C - 2

8K 439 16
                                    

အခန်း | ၂ |

စောစောစီးစီး ဆူညံသံတွေကြောင့် ဟန်သာ မိသားစု၏ သခင်လေးက အိပ်ရာထက်မှ စိတ်မကြည်မသာဖြင့် နိုးထလာသည်။ အချိန်ကို သိလို၍ ခေါင်းရင်းထက်တွင် ချိတ်ဆွဲထားသည့် ဥဒေါင်းတစ်ကောင် အတောင်ပံဖြန့်ကာ တွန်းကျူးနေသည့် ပုံထုလုပ်ထားသည့် ကျွန်းသား နာရီကို ကြည့်လိုက်တော့ အချိန်က နံနက် ငါးနာရီမျှပင် ရှိ​သေးသည်။

လူငယ်လေးက ယခုဆိုလျှင် အသက် ငါးနှစ်ပင် ရှိပြီ ဖြစ်၏။ ရွှေပေါ်မြတင် မွေးဖွားလာပြီး၊ နေပြောက်မထိုးအောင် ပိုးအိမ်ကဲ့သို့ဥ၍ စောင့်ရှောက်လာသည့်အတွက် လူငယ်၏ အသားအရည်တို့က ထိရက်စရာ မရှိ။ နူးညံ့ညက်ညောနေပုံရပြီး နှုတ်ခမ်းသားတို့က နီရဲကာ ရွှန်းစို၍ နေသည်။ မျက်လုံးကလေးများက ကြည်လင် ဝိုင်းစက်နေပြီး ထိုးမျက်လုံးတို့က ဖန်လုံးကလေးများနှယ် တဖိတ်ဖိတ် တောက်ပလျက်လည်း ရှိလေ၏။

" မေမေ... မေမေ "

အိပ်ရာနိုးလျှင်နိုးခြင်း စိတ်မကြည်ရသည့်အထဲ သူ့အနီးအနားတွင် သူ၏ အမေ,မရှိနေသည့် အတွက်ကြောင့်လည်း သူ့မျက်မှောင်တို့က တဖြည်းဖြည်း ကြုတ်၍ လာသည်။ သူ့အသံကိုကြားတော့ သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးက အခန်းထဲသို့ လျှင်မြန်စွာ ပြေးဝင်၍ လာပြီးနောက်...

" သခင်လေး... သခင်လေး ဘာများအလိုရှိလို့ပါလဲ ကြီးကြီးမြကို ပြောပါ၊ ကြီးကြီးမြ အကုန် လုပ်ပေးမယ်လေ "

" မေမေ... မေမေရော ကိုးငယ် မေမေ့ကို တွေ့ချင်တယ် အခုခေါ်ပေးပါ "

ကလေးငယ်က အစေခံ၏ စကားကို နားမဝင်ဘဲ သူ့အမေကိုသာ တမ်းတ၍ နေ၏။ ထိုအခါ အစေခံ မိန်းမကြီးသည် သူမ၏ ခေါင်းကို အသာကုတ်လိုက်ပြီး...

" သခင်လေး မေမေက အောက်ထပ်မှာ ရှိပါတယ်၊ သခင်လေး စားဖို့အတွက် ပြင်ဆင်နေတာပေါ့၊ သခင်လေးက ဆူညံနေရင် တော်ကြာ မမကြီးလာရင် သခင်လေးကို ဆူနေအုံးမယ် "

" မသိဘူး မသိဘူး... ကိုးငယ် မသိဘူး၊ ကိုးငယ် မေမေ့ကိုပဲ လိုချင်တယ်၊ မေမေ မေမေ ဘယ်မှာလဲ ကိုးငယ်ကို လာခေါ်ပါ "

My Lawless Lawyer (Complete - BL)Where stories live. Discover now