Vol ; 2 Chapter (36)

1.3K 78 2
                                    

(unicode)

Chapter - 36

မင်အင်ပါယာ၏ အရှေ့ဘက် လီပေါင်းတစ်ထောင် အကွာတွင် စစ်တပ်တစ်ခုက စစ်သည်အင်အား မြောက်များစွာဖြင့် စစ်ချီလာသည်။ ယင်းစစ်တပ်တွင် စစ်သည်အင်အား နှစ်သိန်းကျော် ပါဝင်ပြီး စစ်​ကြောင်း တစ်ကြောင်းလျှင်ငါးသောင်းခန့်ဖြင့် စစ်ကြောင်းလေးခုခွဲ၍ စစ်ချီလာကြသည်။

စစ်ကြောင်း တစ်ကြောင်းလျှင် ဗိုလ်ချုပ်တစ်ယောက်စီက အုပ်ချုပ်ရပြီး ဗိုလ်ချုပ်တစ်ယောက်စီ၏ အောက်တွင် ဒုဗိုလ်ချုပ် သုံးယောက်ရှိသည်။ ဒုဗိုလ်ချုပ်များ၏ အောက်တွင်တော့ တပ်မှုးငယ်များစွာ ရှိ၏။

ရှီးမာအင်ပါယာသည် ယခုအခါ၌ သူတို့ အင်ပါယာ၏ စစ်သည်အင်အား တစ်ဝက်ကျော်ဖြင့်စစ်ချီလာခြင်း ဖြစ်သည်။ ရှီးမာ အင်ပါယာသည် ကျွန်းစုငယ် ကလေးမျှသာ​ ဖြစ်သည့်အတွက်ကြောင့် လူဦးရေနှင့် လမ်းပန်းဆက်သွယ်မှု မကောင်းပေ။

ရေလမ်းခရီးဖြင့် ကူးသန်း ရောင်းဝယ်ရေးကိုသာ အဓိကထားကာ ရပ်တည်နေရသည့် ရှီးမာအင်ပါယာသို့ မည်သူမျှ အခြေမချချင် ကြပေ။ ထို့အတွက်ကြောင့် စစ်သည်အင်အား လူအင် အားတွင် မင်အင်ပါယာသည် ရှီးမာအင်ပါယာထက် အစစအရာရာ သာလွန်လှပေသည်။

ယခု ရှီးမာစစ်တပ်ကို အဓိက ဦးဆောင်လာသော လူက ရှီးမာဇူယွမ်နှင့် ရှီးမာသုချန်တို့ပင်ဖြစ်သည်။ ရှီးမာသုချန်သည် အဝေးဆီမှ မင်အင်ပါယာ၏ နန်းတော်ကို ငေးကြည့်နေသည်။ ကံတရားသည် လွန်စွာဆန်းကြယ်လှ၏။ ယခင်က သူသည် မင်အင်ပါယာ၏ တော်ဝင်ကြင်ယာတော် ဖြစ်ခဲ့ဖူးသော်လည်း ယခုတော့ မင်အင်ပါယာ၏ အင်ပါယာမင်က သူ၏ အဓိက ရန်သူဖြစ်၍ နေချေပြီ။

ရှီးမာဇူယွမ်သည် မင်အင်ပါယာနှင့် မီတာ ရာအနည်းငယ်မျှသာ ကွာဝေးတော့သည့် နေရာသို့ရောက်သည့်အခါ သူက လက်ကို မြှောက်လိုက်သည်။ ထိုအခါ စစ်တပ်တစ်ခုလုံးက ထိုနေရာ၌ ရပ်တန့်၍ သွားကြသည်။

ရုတ်တရက် ရပ်တန့်လိုက်ရသည့် အတွက် မြင်း ဟီသံများက သောသောညံ၍ သွား၏။ သူတို့စစ်တပ်က ထိုနေရာ၌ ရပ်တန့်လိုက်သည့် အခါမင်အင်ပါယာအတွင်းမှ အချက်ပေးဗုံသံများ ညံစီ၍ သွားသည်။ ထိုအသံကို ကြားသည့်အခါရှီးမာဇူယွမ်က တစ်ချက်ပြုံးလိုက်ပြီး ရှီမာသုချန်အား ကြည့်လိုက်သည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now