C - 31

3.9K 260 39
                                    

(unicode)

အခန်း | ၃၁ |

ကိစ္စအားလုံး ပြီးပြတ်သွားသည့်နောက် သူပြန်ရောက်တော့ အချိန်ကား အတော်လင့်နေပြီ ဖြစ်သည်။ Lift အတွင်း၌ ငိုက်မြည်းမှုပင် ဖြစ်ခဲ့ပြီး တစ်နေ့တာလုံးက သူ့အတွက်တော့ စိတ်ရောကိုယ်ပါ ပင်ပန်းသော နေ့တစ်နေ့လည်း ဖြစ်၏။ အိမ်ရှေ့ရောက်တော့ အခန်းသော့ကို ဖွင့်ရင်း ဖိနပ်စင်၌ ဖိနပ်ချွတ်ကာ အဝတ်လဲရန်အတွက် အခန်းထဲသို့ ဝင်လိုက်သည်။

အိပ်ခန်းသို့ ဝင်ရန်အတွက် ခြေလှမ်းလိုက်သည့် သူ့ခြေလှမ်းတို့က ခေတ္တခဏ ရပ်သွားသည်။ အခန်းတွင်းမီးက ပွင့်နေပြီး သူ့အိပ်ခန်းတွင်း ပစ္စည်းပစ္စယများက ပုံစံပျက်ယွင်း၍ နေ၏။ သူက စည်းကမ်း ရှိသည်ဆိုခြင်းထက် ပစ္စည်းများကို ယူရလွယ်အောင် ထားသည့်နေရာ၌သာ ပုံစံမပျက် ထားတတ်သည်။ ယခု အိပ်ခန်းမီးက ပွင့်နေပြီး အိပ်အခင်းများက အနည်းငယ် တွန့်လိပ်ကာနေ၏။

သူက သတိအပြည့် ဖြစ်သွားသည်။ သူ့လက်တို့က စားပွဲပေါ်တင်ထားသည့် ညအိပ်မီးအိမ်ကို ကိုင်၍ ပွင့်နေသော ရေချိုးခန်းဆီသို့ လှမ်းသွားကာ သတိဖြင့် ကြည့်လိုက်သည်။ သို့သော်ကား မည်သူမျှ ရှိနေခြင်း မရှိ။ သူ့မျက်မှောင်တို့က တွန့်ချိုးသွားပြီး ပွင့်နေသော ရေခေါင်းကို ပိတ်၍ အပြင်သို့ ထွက်လိုက်သည်။

နေရာ၌သာ ရပ်နေပြီး အချိန်အတော်ကြာ မည်သည့် လှုပ်ရှားမှုမှ မရှိသည့်အတွက် သူက စိတ်ထင်နေသည်ဟုသာ တွေးလိုက်ပြီး မီးအိမ်ကို ပြန်ချ၍ အဝတ်ချွတ်ရန်အတွက်သာ တွေးလိုက်၏။ ကြယ်သီးကို တစ်လုံးချင်းဖြုတ်ပြီး သူက အပေါ်အဝတ်ကို ခုတင်ပေါ်သို့ ပစ်တင်လိုက်သည်။

ခါးပတ်ကို ချွတ်မည်အပြု အနောက်မှ လိုက်ကာက ရွေ့လာပြီး လှုပ်ရှားမှုတစ်ခုကို သတိထားမိလိုက်သည့်နောက် သူက အနောက်သို့ လှည့်ရန် ကြိုက်စားလိုက်သည်။ သို့သော် တစ်ဖက်မှ လူက သူ့ထက် လက်ဦးမှုရရှိသွားပြီး သူ့အား မလှုပ်နိုင်အောင် သိုင်းဖက်ထားခြင်းကို ခံလိုက်ရသည်။ သူက တစ်ချက်ငြိမ်သက်လိုက်ပြီး တစ်ဖက်လူ အားလျှော့သွားသည့်အခါမှ ထိုလူကို ခုတင်ပေါ်သို့ ကိုယ်နှင့်ယိမ်းကာ တွန်းထုတ်လိုက်လေသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now