02

117K 9K 2.1K
                                    

" ဒီကိုခဏလာပါဦး သားငယ် "

ဖုန်းတစ်လုံးနှင့်အာရုံများနေသည့် ဟန်နရီကြောင့် ဆရီနာကသူ့ဘေးနားမှခုံပေါ်သို့လက်ပုတ်ပြကာ လာထိုင်ခိုင်းနေခြင်းဖြစ်သည်။ဆရီနာ၏မျက်နှာက ရွှင်ပြုံးနေတာမျိုးလည်းမဟုတ်သလို ၀မ်းနည်းနေတာမျိုးလည်းမဟုတ်ပေ။

" မာမီဘာဖြစ်လို့လဲ "

မျက်နှာသိပ်မကောင်းသည့်သူ့အမေကြောင့် ဟန်နရီကလက်ထဲမှဖုန်းကိုဘေးသို့ချကာ စူးစမ်းလာသည်။

" ဟိုဘက်ကမာမီ့ကိုဆက်သွယ်လာပြီ နောက်လဆိုရင်သားအဘိုးရှိတဲ့နိုင်ငံကိုသွားပြီး ဟိုမှာပဲကျောင်းဆက်တက်ရလိမ့်မယ် "

စကားအဆုံး၌အောက်နှုတ်ခမ်းကိုက်ကာ မျက်နှာလွှဲသွားသည့်ဆရီနာကြောင့် ဟန်နရီကဘာမေးခွန်းမှထပ်မထုတ်ပဲ နှုတ်ဆိတ်သွား၏။အဘိုးဟူသောနာမ်စားအား သိတတ်သည့်အရွယ်တည်းကမခေါ်ခဲ့ဖူးသလို မြင်လည်းမမြင်ဖူးပေ။အထူးသဖြင့် မာမီကထိုလူအား နာကျည်းနေဟန်ရှိတာကြောင့် ထိုကိစ္စနှင့်ပတ်သတ်ပြီး အကျယ်တ၀င့်မသိချင်တာဖြစ်၏။

" ဟီရိုဆိုတဲ့လူဆီမှာလား "

နာမည်သာကြားဖူးသောထိုလူက လက်တွေ့၌မည်သို့မည်ပုံရှိမှန်းသူ့အနေဖြင့်သေချာမသိပေ။ဧည့်ခန်းထဲတွင်ချိတ်ဆွဲထားသောသူ့အဘိုးပုံက ပုံတူပန်းချီကိုဓာတ်ပုံပြန်ကူးထားခြင်းသာဖြစ်တာကြောင့် မျက်နှာသွင်ပြင်အားသဲကွဲစွာမမြင်ရပေ။သို့ပေမယ့် ဟီရိုကရက်စက်တတ်သည်ဟု မာမီ့ထံမှမကြာခဏကြားခဲ့ဖူးတာမို့ ထိုသတင်းနဲ့တင်ဟီရိုအား အနည်းငယ်စိမ်းသက်မိတာဖြစ်သည်။

" သားက,ကလေးပဲရှိသေးတာ။ မာမီတို့လူကြီးတွေနဲ့ဘောင်မတန်းချင်နဲ့သား ဘယ်လိုပဲဖြစ်ဖြစ် သူကသားရဲ့အဘိုးဖြစ်နေတုန်းပဲ မရိုမသေမခေါ်ချင်နဲ့ "

မည်သို့ပင်ဆိုစေကာမူ မျက်နှာတောင်မမြင်ဖူးသေးသည့်လူအား အဘိုးဟုရင်ထဲ၌မသတ်မှတ်ချင်ပေ။ဒယ်ဒီဆုံးသွားတာတောင် သတင်းမေးဖော်မရသည့်အပြင် သူ့အားငယ်ငယ်လေးတည်းက လာရောက်တွေ့ဆုံခြင်းမရှိသည့်ဟီရိုကြောင့် ဟန်နရီကအဘိုးဟူသော ဆက်ဆံရေးနှင့်စိမ်းကားနေတာဖြစ်သည်။ထို့အပြင်မျိုးရိုးနာမည်ဖြစ်သည့် ဗစ်တာဟူသောအမည်နာမအား မာမီကအရေးတယူလုပ်ကာခေါ်ဆိုခြင်းမရှိတာကြောင့် ထိုမျိုးရိုးနာမည်ကိုပင် သူ့အနေဖြင့်စိတ်ပျက်မိတာဖြစ်သည်။သို့ပေမယ့် စွန့်စားရတာကြိုက်သည့် သူ့အဖို့ဟီရိုဗစ်တာဆိုသော လူပုဂ္ဂိုလ်နှင့်ဆုံတွေ့ရမှာ အသစ်အဆန်းတော့မဟုတ်ပါလေ။ဟန်နရီဗစ်တာကလည်း သတ္တိကြောင်တဲ့ကောင်မှမဟုတ်တာ။

HANARY(S1+S2) Where stories live. Discover now