အပိုင်း ၁၁

296 30 0
                                    

တနင်္လာနေ့က လျင်မြန်စွာနဲ့ဘဲ ရောက်ရှိလာခဲ့သည်။

သောကြာနေ့က တနင်္ဂနွေနေ့အထိ နေမကောင်းတဲ့သူကို စောင့်ရှောက်ပေးပြီးတဲ့အဆုံးမှာတော့ ကျွန်တော် အိပ်ရေးဝဝအိပ်လို့ရပြီ။ တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာတော့ Soloက ကျွန်တော့်ကို အဆောင်ပြန်ပို့ပေးခဲ့သည်။ သူ့မျက်နှာ လန်းဆန်းနေပြီး အပြည့်အဝ နေပြန်ကောင်းလာတာကြောင့် တော်သေးသည်။ ကျွန်တော်ကတော့ အဆင်ပြေပါတယ်။ အဖျားမကူးခဲ့ဘူး။ အိပ်မရတာကြောင့် မျက်တွင်းတွေ ချောင်ကျနေတဲ့မျက်နှာနဲ့သာ အဆောင်သို့ ပြန်လာခဲ့ရသည်။

ဟိုနေ့က 'ဟိုအဖြစ်အပျက်ကြီး' ပြီးသွားတော့ Soloက အိပ်ပျော်နေတယ်ဆိုသော်လည်း ကျွန်တော် တစ်ယောက်တည်း ထထိုင်နေခဲ့မိသည်။ ကျွန်တော့်ဘဝမှာ ဒီလောက် အကြိမ်အများကြီးအထိ စားပွဲခုံနဲ့ ခေါင်းကို မရိုက်ချင်ခဲ့ဖူးဘူး။ အဲ့ဒီလက္ခဏာပုံစံက ဘာလဲဆိုတာ ကျွန်တော်သိသည်။

ရှက်နေတဲ့လူတစ်ယောက်ရဲ့ပုံစံ...
ကြည့်ရတာ ရှက်မိတာ အရမ်းကြာသွားတယ်ထင်သည်။ မနက်မိုးလင်းသည်အထိ ကျွန်တော် အိပ်လို့မရခဲ့...

ခွေးပေါက်စလေးက အမြဲတမ်းအသနားခံတဲ့ပုံစံကို ခဏခဏလုပ်ပေမယ့်လည်း အဲ့ဒီညကလိုမျိုး လွန်တဲ့အထိတော့ တစ်ခါမှ မလုပ်ဖူးဘူး။ ကျွန်တော်တို့နှစ်ယောက်ကြားထဲမှာသာ လက်မလေးသာ ခံမနေခဲ့ရင် ဘာဆက်ဖြစ်မလဲဆိုတာကို ကျွန်တော် ဆက်မတွေးရဲ...

ဒါပေမယ့် ပိုပြီး အရေးကြီးတာတစ်ခုကတော့ အဲ့လိုထိတွေ့မှုမျိုးကို ကျွန်တော်ကိုယ်တိုင်လည်း ငြင်းဆန်နေမိမှာ မဟုတ်။

ဒါနဲ့ မင်း ဘာလို့ထိုင်ပြီး ဒါကို တွေးနေရတာလဲ...

ကျွန်တော် ခေါင်းကို ခါပြီးရင်း ခါလိုက်ကာ မျက်နှာကို တစ်ဖျက်ဖျက်နဲ့ ရိုက်လိုက်မိသည်။ ဒါပေမယ့်လည်း သူ့ရဲ့မျက်နှာက ကျွန်တော့်ရဲ့အာရုံထဲမှာ စွဲကျန်နေတုန်း... ကျွန်တော့်ရဲ့အခြေအနေက တစ်နေ့တစ်ခြား ပိုပိုပြီးဆိုးရွားလာတယ်လို့ ခံစားနေရသည်။

'ဒီလိုထိုင်ပြီး... မင်း ဘယ်သူ့ကို လွမ်းနေတာလဲ Khun Gui...'

စိတ်အနှောက်အယှက်ဖြစ်စေတဲ့အသံက အရှေ့ဘက်ကနေ ကြားလိုက်ရတာကြောင့် ကျွန်တော် ခေါင်းထောင်ပြီး ကြည့်လိုက်သည်။ ကျွန်တော် ထင်ထားတဲ့သူက ကျွန်တော့်အရှေ့က လွတ်နေတဲ့ ကျောက်ခုံလေးမှာ ထိုင်လိုက်သည်။ ပြီးတော့ Wineက သူ့ရဲ့လက်ကို စားပွဲခုံပေါ်သို့တင်ကာ ထိုလက်တွေပေါ် သူ့မေးစေ့ကို မှေးတင်လိုက်ပြီး ကျွန်တော့်ကို ငေးကြည့်နေသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now