C - 37

3.2K 194 24
                                    

(unicode)

အခန်း | ၃၇ |

မြို့ပြည၏ အငွေ့အသက်က လူတိုင်းကို တက်ကြွလန်းဆန်းစေသည်။ မိုးထက်မြင့် အဆောက်အအုံများစွာနှင့် မီးရောင်စုံတို့က မြို့ပြ၏ အငွေ့အသက်ကို ထင်ရှား သရုပ်ပြလျက်ရှိ၏။ ကားများနှင့်လူများ​က ဟိုမှသည်မှ ပြေးလွှားမောင်းနှင်နေပြီး အချိန်လင့်သော်လည်း မြို့ပြ၏ သရုပ်သကန်ပီသစွာ ယခုအချိန်အထိ သွားလာလှုပ်ရှားနေဆဲပင်။

လမ်းမီးတိုင်များသည်လည်း လင်းချင်းလျက်ရှိနေပြီး မာကျူရီမီးများ၏ အောက်၌ ကားအလာရပ်စောင့်သူများ လူအလာ ငေးမျှော်သူများဖြင့်လည်း ခြေချင်းလိမ်လျက် ရှိသည်။ ညစျေးသည်များနှင့် အိမ်ရာမဲ့ ကလေးငယ်များသည်လည်း ထိုလူများအကြားတွင် ရောလျက်ပါဝင်နေသေး၏။ မြို့ပြသည် မြို့ပြပီသစွာဖြင့် သစ်လွင်လျက်ကား ရှိနေလေသည်။

မှိုင်းသိဂ္ဂါကိုသည် လက်တစ်ဖက်မှ ကားကိုမောင်းနေရင်း ကျန်လက်တစ်ဖက်မှ ဖုန်းကိုကိုင်ကာ ရင်းနှင်းသော နံပါတ်တစ်ခုကိုသာ အကြိမ်ကြိမ် ခေါ်ဆိုလျက် ရှိသည်။ သို့သော်လည်း သူကြားချင်သည့် အသံအစား ကြားခံဟော့လိုင်းဌာနမှ ဝန်ထမ်းအမျိုးသမီး၏ အသံကိုသာ ထပ်တလဲလဲ ကြားနေရ၏။ သူ့ရင်သည် မီးခဲတမျှ ပူပြင်းလောင်မြိုက်၍နေလေသည်။

” လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ လိုင်းမအားသေးပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပေးပါရှင်၊ Sorry, the number you've dieled is busy now. Please try later. ”

ကိုင်မည့်သူမရှိသည့်ဖုန်းကို သူက အကြိမ်ကြိမ် ခေါ်နေမိသည်။ ပေးလို့ရမည်ဆိုလျှင် သူ့ကိုယ်သူပင် ဇွဲဆုတစ်ခု ပေးလိုက်ချင်ပါသည်။ အကြိမ်အရေအတွက်ကိုပင် မမှတ်မိနိုင်တော့လောက်အောင် သူက တစ်ဖက်လူကို ခေါ်ဆိုနေခြင်း ဖြစ်သည်။ သို့သော် ထိုအရာကိုသူက တစ်ဖက်လူအားလည်း အပြစ်ဖို့ရန် အခွင့်အရေးပင် မရှိချေ။ ထိုသို့ဖြစ်အောင် သူ့အပြုအမူကြောင့်ပင် ဖြစ်သွားခဲ့ရသည်မဟုတ်ပါလား။

သူက သက်ပြင်းကို ခပ်ဖွဖွ ချလိုက်သည်။ ထို့နောက်တွင် ဖုန်းနံပါတ်များ၏ ထိပ်ဆုံး၌ရှိနေသော ယင်းနံပါတ်ကို သူက ထပ်မံ၍ ခေါ်ဆိုလိုက်သည်။ သည်တစ်ခါတွင်တော့ ကံကောင်းစွာဖြင့် သူ့ဖုန်းကိုတစ်ဖက်မှ ကိုင်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းက တွန့်ချိုးသွားပြီး အနည်းငယ် နောင်တရနေသောလေသံဖြင့် ပြောလိုက်လေသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now