အပိုင်း(၂၄)

10.3K 1.2K 54
                                    

ဆံပင်ညိုရယ်၊ နက်မှောင်တဲ့မျက်ဝန်းအိမ်ရယ်၊ ခပ်ဟဟပွင့်နေတဲ့နှုတ်ခမ်းနှစ်လွှာရယ် ....

ညကအိပ်မက်မက်တယ် ကိုယ်တို့နှစ်ဦးအချစ်ခရီးလမ်းလေးကို တူလက်တွဲကာလျှောက်ကြပြီတဲ့

နောက်မှ ဆတ်ခနဲနိုးလာတယ် အို .... အိပ်မက်လေးကိုလွမ်းလိုက်ပါဘိ

ငူငိုင်နေပြန်တဲ့စိုင်းခွန်ဟာ တစ်နေ့သားကချေဖျက်မိတဲ့နှင်းဆီဝါလေးကို စိတ်မကောင်းစွာတမ်းတနေမိသည်။

ပန်းချစ်တတ်တဲ့ပန်းချစ်သူဟာ ရင်တွင်းကတင်းကျပ်မှုတွေကို ထိုနှင်းဆီဝါပေါ်ပုံချခဲ့မိ၏။

အခုတော့ လက်ကျန်နှင်းဆီဝါလေးတွေကို တယုတယရေလောင်းရင်း ကိုင်တွယ်နေသည်။

"အုပ်အုပ် .... ဘယ်မှာလဲ!"

မူကြိုကျောင်းသားလို သံကွန်ချာ၇ထပ်နဲ့အုပ်ချင်အုပ်လိုက်ပါတော့။

မျက်စိအောက်ကပျောက်သွားရင် မိန်းကလေးပီပီ ခြံအနှံ့ အော်ကြီးဟစ်ကျယ်လှမ်းခေါ်တတ်သော အစ်မနန်းယဉ်ဟွမ်။

စိုင်းခွန် ပန်းခြံထဲကထွက်လာပြီးတော့

"ဘာတုန်းအစ်မရာ"

"ဟဲ့ကောင်လေး .... မျက်နှာလည်းမသစ်ဘူး ရေလည်းမချိုးဘူး နင်အလုပ်သွားရမယ်မလား"

"အပင်တွေရေသွားလောင်းတာလေ .... အရင်ကလည်းလုပ်နေကြကို ဒီလောက်အော်မခေါ်နဲ့"

စိုင်းခွန်က ဆူပုတ်ပုတ်ပြန်‌ဖြေသည်။

"ဆရာမလုပ်စမ်းနဲ့ သွား .... ရေချိုး .... ငါဆေးရုံသွားတော့မယ်"

မောင်နှမနှစ်ယောက် အချေအတင်ပြောနေကြတုန်း ဒေါ်ကြာမှိုက ခြံဝိုင်းထဲဝင်လာသည်။

"အမေဘယ်သွားတာလဲ"

နန်းယဉ်ဟွမ်ကမေးတော့

"မောင်ဟံသာ့ဆီသွားတာ"

ရေချိုးဖို့ပြင်နေတဲ့စိုင်းခွန်က ဟံသာ့နာမည်လည်းကြားရော မျက်လုံးအရောင်တဖျက်ဖျက်လက်ကာ ဒေါ်ကြာမှို့ကိုလှမ်းကြည့်သည်။

နန်းယဉ်ဟွမ်က မျက်မှောင်ကျုံ့ကာ စိုင်းခွန်ကိုကြည့်တော့ မသိချင်ယောင်ဆောင်ကာဟိုဘက်လှည့်သွားသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now