယာအားဖြင့် အလွန်ကျယ်ဝန်းလှသည်မဟုတ်။

လေးထောင့်ကွက်ဆန်သောမြေဧကအတွင်းမှာ ခပ်ဖြူဖြူအဆောက်အဦတွေ ပတ်ပတ်လည်တည်ဆောက်ထား၏။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now