Chapter_23

151 13 0
                                    

သူဟာ မုချင်ရီ၏ အမည်နာမအား ခေါ်လိုက်ကာ ဆိုလေ၏။ မုချင်ရီမှာကား ထိုကောင်လေးကို ဘယ်မှာမြင်ဖူးမှန်း သတိမထားမိသေးချေ။ သို့ပေသော် ထိုကောင်လေးက သေချာ သိသည့်အလား မုချင်ရီအား ပြောဆိုနေသည်။ ထိုမျှသာမကသေး သူဟာ ယန်ကျန်းလီဘက်ကို တစ်ချက်မျှ လှည့်ကြည့်လိုက်သေးသည်။ ထို့နောက်တွင်မှ ထစ်ငေါ့သော အပြုံးအား မသိမသာ ပြုံးလိုက်လေ၏။

"ကြည့်ရတာ.. မင်းက ငါ့ကိုမမှတ်မိဘူး ထင်တယ်"

သူက ဆက်၍ ပြောလိုက်သေးသည်။

"လွန်ခဲ့တဲ့ငါးနှစ်လောက်က မင်းနဲ့ငါဆုံတွေ့ဖူးတယ်.. မင်းကြည့်ရတာ မေ့နေတယ် ထင်တယ်။ ကောင်းတယ်..မင်းကတော့ မေ့ရင်မေ့မှာပေါ့..ငါကတော့ မမေ့ခဲ့ဘူး။ ဘာလို့လဲဆိုတော့ မင်းကငါ့ဘဝကို ဖျက်စီးခဲ့တာမို့လို့ပဲ!"

ထိုကောင်လေးက သူ၏သွားများအား ကျွတ်သွားမတတ် အံကြိတ်ကာ ဆိုလိုက်လေ၏။

ယန်ကျန်းလီလည်း ထိုကောင်လေး၏ စကားကြောင့် မုချင်ရီကို အကဲခတ်သလို ကြည့်နေသည်။ အကဲခတ်ပေသော်လည်း သူ၏ အကြည့်များသည်ကား မယုံကြည်လို့တော့ မဟုတ်ချေ။ ထိုကောင်လေး၏စကားအား သူကနားမလည်သလို သူတို့မည်သည့်ကိစ္စ ဖြစ်ခဲ့သည်ကိုလည်း သူကမသိသောကြောင့် မည်သူမှားသည် မှန်သည်ကို သူက မဆုံးဖြတ်တတ်ပေ။ စင်စစ်အားဖြင့်ဆိုလျှင် သူဆုံးဖြတ်စရာ မလိုပါလေ။

ထိုအချိန် မည်သူမှမပြောသည့်အဆုံး၌ ဘေးမှကောင်မလေးက ဖြည်းညှင်းစွာပင် သက်ပြင်းချလိုက်ကာ ဆိုလိုက်တော့သည်။

"ကျွန်မနာမည် ဖုန်လင်ဇီပါ..သူက ရှင့်ကြောင့် ဂိုဏ်းကနှင်ထုတ်ခံလိုက်ရတဲ့ ရှန်ကျိုပါ။ ဒီလောက်ဆိုရင်တော့..ရှင်သိပြီ ထင်ပါတယ်"

သူမက ဆိုလိုက်သည်။ ထိုအခါမှ မုချင်ရီစိတ်ထဲတွင် ဖြတ်ခနဲ သတိရလိုက်မိကာ ချက်ချင်းပင် သူကမျက်မှောင်ကြုတ်သွားသည်။

"မင်းလား?"

မုချင်ရီက သူ၏မျက်ခုံးတို့ တွန့်ကျူးသွားပြီး မေးခွန်းထုတ်လိုက်တော့သည်။

ရှန်ကျိုအား မည်သူဆိုသည်ကို သူသိလေပြီ။

သို့ပေသော် ရှန်ကျို၏ ဘဝအားသူက မဖျက်စီးခဲ့ချေ။ ကြည့်ရသည်မှာ ရှန်ကျိုသည် သူ့အပေါ် နားလည်မှုလွဲနေသည့် ဟန်တူသည်။

PortraitMaster(Complete)Where stories live. Discover now