Vol ; 2 Chapter (56)

1.2K 74 2
                                    

(Unicode)

Chapter - 56

" အား... "

ပြင်းထန်စွာ အော်ဟစ်လိုက်သောအသံ။ ထိုအသံက နာကျင်မှု၏ ခံနိုင်ရည် စွမ်းအားကို ကျော်လွန်သွားပုံ ရသည်။ သူ၏ ခန္ဓာကိုယ်က ချားရဟတ် လည်နေသကဲ့သို့ လည်ပတ်နေပြီး အလင်းတန်း တစ်ခုကြားကို ထိုးဖောက်ကာ ​ပြေးလွှားနေသည်။ ပြေးလွှားရုန်းကန်နေတိုင်း နှိုင်းဆမရနိုင်သည့် မူးဝေမှုကို ခံစားရ၏။

သူ့ကိုယ်သူ မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း သူမသိ။ သူသိသည့်အရာက အဆက် မပြတ် မူးဝေမှုကြောင့် ထိုးအန်လိုက်ချင်သည့် စိတ်တစ်ခုတည်းသာ ရှိသည်။ နာရီများစွာကြာ သူက ခရီးတစ်ခုကို ကူးပြောင်းသွားလာ နေပုံရသည်။ ထိုခရီးက အခုချိန်ထိ လိုရာအရပ်ကို ရောက်သေးဟန်မတူဘဲ လှုပ်ရှား လူးလွန့်၍ နေလေ၏။

" ရှောင်ရှန်ဖေး... ရှောင်ရှန်ဖေး သတိထားလေကွာ မင်း...မင်း အသက်ရှင်ရမယ်နော် ကြားလားဟေ့ရောင် မင်း ဘာမှမဖြစ်ရဘူး၊ ငါ... ငါ မင်းကို ကားငှားမပေးလိုက်သင့်ဘူး ဒါတွေက ငါ့အပြစ်တွေချည်းပါကွာ ငါ... ငါ "

ထိုအသံက တဖြည်းဖြည်း တိမ်ဝင်၍ သွား၏။ အသံပိုင်ရှင်က ရှိုက်ကာ ရှိုက်ကာ မျက်ရည်များကို ထိန်းချုပ်နေသည်။ ထိုအသံရှင်၏ ခေါ်လိုက်သည့် သူ့နာမည်ကြောင့် ရှန်ဖေးက ခန္ဓာကိုယ်တို့ လှုပ်ရှားသွားသည်။

သူက သည်နာမည်ကို အသုံးမပြုရသည်မှာ မည်မျှ ကြာပြီလဲ။ အခြားသူ တစ်ယောက်ထံမှ သူ၏ အမည်ကို ခေါ်သံ မကြားရသည်မှာ ဆယ်စုနှစ် တစ်ခုပင် ကျော်ပြီ ဖြစ်သည်။ သူ့ မျက်လုံးတို့က လေးပင်နေသည်။ သူက မျက်လုံးဖွင့်ဖို့ ခက်ခဲနေသည်။

မျက်လုံးဖွင့်ဖို့ ခက်ခဲနေပေမဲ့ သူက ထိုအသံရှင်မှာ သူ၏ စီနီယာအစ်ကိုကျန်း ဖြစ်ကြောင်းကို သိရှိသည်။ ထိုသို့ဆိုပါက သူက သူ၏ ကမ္ဘာကို ပြန်လည်၍ ရောက်ရှိ လာခဲ့သည်လား။ ရှန်ဖေးက ကြိုးစား၍ မျက်လုံးကို ဖွင့်လိုက်သည်။

မြင်လိုက်ရသည့်အရာက သူ့ကို တဒင်္ဂမင်သက်၍ သွားစေသည်။ သူ၏ ခန္ဓာကိုယ်တွင် ပတ်တီးများဖြင့် ပြည့်နက်နေပြီး သူ၏ မျက်နှာ တစ်ခြမ်းက စုတ်ပြတ်နေသည်။ ပါးစပ် နှာခေါင်းနှင့် လက်များတွင် ပိုက်များဖြင့် ပြည့်နက်နေသည်။ သူ၏ အရင် ခန္ဓာကိုယ်က ယခုအချိန်အထိ မသေသေးဘူးလား။

The Resurrected Emperor (Complete - Bl)Where stories live. Discover now