အပိုင်း ၇ - အငွေ့အသက်

1.1K 239 11
                                    

Unicode

သတင်းစာရှင်းလင်းပွဲက လုံးဝအောင်မြင်ခဲ့သည်။ ဖုန့်ယဲ့ရန်ရဲ့ အောင်မြင်မှုက အင်တာနက်ပေါ်မှာ လုံးဝပေါက်သွားစေပြီး သူတို့ရဲ့ သုတေသနဌာနကိုလည်း နာမည်ပိုကြီးသွားစေသည်။ ဖုန့်ယဲ့ရန်က လုံးဝအလုပ်ရှုပ်လာပြီး တစ်ခါတစ်လေမှာ ဖုန့်ဟွာကို ခေါ်ကာ ပွဲတစ်ချို့ကို ခေါ်သွားလေသည်။ ဒါပေမယ့် သူကိုယ်တိုင်၊ ဒါရိုက်တာနဲ့ ဥက္ကဌကလည်း အမျိုးမျိုးသော ဖိတ်ကြားလွှာတွေ၊ အင်တာဗျူးတွေနဲ့ ပရိုဂရမ်တွေကိုလည်း တက်ရလေသည်။

ဖုန့်ဟွာလည်း အရင်ကထက်ပိုပြီး အလုပ်ရှုပ်လာသည်။ လူတွေက သူ့ဆီလာလည်ပြီးသူ့ကို ထူးထူးဆန်းဆန်းတွေ ဝတ်ပေးကာ ဓာတ်ပုံတွေ တူတူရိုက်ကြသည်။ ပြီးတော့ မေးခွန်းတွေလည်းမေးကာ အိမ်မက်ကို လက်တွေ့ဖန်ဆင်းပေးနိုင်မလား စသဖြင့် တောင်းဆိုကြသည်။ သူဖန်ဆင်းပေးလိုက်သည့် အကြိမ်တိုင်း အကုန်လုံးက အံသြသယောင်နဲ့ လက်ခုပ်တွေ ထတီးကြတာ အခုဆို သူ့မှာ ကျင့်သားတောင် ရနေပြီဖြစ်သည်။

ဒါပေမယ့် တစ်နေကုန်လုံးနေလို့ သူ့စောင့်မျှော်တတ်တဲ့ အချိန်လေးကတော့ ညနေပိုင်း ဖုန့်ယဲ့ရန်က သူ့အခန်းတံခါးကို ဖွင့်ဝင်လာချိန်လေးပါပဲ။ သူဘယ်လောက်ပဲ ကြီးပြင်းလာပါစေ ဒီအချိန်လေးကို သူအကြိုက်ဆုံးပါပဲ။

မနက်စောစောမှာ သူ့ ပြတင်းပေါက်လေးကို ဖွင့်လိုက်ကာ သစ်‌ရွက်တွေ လေနှင်ရာ လွင့်တာကို ကြည့်ရင်း အရိပ်တွေကျနေသည့် ရှုခင်းလေးကို ကြည့်သည်။

မနက်စားပြီးသည့် မနက်ခင်းပိုင်းဆိုရင်တော့ သူ့ထိုင်ခုံသေးသေးလေးမှာ ထိုင်ပြီး ပုံဆွဲပါတော့သည်။

နေ့လည်ခင်းမှာ သူက ဝန်ထမ်းတွေကို ကူပြီး အလုပ်အမျိုးမျိုးကို လုပ်ပေးရသည်။ တစ်ခါတစ်လေ သူ့ကို စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေလုပ်ပေးဖို့ တစ်စုံတစ်ယောက်က လာလေ့ရှိသေးသည်။ ဘာမှမရှိရင်တော့ သူက အခန်းကျဥ်းလေးထဲမှာ အိပ်လိုက် စာဖတ်လိုက်နဲ့သာ အချိန်ကို ကုန်စေခဲ့သည်။

ညစာစားပြီးရင်တော့ သူက သခင်ကို မျှော်နေတဲ့ ခွေးပေါက်လေးလိုမျိုး အခန်းထဲလှည့်ပတ်ခုန်ပေါက်နေကာ အခုမှ နေ့တစ်ရက်စသည့်အလား ပျော်ရွှင်နေတတ်သည်။ သူ့နားတွေကို နံရံမှာ ကပ်ထားပြီး တဖြည်းဖြည်းနီးကပ်လာမယ့် ခြေသံကို မျှော်နေတတ်သည်။

Monster {Completed}Where stories live. Discover now