C - 24

4.5K 273 37
                                    

(unicode)

အခန်း | ၂၄ |

သူရနှင့် ကေသီက နေကိုးဟန်သာ၏ အခန်းတွင်း အပြင်အဆင်နှင့် အိမ်ပတ်ပတ်လည်ကို ငေးမောစွာ လိုက်ကြည့်ကြသည်။ အရာဝတ္ထုအားလုံးက အဖိုးတန်ပေ့ဆိုသည့် ပစ္စည်းများကိုသာ သုံးထားပြီး လက်သုတ်ဝတ်သည်ပင် LV တံဆိပ်ဆိုလျှင် လွန်ရာကျမည်။

သို့သော် ထိုအရာက အမှန်တကယ်တမ်း အသုံးပြုထားခြင်း ဖြစ်လေရာ သူရနှင့်ကေသီက နေကိုးဟန်သာ၏ ချမ်းသာမှုကို သြချ၍ ယူရသည်။ အချိန်အတော်ကြာခန့် မင်သက်ပြီးနောက်မှ သူတို့က လာရင်း ကိစ္စကို သတိရလိုက်ကြသည်။ နေကိုးဟန်သာသည် ခေါင်းတွင် ပတ်တီးစည်းထားပြီး လက်နှင့် တံတောင်တွင် အနာကပ်တိတ်များကို ကပ်ထားသည်။

သို့သော်လည်း သူက မီးဖိုချောင်ဝင်နေပြီး သေသပ်စွာ ချက်ပြုတ်နေသည်။ သူ့ရှေ့မှ အိုးသည် အငွေ့တထောင်းထောင်း ထနေပြီး ရနံ့က လူကို လန်းဆန်းစေသည်။ သူရသည် နေကိုးဟန်သာ၏ အနားသို့ ကပ်သွားပြီး ဟင်းအိုအား ကြည့်သည်။ ထို့နောက်...

” ဆရာ အဲတာ ဘာဆန်ပြုတ်လဲ၊ အနံ့က တကယ်ပဲ ဗိုက်ဆာလာပြီ နည်းနည်းလောက် မြည်းကြည့်လို့ ရမလား ”

” မရဘူး အဲတာ မင်းအတွက် မဟုတ်ဘူး ”

နေကိုးဟန်သာက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ ထိုအခါ သူရသည် ဇက်ကလေးပုသွားပြီး ရှက်ပြုံးပြုံးသည်။ ကေသီကတော့ ဝမ်းသာသည့် ပုံစံဖြင့် သူရအားကြည့်ကာ ခေါင်းကို ခပ်သွက်သွက် ညိတ်ပြသည်။

နေကိုးဟန်သာသည် ဆန်ပြုတ်ကို ကြွေပန်းကန်လုံးထဲသို့ ထည့်၍ အောက်မှ ကြွေပန်းကန်ပြားကို ခံကာ ဘေးတွင် ကြွေဇွန်းကို အသာတင်လိုက်သည်။ ထို့နောက် လက်သုတ်ပုဝါ အသင့်ထည့်ထားသော လင်ဗန်းထဲသို့ ဆန်ပြုတ်ပန်းကန်ကို ထည့်လိုက်သည်။ ထို့နောက် ကေသီနှင့်သူရအား ကြည့်လိုက်ပြီး...

” မင်းတို့ ဒီကို ဘာလာလုပ်တာလဲ ”

” ... ”

” ကိစ္စမရှိဘူး ဆိုရင်လည်း ပြန်တော့ ”

” ခင်ဗျာ... ဆရာ ကျွန်တော်တို့က ဆရာတို့ အဆင်ပြေမလားဆိုပြီး လာကြည့်တာလေ ”

My Lawless Lawyer (Complete - BL)Where stories live. Discover now