အပိုင်း ၁၆

17 3 0
                                    

နှစ်ဝက်စာမေးပွဲကြီးက ကျွန်တော် ထင်ထားတာထက် ပိုပြီးမြန်ဆန်စွာ ရောက်လာခဲ့သည်။ လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ ခရီးကနေ သူတို့ ပြန်ရောက်လာကြသည်ဆိုသော်လည်း ပြန်ရောက်ရောက်ချင်းမှာပင် ကျွန်တော်အပါအဝင် အကုန်လုံးက စာတွေနဲ့ အလုပ်ရှုပ်နေကြသည်။

ပိုဆိုးတာက ကျွန်တော်က အချိန်ပိုင်းအလုပ်ကို အချိန်ပိုဆင်းဖို့လိုတာကြောင့် သူများတွေထက် အချိန်ပိုနည်းသွားပြီး သူများတွေထက် ပိုကြိုးစားရသည်။ Soloကကျတော့ သီချင်းတွေ အများကြီးလေ့ကျင့်နေရတာ… ဘာလို့လဲဆိုတော့ သူ့ရဲ့စာမေးပွဲအများစုက လက်တွေ့ဖျော်ဖြေပြရမှာလေ… ကျွန်တော့်ဆီလာပြီး ကျွန်တော် အလုပ်လုပ်နေတာကို ထိုင်ကြည့်နေရတဲ့ ညနေခင်းအချိန်တွေက သူ တော်တော်မိုးချုပ်တဲ့အထိ လေ့ကျင့်ရတဲ့အချိန်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူပြီးသွားတဲ့အခါမှာတော့ ကျွန်တော့်ကို ကြိုပြီးတာနဲ့ အတူတူပြန်ကြသည်။

ကလင်…

ဝင်လာတဲ့သူကို ကျွန်တော်လှည့်ပြီး ပြုံးပြလိုက်ကာ ပုံမှန်အတိုင်း နွားနို့နွေးနွေးလေးတစ်ခွက်ကို ချပေးလိုက်သည်။ Soloက ကျွန်တော့်ကို ခဏတစ်ဖြုတ်လောက်ငေးကြည့်ပြီး ကျွန်တော့်လက်ထဲက နွားနို့ခွက်ကို ယူလိုက်သည်။ ဘာစကားမှမပြော… အကြည့်ချင်းတောင် ဆုံမလာ…

ကျွန်တော် သူ လုပ်နေတာတွေကို သတိမထားမိသလို ဟန်ဆောင်ပြီး နွားနို့ကို နေ့တိုင်းပေးခဲ့တာ…

ကမ်းခြေက ပြန်ရောက်တည်းက အခုထိဆို တစ်ပတ်လောက်ရှိနေပြီ။ ခွေးပေါက်စလေးက ရုပ်တည်ကြီးနဲ့ ကျွန်တော်နဲ့စကားပြောဖို့ကို ငြင်းဆန်နေသည်။ ကျွန်တော့်ကို ဘာလို့မကြည့်တာလဲလို့ လိုရင်းကို မေးလိုက်မိတော့ ကျွန်တော့်ကို ပြုံးပြကာ အဝေးကို ရှောင်ဖယ်သွားသည်။ ဒါပေမယ့် သူက ကျွန်တော်ကို လိုက်ပို့ လိုက်ကြိုပြီး နွားနို့ပါ တောင်းမြဲပင်… သူ စိတ်ဆိုးနေတာလေးကဘဲ ချစ်စရာကောင်းလွန်းနေတာကြောင့် ကျွန်တော် ဒီအတိုင်းလေးသာ နေချင်နေမိသည်။

ခွေးပေါက်စလေး ဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းကတော့ အခြားတော့မဟုတ်… ကမ်းခြေမှာ အဲ့နေ့တုန်းက ကျွန်တော် တကယ်ဘဲ သူငယ်ချင်းတွေရဲ့အခန်းဆီ သွားအိပ်ခဲ့သည်။ ထိုကောင်လေးက ခေါ်နေပေမယ့်လည်း သူတို့အားလုံး တံခါးမဖွင့်ပေးကြ… ဒါပေမယ့် မနက်ကျတော့ သူ့ရဲ့တစ်ညလုံးမအိပ်ထားရသေးတဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် အပြစ်ရှိသလို ခံစားခဲ့ရတာ… ကျွန်တော်တို့ ပြန်ဖို့ ကားပေါ်တက်တဲ့အခါမှာလည်း ဘေးနားကကောင်လေးက အကြည့်လွှဲထားပြီး ကျွန်တော့်ကို စကားမပြောတော့ဘဲ ပြတင်းပေါက်မှန်ကိုသာ ခေါင်းမှီထားသည်။ ကျွန်တော့်ရဲ့ပုခုံးကို မှီပါလို့ ပြောပေမယ့်လည်း သူက စကားနားမထောင်ဘဲ ပြတင်းပေါက်ကိုဘဲ မှီနေတာကြောင့် သူ့ခေါင်းလေးကို ယူပြီး ကျွန်တော့်ပုခုံးပေါ် အတင်းတင်လိုက်ရသည်။ ပထမကတော့ ကောင်လေးက ခေါင်းပြန်ဖယ်ဖို့ လုပ်ပေမယ့်လည်း ကျွန်တော့်ရဲ့တင်းမာလာတဲ့မျက်နှာကြောင့် သူ ပြန်အိပ်လိုက်သည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now